နှစ်ပေါင်း ၅၀ ကြာ ဘီလူးချောင်း ရေအားလျှပ်စစ်စက်ရုံ ပြန်လည်ပတ်မည်
DVB
·
March 4, 2016
လွန်ခဲ့တဲ့ ဆယ်စုနှစ်ငါးခုကြာ ကာလကတည်းက ရှိခဲ့တဲ့ ဘီလူးချောင်း ရေအားလျှပ်စစ်စက်ရုံကို အပြည့်အ၀ ပြန်လည်ပတ်တော့မယ်လို့ သက်ဆိုင်ရာ သတင်းထုတ်ပြန်ချက်ကို ကိုးကားပြီး ဆင်ဟွာသတင်းမှာ မတ် ၃ ရက်နေ့က ဖော်ပြပါတယ်။
စက်တပ်ဆင်စွမ်းအား ၂၈ မဂ္ဂါဝပ်ရှိတဲ့ စက် ၆ လုံး တပ်ဆင်အသုံးပြုရတဲ့ အဲဒီစက်ရုံကနေ စုစုပေါင်း ၁၆၈ မဂ္ဂါဝပ်ကို ဓာတ်အားစနစ် ပို့လွှတ်နိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။
လျှပ်စစ်စွမ်းအားဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်အရ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မှာ ကယားပြည်နယ်တွင်း လျှပ်စစ်ဓာတ်အားပေးဖို့ လျာထားတဲ့ ကျေးရွာ ၁၁၄ ရွာမှာ ၄၁ ရွာကို လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်ခဲ့ပြီး ကျန် ၇၃ ရွာကိုလည်း လျှပ်စစ်မီး ရရှိနိုင်ဖို့ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဖော်ပြပါတယ်။
မြန်မာနိုင်ငံမှာ သုံးစွဲနေတဲ့ လျှပ်စစ်ဓာတ်အားကို ရေအားလျှပ်စစ်၊ သဘာဝဓာတ်ငွေ့၊ ဒီဇယ်၊ ကျောက်မီးသွေးစွမ်းအင်တွေကနေ ထုတ်ယူနေတာဖြစ်ပြီး ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မှာ ၅၂၃၅ မဂ္ဂါဝပ် ထုတ်လုပ်ပေးနိုင်ပြီး ၂၀၁၀-၂၀၁၁ ဘဏ္ဍာနှစ်မှာ ၃၄၁၃ မဂ္ဂါဝပ်ကို ထုတ်လုပ်နိုင်ခဲ့တဲ့အတွက် ဒီ ၅ နှစ်တာကာလတွင်းမှာ နိုင်ငံရဲ့ ၃၄ ရာခိုင်နှုန်းကို လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။