Home
မြန်မာသတင်း
သူရဦးတင်ဦး သမ္မတလောင်းမဖြစ်နိုင်၊ ဆရာဝန်များထဲမှ ဖြစ်နိုင်ခြေရှိဟု ဦးဝင်းထိန်ပြော
DVB
·
March 4, 2016
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက သူရဦးတင်ဦး သမ္မတလောင်းမဖြစ်နိုင်ကြောင်းနဲ့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ဦးညီပုကို ရွေးချယ်ထားကြောင်း ပါတီပြောခွင့်ရသူ ဦးဝင်းထိန်က ပြောပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တိုင်းနဲ့ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ် ၁၄ ဦးအနက် ပထမ ဆုံး ရခိုင်ပြည်နယ် ၀န်ကြီးချုပ်အမည်စာရင်းကို ပထမဆုံးထုတ်ဖော်ပြောဆိုမှာဖြစ်ပါတယ်။ ဒီကနေ့ မနက်က နေပြည်တော်ရှိ  ဒေါ်အောင်ဆန်းစုကြည်ရဲ့ နှင်းဆီအိမ်မှာ အန်အယ်လ်ဒီ ထိပ်တန်းခေါင်းဆောင်တွေဖြစ်တဲ့  ဦးဝင်းထိန်၊ ဦးဝင်းမြင့်၊ ဒေါက်တာ မျိုးအောင်၊ ဒေါက်တာဇော်မြင့်မောင်တို့ ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံပြီးနောက် ဦးဝင်းထိန်ကမီဒီယာတွေကို ပြောကြားခဲ့တာပါ။ “၀န်ကြီးချုပ်ကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရွေးကောက်ပွဲက နိုင်တဲ့ပါတီပဲခန့်ရမယ်။ ရခိုင်မှာဆိုလို့ရှိရင် ကျနော်တို့က လူနည်းစုဆိုသော်လည်းပဲ  ဦးညီပုက ၀န်ကြီးချုပ်ဖြစ်မယ်။ ဒါကတော့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ကပြောပြီးပြီ။ တခြားပြည်နယ်တွေမှာလည်း ကျနော်တို့ လုပ်ထားပြီးသား ဒါပေမယ့် ဘယ်သူဆိုတာတော့ မပြောသေးဘူး။ ရှုပ်ထွေး ကုန်မယ်။  တခုရှိတာက ရခိုင်လို ရှမ်းလို့နေရာမျိုးမှာ ကျနော်တို့က အားနည်းတယ်။  အား နည်းတော့ အားကောင်းတဲ့ ပါတီတွေက ပုဂ္ဂိုလ်တွေလည်း ကျနော်တို့က ထည့်ပြီး စဉ်းစား တယ်။” အဖွဲ့ချုပ်က အမည်စာရင်းတင်သွင်းဖို့ လျာထားတဲ့ သမ္မတလောင်းတွေနဲ့ ပတ်သက်ပြီးလည်း  ဦးဝင်းထိန်က “ဦးတင်ဦးအစား ကျနော်တောင် ပိုဖြစ်နိုင်သေးတယ်။ ဆရာဝန်လား၊ အန်အယ်ဒီလွှတ်တော်ကိုယ်စားလှယ်ထဲမှာ ဆရာဝန် ၇၀ လောက်ရှိတယ်။ (စီအီးစီဆရာဝန်ထဲကလည်း)ဖြစ်နိုင်ပါတယ်။ ”လို့ပြောပါတယ်။ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်နဲ့ ရန်ကုန်တိုင်းဝန်ကြီးချုပ်နေရာတွေ အတွက် စစ်တပ်က တောင်းထားတယ်ဆိုတဲ့ သတင်းတွေကို မဟုတ်မှန်ကြောင်း ဦးဝင်းထိန်က ငြင်းဆိုသွားပါတယ်။ လာမယ့် မတ်လ ၁၀ ရက်နေ့ သမ္မတလောင်းတွေ ရွေးချယ်မယ့် လွှတ်တော် အစည်းအဝေး မတိုင်ခင် မတ်လ ၆ ရက်နေ့မှာ အန်အယ်လ်ဒီပါတီရဲ့ ဗဟို အလုပ်အမှုဆောင် အစည်းအဝေးကျင်းပမယ်လို့ ဦးဝင်းထိန်က ပြောပါတယ်။ ရခိုင်ပြည်နယ်မှာ ကိုယ်စားလှယ်အများစုရရှိထားတဲ့ ရခိုင်အမျိုးသားပါတီက ပြည်နယ်အစိုးရ ၀န်ကြီးချုပ်တာဝန်ပေးဖို့ မီဒီယာတွေကနေ သဘောထား ထုတ်ပြောထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024