တောင်ကြီးတွင် ဆောက်လက်စအုတ်တံတိုင်းပြိုကျ၊ ၂ ဦးသေဆုံး
နန်းမြနဒီ
·
March 3, 2016
ရှမ်းပြည်နယ် တောင်ကြီးမြို့ ဆောက်လုပ်ရေးလုပ်ငန်းခွင်တခုမှာ မတ်လ ၂ ရက် မွန်းလွဲပိုင်းက အုတ်တံတိုင်းပြိုကျပြီး အလုပ်သမား ၂ ဦး သေဆုံးကာ ၈ ဦး ဒဏ်ရာရသွားပါတယ်။
ကျောင်းကြီးစုရပ်ကွက် ဖရဲရွာ နယ်မြေ ၁၂ (မီးပုံးပျံကွင်းအနောက်ဘက်) က ခြံတခြံ မှာ ဆောက်လုပ်ရေးအလုပ်သမားတစု ခေတ္တအလုပ်နားနေစဉ် ဆောက်နေတဲ့ အုတ်တံတိုင်းပြိုကျတာကြောင့် သေဆုံးဒဏ်ရာရကြတာလို့ အခင်းဖြစ်ရာနေရာကို ရောက်ရှိခဲ့သူ တောင်ကြီး အမှတ် ၁ ရဲ စခန်း နယ်ထိန်းရဲ ဦးမျိုးကြီးက ပြောပါတယ်။
“ခြံပိုင်ရှင်က အိမ်ဆောက်ဖို့လုပ်တာပေါ့၊ အရင်ဆုံးအုတ်တံတိုင်းကာတယ်၊ ခြံရဲ့ အနိမ့်ပိုင်းမှာ အလုပ်သမားတွေနေဖို့ ယာယီတဲဆောက်ထားတယ်၊ အမြင့်ပိုင်းမှာ သဲတွေ ဘိလပ်မြေတွေ ပုံထားတယ်၊ အလုပ်သမားတွေ နေ့လယ်စာစားမလို့ နားနေတုန်း အပေါ်က အုတ်နံရံက ပြိုကျလာတာ။ မိုးတွေဘာတွေလည်း မရွာပါဘူး၊ အုတ်နံရံက မခိုင်လို့ပြိုကျတာပါ။ အလုပ်သမား ၂ ယောက်က အဲဒီမှာပဲသေဆုံးတယ်၊ ကျန်တဲ့ ၈ ယောက်က ဒဏ်ရာရတယ်။”
သေဆုံးသူဟာ အသက် ၂၈ နှစ်ရှိ ကိုကျော်စိုးနဲ့ အသက် ၂၁ နှစ်အရွယ်ရှိ ကိုကျော်သူ တို့ဖြစ်ကြပြီး အေးသာယာမြို့ကနေ တောင်ကြီးမှာ လာအလုပ်လုပ်ကြသူတွေဖြစ်ပါတယ်။
ဒဏ်ရာရတဲ့ အမျိုးသား ၆ ဦး၊ အမျိုးသမီး ၂ ဦးတို့ကို တောင်ကြီးမြို့နယ် မီးသတ်ဦးစီးဌာနနဲ့ လူမှုကူညီရေးအသင်းတို့က စ၀်စံထွန်းဆေးရုံကြီးကို ပို့ဆောင်ပေးထားပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး ရဲစခန်းက သေမှုသေခင်းနဲ့ အမှုဖွင့်ထားကာ တံတိုင်းပြိုရတဲ့ အကြောင်းရင်းကို ထပ်မံစစ်ဆေးပြီးမှ အရေးယူဆောင်ရွက်သွားမယ်လို့ နယ်ထိန်းရဲက ပြောပါတယ်။