အိန္ဒိယကောင်စစ်ဝန်ရုံး တိုက်ခိုက်သည့် စစ်သွေးကြွများကို အာဖဂန်ရဲ သုတ်သင်

ဓာတ်ပုံ - ရိုက်တာ
အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်းက ဂျလာလာဘတ်မြို့က အိန္ဒိယ ကောင်စစ်ဝန်ရုံးကို လာရောက်တိုက်ခိုက်တဲ့ စစ်သွေးကြွ ၅ ဦးလုံးကို သုတ်သင်လိုက်တယ်လို့ အာဖဂန်ရဲတပ်ဖွဲ့က မတ် ၂ ရက်နေ့က ပြောပါတယ်။ သေဆုံးသွားတဲ့ စစ်သွေးကြွ ၅ ဦးထဲ ၁ ဦးဟာ အသေခံဗုံးခွဲရင်း သူတယောက်တည်း သေဆုံးခဲ့ပြီး ကျန် ၄ ဦးကိုတော့ အာဖဂန်လုံခြုံရေးတပ်ဖွဲ့တွေက ရှင်းလင်းလိုက်တာပါ။ တိုက်ခိုက်မှုအတွင်း ထိခိုက်ဒဏ်ရာရသူ ၉ ဦး ရှိတယ်လို့ အာဖဂန်လုံခြုံရေးတွေက ပြောဆိုပြီး အိန္ဒိယကောင်စစ်ဝန်ရုံးက ၀န်ထမ်းတဦးတယောက်မှ ထိခိုက်ခဲ့ခြင်း မရှိဘူးလို့လည်း ဆိုပါတယ်။ အခုနောက်ပိုင်း ဒီ ဂျလာလာဘတ်မြို့ကို တာလီဘန်တွေရဲ့ ပစ်မှတ်ထား တိုက်ခိုက်မှု ခပ်စိတ်စိတ် ဖြစ်ပွားတာပါ။ ဇန်န၀ါရီလကလည်း အသေခံဗုံးခွဲတိုက်ခိုက်မှု တခုအတွင်း လူ ၁၃ ဦး သေဆုံးခဲ့ပါတယ်။ ဇန်န၀ါရီလထဲမှာပဲ ဂျလာလာဘတ်မြို့မှာရှိတဲ့ ပါကစ္စတန် ကောင်စစ်ဝန်ရုံးနားမှာလည်း တာလီဘန်တွေနဲ့ အာဖဂန်တပ်ဖွဲ့တွေ တိုက်ခိုက်ခဲ့ကြပြီး အာဖဂန်တပ်ဖွဲ့ဝင် ၇ ဦး ကျဆုံးခဲ့ပါတယ်။

More News
Up