ဘန်ကောက် ကူးတို့ မော်တော်အင်ဂျင်ပေါက်ကွဲ အနည်းဆုံး လူ ၅၀ ဒဏ်ရာရ

1K
ထိုင်းနိုင်ငံ မြို့တော်ဘန်ကောက်မှာ မတ် ၅ ရက်နေ့က ကူးတို့ မော်တော်က ဂတ်စ်သုံး အင်ဂျင် ပေါက်ကွဲလို့ လူအနည်းဆုံး ၅၀ ဒဏ်ရာရသွားပါတယ်။
မနက် ၆ နာရီကျော် ဘန်ကောက် ရန်ကဟန် လမ်းသွယ် ၃၉ နားက သပ်လီလာ ဘုန်းတော်ကြီးကျောင်းအနီးမှာ ဖြစ်ပွားခဲ့တာလို့ ထိုင်းဘန်ကောက်ပို့စ်သတင်းက ရေးပါတယ်။
ဘန်ကောက်အရှေ့ပိုင်း ဆင်ခြေဖုံးက ခရီးသည်တွေကို စက်လှေက သယ်ဆောင်ပေးနေတယ်လို့ ဆိုပါတယ်။
ဟူးမတ်ရဲဌာန အကြီးအကဲ ဆာရာယွတ်ချန်နာဝပ်ကတော့ လူ ၆၇ ဦးဒဏ်ရာရပြီး ၂ ဦးက ဒဏ်ရာက ပြင်းထန်တယ်လို့ ထိုင်း သတင်းဌာနတွေကို ပြောပါတယ်။
ဧရာဝဏ်အရေးပေါ် ဆေးကုသရေးဌာနကတော့ ၅၈ ဦး ဒဏ်ရာရတယ်လို့ မနက် ၁၀ နာရီလောက်မှာ ပြောခဲ့ပါတယ်။
ရဲတပ်ဖွဲ့ရဲ့ ဓာတ်ပုံတွေအရတော့ မော်တော်ဟာ ပေါက်ကွဲသွားပေမယ့် တစုံတရာ မထိခိုက်သလို မော်တော်သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေကတော့ သပ်လီလာ ဘုန်းတော်ကြီးကျောင်းအနီးကလွဲပြီး ပုံမှန်အတိုင်းဖြစ်နေတယ်လို့ သတင်းက ဆိုပါတယ်။
ပေါက်ကွဲမှုကတော့ ဓာတ်ငွေ့ယိုစိမ့်ရာကနေ ဖြစ်ပွားတယ်လို့ မြို့ပြ ရဲတပ်ဖွဲ့ ဗျူရို အကြီးအကဲကို ကိုးကားပြီးသတင်းက ရေးပါတယ်။
ပေါက်ကွဲမှု ဖြစ်ပွားတဲ့မော်တော်ဟာ မိသားစု သယ်ယူပို့ဆောင်ရေး (၂၀၀၂) ကုမ္ပဏီက ဖြစ်ပြီး ဆရီဘန်ရန် ဆိပ်ကမ်းကနေ ပသုနန်းကို ပြေးဆွဲနေတာ ဖြစ်ပါတယ်။
ဆေးကုသမှုအားလုံးကို တာဝန်ယူမယ်လို့ ကုမ္ပဏီ စီမံခန့်ခွဲရေး ညွှန်ကြားရေးမှူးက ပြောပါတယ်။
ဆရန်စက် တူးမြောင်းထဲမှာ မိသားစု သယ်ယူပို့ဆောင်ရေး ကုမ္ပဏီက မော်တော် အစင်း ၇၀ နဲ့ ပြေးဆွဲနေပါတယ်။