စကျင်ကျောက်ခဲ ၂၀၀၀ အသုံးပြုပြီး ဂီတဖန်တီးနိုင်သည့်စက် တီထွင် (ရုပ်သံ)

ဆွီဒင်နိုင်ငံသား ဂီတပညာရှင်တဦးဟာ စကျင်ကျောက်ခဲ ၂၀၀၀ အသုံးပြုပြီး ဂီတသံထွက်ပေါ်လာအောင် ဖန်တီးနိုင်တဲ့ စက်တမျိုးကို တီထွင်နိုင်ခဲ့တယ်လို့ ယူပီအိုင် သတင်းမှာ ဖေဖော်ဝါရီ ၂ ရက်နေ့က ဖော်ပြပါတယ်။ အသက် ၃၃ နှစ်အရွယ် မာတင်မိုလင်အမည်ရ အဲဒီအမျိုးသားဟာ ဂီတပညာရှင်တဦး ဖြစ်ပြီး ဒီစက်ကို တီထွင်နိုင်ဖို့ အချိန် ၁၄ လ ကြာမြင့်ခဲ့တယ်လို့ ဆိုပါတယ်။ သူတီထွင်လိုက်တဲ့စက်ဟာ စကျင်ကျောက်ခဲတွေကို လက်နဲ့လှည့်ပြီး ဒရမ်၊ လျှပ်စစ်ပတ္တလား၊ လင်းကွင်းတွေနဲ့ အပြန်အလှန် ထိခတ်ပြီးတော့မှ ဂီတသံစဉ်တွေ ထွက်ပေါ်လာအောင် ဖန်တီးထားတာပါ။ နောက်ဆုံး အပြီးသတ်တီထွင်မှု ပြီးဆုံးချိန်မှာတော့ မိုလင်ဟာ ဒီစက်ကို ဘယ်လိုအသုံးပြုပြီး ဂီတသံတွေ ထွက်ပေါ်လာအောင် ဖန်တီးထားတယ်ဆိုတာကို ပြသတဲ့ ရုပ်သံဗွီဒီယိုဖိုင်ကို သူ့ရဲ့ ဂီတအဖွဲ့ ၀င်တာဂတန်ရဲ့ တရားဝင်စာမျက်မှာမှတဆင့် ယူကျု အင်တာနက်စာမျက်နှာပေါ် တင်ခဲ့တာပါ။ မိုလင်က ဒီစက်ကို တီထွင်ဖို့ အချိန် ၂ လလောက်သာ ကြာမြင့်မယ်လို့ မျှော်မှန်းထားခဲ့ပေမယ့် မမျှော်လင့်ထားတဲ့ ပြဿနာတချို့ကြောင့် ခုလောက်ထိ ကြာသွားခဲ့ရတာ ဖြစ်တယ်လို့ ၀င်တာဂတန် ဂီတအဖွဲ့ရဲ့ အင်တာနက်စာမျက်နှာပေါ်မှာ ရေးခဲ့တာပါ။

More News
Up