အရှိန်ဖြင့်မောင်းနှင်လာစဉ် ကားပေါ်ပါ ကလေးငယ် ကားနောက်ဖုံးမှ ထွက်ကျ (ရုပ်သံ)

တရုတ်နိုင်ငံအရှေ့ပိုင်း၊ ဇူကျိုးခရိုင်မှာ ကားတစီး လမ်းမကြီးပေါ် မောင်းနှင်လာချိန် ကားပေါ်ပါ လမ်းလျှောက်တတ်စ ကလေးငယ်ဟာ နောက်ဖုံးမှတဆင့် လမ်းမပေါ် ထွက်ကျခဲ့တယ်လို့ စီစီတီဗွီသတင်းမှာ ဖော်ပြပါတယ်။ ကလေးငယ်ဟာ လမ်းမပေါ် ငိုယိုပြီး ပြေးလိုက်ခဲ့ပြီး နောက်ကားက အော်ဟစ် သတိပေးတာကို အဲဒီယာဉ်မောင်းက သတိမမူမိဘဲ ထွက်သွားခဲ့တာကို ရုပ်သံဗွီဒီယိုဖိုင်မှာ တွေ့ရပါတယ်။ အဲဒီကားဟာ လမ်းဆုံမီးပွိုင့်မိချိန်မှာ ဘေးကားက ကလေးနောက်မှာထွက်ကျ ကျန်နေခဲ့တာကို ပြောလိုက်မှ ကားပေါ်ပါ ယာဉ်မောင်းအမျိုးသားက နောက်ကြောင်းပြန် လမ်းလျှောက်ပြီး ကလေးကို ပြန်လည်ခေါ်ယူခဲ့ရပါတယ်။ ယာဉ်မောင်းဟာ ကလေးဖြစ်သူရဲ့ အဖိုးတော်စပ်သူဖြစ်ပြီး ကားဟာ လွန်ခဲ့တဲ့ ရက်အနည်းငယ်ကြာက ထိခိုက်မှုရှိခဲ့လို့ နောက်ဘက်အဖုံးကို မပြင်ဆင်ရသေးဘဲ ရှိနေတာဖြစ်တယ်လို့ ဆိုပါတယ်။ သူက “ကလေးက ကားရှေ့ခုံကနေ နောက်ပိုင်းကို ကျော်တက်ခဲ့တာ။ ကျနော့်ကားကလည်း ခုရက်ပိုင်းမှာ တိုက်မိထားလို့ ပြန်မပြင်ရသေးတာ။ နောက်ဖုံးကတဆင့် ထွက်ကျခဲ့တာကို မသိလိုက်ဘူး” လို့ ပြောပါတယ်။ ခုလို ထွက်ကျခဲ့တဲ့အတွက် ကလေးငယ်ဟာ ထိခိုက်ဒဏ်ရာ မရရှိခဲ့ဘူးလို့ သတင်းမှာ ဖော်ပြပါတယ်။

More News
Up