မြောက်ကိုရီးယား ဒုံးကျည်အမြောက်အမြား ပစ်ခတ်လေ့ကျင့်မှု ကင်မ်ဂျုံအန်း စီမံကွပ်ကဲ

ဓာတ်ပုံ - ရိုက်တာ
1.1K
မြောက်ကိုရီးယားက အသစ်တီထွင် ထုတ်လုပ်ထားတဲ့ ဒုံးကျည်အမြောက်အမြားကို တပြိုင်နက် ပစ်လွှတ်နိုင်တဲ့ ပစ်စင်ကို ပစ်ခတ်လေ့ကျင့်မှုအတွင်း ခေါင်းဆောင် ကင်မ်ဂျုံအန်းက စီမံကွပ်ကဲနေတယ်လို့ မြောက်ကိုရီးယား အစိုးရမီဒီယာ ကေစီအန်အေက မတ်လ ၄ ရက်နေ့မှာ ပြောပါတယ်။
မြောက်ကိုရီးယားကို ရန်သူတွေရဲ့ ခြိမ်းခြောက်မှု တိုးလာခဲ့ရင် နျူ ကလီးယားလက်နက်ကို အချိန်မရွေးသုံးဖို့ အသင့်ပြင်ထားဖို့လည်း အမိန့်ထုတ်ထားတယ်လို့ ပြောပါတယ်။
မတ်လ ၂ ရက်မှာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက မြောက်ကိုရီးယားရဲ့ နျူကလီးယား အစီအစဉ်ကြောင့် ပိုပြင်းတဲ့ ဒဏ်ခတ်မှုအသစ် ချမှတ်အပြီး ကိုရီးယားကျွန်းဆွယ်မှာ တင်းမာမှုတွေ ထပ်တိုးလာခဲ့တာလို့ ကေစီအန်အေက မှတ်ချက်ပြု ပြောဆိုပါတယ်။
စစ်ရေးလေ့ကျင့်မှု ဘယ်နေ့ကလုပ်တယ်ဆိုတာတော့ မပြောပါဘူး။
ဒါပေမယ့် လက်နက်သစ်တွေက တောင်ကိုရီးယားကို ရောက်နိုင်တယ်လို့ ပြောပါတယ်။
နိုင်ငံတော် ကာကွယ်ရေးအတွက် နျူကလီးယား ထိပ်ဖူးတွေရဖို့ လိုအပ်တယ်လို့ ကင်မ်က ဖိအားပေး ပြောပြီး နျူကလီးယား တပ်အင်အားကို အရည်အချင်းရော အရေအတွက်ပါ တိုးမြှင့်ထားသင့်တယ်လို့လည်း ပြောကြောင်း ကေစီအန်အေက ကိုးကား ဖော်ပြပါတယ်။
မြောက်ကိုရီးယားဟာ အရင်ကလည်း ကြိုတင်ကြေညာမှု မလုပ်ဘဲ တောင်ကိုရီးယား၊ ဂျပန်နဲ့ အမေရိကန် အပါအဝင် ရန်သူတွေကို တိုက်မယ်လို့ ခြိမ်းခြောက်ခဲ့ဖူးပါတယ်။
စစ်ရေးပညာရှင်တွေကတော့ မြောက်ကိုရီးယားက အမေရိကန်ထိ ရောက်နိုင်တဲ့ နျူကလီးယား ထိပ်ဖူးတပ် တာဝေးပစ် ဒုံးကျည်ကို လုပ်နိုင်စွမ်းအပေါ် သံသယရှိနေကြပါတယ်။
မြောက်ကိုရီးယားဟာ မတ်လ ၃ ရက်နေ့ကလည်း အရှေ့ပင်လယ်ထဲကို ကျည်ဖူးအတော်များများ ပစ်ခတ်ခဲ့တယ်လို့ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက ပြောခဲ့ပါတယ်။
တောင်နဲ့ မြောက်ကိုရီးယား ၂ နိုင်ငံဟာ ၁၉၅၀-၅၃ ကိုရီးယားစစ်ပွဲကို အပစ်အခတ် ရပ်စဲခဲ့ပေမယ့် ငြိမ်းချမ်းရေးစာချုပ် မချုပ်ရသေးတာကြောင့် သဘောတရားအရ စစ်ပွဲ ဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။