မိသားစုရေကူးကန်တွင်း ၉ ပေအရှည်ရှိ မိကျောင်းတကောင်တွေ့ (ရုပ်သံ)

2.5K
အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါပြည်နယ်၊ လိတ်ခ်လန်းဒ်မြို့မှ မိသားစုရေကူးကန် တကန်တွင်းမှာ ၉ ပေအရှည်ရှိတဲ့ မိကျောင်းတကောင်ကို တွေ့ရှိခဲ့တယ်လို့ ယူပီအိုင်သတင်းမှာ ဖေဖော်ဝါရီ ၂ ရက်နေ့က ဖော်ပြပါတယ်။
ရေကူးကန်ထဲက မိကျောင်းကို ဆွဲတင်ကာ အိမ်ရှေ့ပေါ်တီကိုအောက်မှာ ထားရှိခဲ့တဲ့ ရုပ်သံဗွီဒီယိုဖိုင်ကို အိမ်ရှင် လော်ရာလီယာ အမည်ရတဲ့ အမျိုးသမီးက ဖောက်စ်-၁၃ ရုပ်သံသတင်းမှာ မျှဝေခဲ့တာပါ။
သူ့ရဲ့ခင်ပွန်းဖြစ်သူ ခရိတ်ဂ်ျလီယာက “ကျနော် ရေကူးကန်ထဲမှာ ပူစီဖောင်းလေး တလုံးလို မြင်ခဲ့ရတယ်။ အဲဒါနဲ့ ကျနော်က ဒါဟာ ဂေါက်သီးတလုံးဖြစ်မယ်လို့ ထင်ပြီး အဲဒီနေရာကို သွားကြည့်ခဲ့တော့ ဂေါက်သီးကို မတွေ့ရဘူး။ ရေအနက်ထဲကို ကြည့်လိုက်တော့ မိကျောင်းကြီးဖြစ်နေတာ တွေ့ခဲ့ရတာပါ” လို့ ပြောပါတယ်။
သူတို့ဟာ မိကျောင်းကို ကန်ထဲက ဖမ်းဆီးဖယ်ထုတ်နိုင်သူ တဦးကို ခေါ်ခဲ့ရတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
လော်ရာလီယာက “သူ(မိကျောင်းဖမ်းတဲ့သူ)က ကြိုးကွင်းပစ်ပြီး ဖမ်းခဲ့ရတာပါ။ ဒါဟာ တော်တော့ကို ကြောက်စရာကောင်းပါတယ်” လို့ ပြောပါတယ်။
ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ မိကျောင်းဟာ ရေကူးကန်ထဲမှာ ရုန်းကန်လှုပ်ရှားနေခဲ့ပြီး စွန့်စွန့်စားစား ဆွဲတင်ခဲ့ရတာကို တွေ့ရပါတယ်။