နှစ် ၂၀ ကျော်အတွင်း တရုတ်စီးပွားရေးတိုးနှုန်း အနှေးကွေးဆုံး ရောက်ရှိ

ဓာတ်ပုံ - အေအက်ဖ်ပီ
မနှစ်က တရုတ်စီးပွားရေးတိုးနှုန်း ၆ ဒသမ ၉ ရာခိုင်နှုန်း ရှိခဲ့လို့ နှစ် ၂၀ ကျော်အတွင်း အနှေးကွေးဆုံးအဆင့်ကို ရောက်ခဲ့ပါတယ်။ တရုတ် ရွှေ့ပြောင်းလုပ်သားတွေနဲ့ လူငယ်တွေဟာလည်း အလုပ်အကိုင်ရှာဖွေဖို့ အလုပ်အကိုင် ပြပွဲတွေကို လာရောက် ကြိုးစားရှာဖွေနေရပါတယ်။ ရင်းနှီးမြှုပ်နှံမှု အခြေပြု တိုးတက်မှုက ဘောင်ကျော်သွားခဲ့ပြီး ပိုပြီး ရေရှည်တည်တံ့မယ့် ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်း လိုအပ်တယ်လို့ တရုတ်အစိုးရက ဝန်ခံထားပါတယ်။ စက်မှုလုပ်ငန်းတွေရဲ့ လုပ်နိုင်စွမ်းကလည်း လွန်နေပြီး အကြွေးပမာဏ မြင့်မားမှုကိုလည်း သိသိသာသာ လျှော့ချဖို့ လိုတယ်လို့ ပြောပါတယ်။ မထိရောက်တဲ့ အစိုးရပိုင် ကဏ္ဍတွေကို ပြန်ဖွဲ့စည်းပြီး ဖောင်းပွနေတဲ့ ကဏ္ဍတွေက အကြွေးပိနေတဲ့ လုပ်ငန်းတွေကို ပိတ်သိမ်းနေလို့ သံမဏိနဲ့ ကျောက်မီးသွေး လုပ်ငန်းတွေမှာ အလုပ်လက်မဲ့ ပြဿနာကို မျှော်လင့်ထားပါတယ်။ တရုတ်အစိုးရဟာ ကျောက်မီးသွေးနဲ့ သံမဏိလုပ်ငန်းတွေမှာ အလုပ်သမား အယောက် ၁ ဒသမ ၈ သန်းကို လျှော့ချဖို့ မျှော်လင့်ထားတယ်လို့ ဖေဖော်ဝါရီ ၂၉ ရက်နေ့က ပြောပေမယ့် အချိန်ဘယ်လောက်အတွင်း လျှော့ချမယ် ဆိုတာကိုတော့ မပြောပါဘူး။ ၂ နှစ်အတွင်း သံမဏိလုပ်ငန်း အပါအဝင် လုပ်ငန်းခွင် အသီးသီးက အလုပ်သမားတွေကို ပြန်လည်နေရာချထားဖို့ အမေရိကန်ဒေါ်လာ ၁၅ ဘီလီယံသုံးမယ်လို့ တရုတ်အစိုးရက ပြောခဲ့ပါတယ်။ တရုတ်အစိုးရက ဘွဲ့ရတွေနဲ့ ရွှေ့ပြောင်းလုပ်သားတွေ စုစုပေါင်း အယောက် သန်း ၂၀၀ လောက်ကို ကိုယ်ပိုင်အလုပ် လုပ်ကြဖို့လည်း တိုက်တွန်းခဲ့ပါတယ်။ ကျေးလက်နဲ့ မြို့ငယ်တွေမှာ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်း စတင်ကြဖို့လည်း ပါပါတယ်။ ဒေသခံအစိုးရတွေက လူမှုရေး တည်ငြိမ်စေဖို့ ခေါင်းစဉ်အောက်မှာ စီးပွားရေး လုပ်ငန်းပိုင်ရှင်တွေကို ဝန်ထမ်းလျှော့ချတာတွေ မလုပ်ကြဖို့ ဖိအားပေးထားပါတယ်။

More News
Up