တပ်မတော်စစ်ကြောင်း ချောင်းပစ်ခတ်ခံရသဖြင့် စစ်သည်တချို့ ကျဆုံး
DVB
·
March 6, 2016
မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တစ်လျှောက် ခြံစည်းရုံး ကာရန်နေတဲ့အဖွဲ့ကို တပ်မတော် စစ်ကြောင်းတွေက လုံခြုံရေးဆောင်ရွက်ပေးစဉ် ရက္ခိုင့်တပ်မတော် (အေအေ) တပ်ဖွဲ့က ချောင်းမြောင်းပစ်ခတ်ခဲ့လို့ တပ်မတော်သား တချို့ ထိခိုက် ကျဆုံးမှုတွေရှိတယ်လို့ စစ်တပ်ပိုင် မြ၀တီသတင်းကထုတ်ပြန်ပါတယ်။
အေအေ တပ်ဖွဲ့ဝင်တွေဟာ နှစ်နိုင်ငံ နယ်စပ် နယ်ခြား မှတ်တိုင်တွေကြားမှာ ဖေဖော်ဝါရီ ၂၇ ရက်၊ မတ်လ ၁ ရက်နဲ့ မတ်လ ၃ ရက်နေ့တွေမှာ လောင်ချာတွေ၊ လက်နက်ငယ်တွေနဲ့ တိုက်ခိုက်ပြီး တဖက်နိုင်ငံထဲကို ဆုတ်ခွာ ထွက်ပြေးခဲ့တယ်လို့ ဆိုပါတယ်။
အေအေအဖွဲ့ကို ချေမှုန်းနိုင်ဖို့အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ သံတမန်နည်းအရ ဆက်သွယ် ဆောင်ရွက်နေတယ်လို့လည်း မြ၀တီသတင်းမှာ ဖော်ပြပါတယ်။
ရက္ခိုင့်တပ်မတော်ကတော့ မတ်လ ၃ ရက် ညနေ ၆ နာရီနဲ့ ၈ နာရီအချိန်မှာ ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့ မိုင်တိုင်အမှတ် ၆၃/၆၄ နားမှာ တိုက်ပွဲနှစ်ကြိမ်ထပ်မံဖြစ်ပွားပြီး တိုက်ပွဲမှာ မြန်မာစစ်တပ်ဘက်က ၃၀ ကျော် ကျဆုံးပြီး အများအပြား ဒဏ်ရာရတယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒီတိုက်ပွဲတွင်း နှစ်ဖက်ထိခိုက်ကျဆုံးမှု အရေအတွက်နဲ့ ပတ်သက်ပြီး ဒီဗွီဘီက သီးခြား အတည်ပြု ချက်ရယူနိုင်ခြင်းမရှိသေးပါဘူး။