မြောက်ကိုရီးယားက ဖမ်းဆီးခဲ့သည့် အမေရိကန်ကျောင်းသား ရာဇ၀တ်မှု ကျူးလွန်ခဲ့ကြောင်း ၀န်ခံ

ဓာတ်ပုံ - ရိုက်တာ
2K
မြောက်ကိုရီးယားက အမေရိကန်ကျောင်းသားတဦးကို ဝါဒဖြန့် ဆောင်ပုဒ်တွေ ခိုးယူဖို့ ကြိုးစားမှုနဲ့ ပြုံယမ်းဟိုတယ်ကနေ ဇန်နဝါရီလက ဖမ်းဆီးခေါ်ဆောင်ခဲ့တယ်လို့ ပြောလိုက်ပါတယ်။
ကျောင်းသားကလည်း မြောက်ကိုရီးယားအပေါ် ကြီးလေးတဲ့ ရာဇဝတ်မှု ကျူးလွန်မိတယ်လို့ ဝန်ခံခဲ့ကြောင်း မြောက်ကိုရီးယား အစိုးရမီဒီယာက ဖေဖော်ဝါရီ ၂၉ ရက်နေ့မှာ ပြောပါတယ်။
ဗာဂျီးနီးယားတက္ကသိုလ်က အသက် ၂၁ နှစ်အရွယ် ကျောင်းသား အော့တို ဝမ်ဘီယာဟာ တရုတ်နိုင်ငံကိုသွားမယ့် လေယာဉ်ပေါ်မတက်ခင် အဖမ်းခံရတာလို့ သူ့ရဲ့ ခရီးသွားအေဂျင်စီက ပြောပါတယ်။
ခရစ်ယာန်ဘုရားကျောင်း ဝေယျာဝစ္စ ဆောင်ရွက်သူ အမျိုးသမီးတဦးက မြောက်ကိုရီးယားက ဆောင်ပုဒ်ကို အမေရိကန် ဘုရားကျောင်းမှာ တင်ပြနိုင်ရင် ဒေါ်လာ ၁ သောင်းတန် သုံးပြီးသားကားတစီး ပေးမယ်လို့ ကမ်းလှမ်းခဲ့ကြောင်း ဝမ်ဘီယာက ပြုံယမ်းမြို့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောတာကို ကိုးကားပြီး ကေစီအန်အေ သတင်းဌာနက အစီရင်ခံပါတယ်။
ဒီရုပ်သံကို သီးခြား လွတ်လွတ်လပ်လပ် စစ်ဆေး အတည်ပြုနိုင်မှုတော့ မရှိသေးပါဘူး။
ရာဇဝတ်မှုက ဆိုးရွားပြီး ကြိုတင် ကြံစည်ခဲ့တယ်၊ မြောက်ကိုရီးယားရဲ့ လူသားချင်း စာနာတဲ့ ဆက်ဆံပုံကို အထင်ကြီးမိတယ်လို့ ဝမ်ဘီယာက ပြောတယ်လို့လည်း ဆိုပါတယ်။
ဗာဂျီးနီးယားတက္ကသိုလ် ပရဟိတအဖွဲ့ကို ပူးပေါင်းချင်လို့ ဝမ်ဘီယာဟာ အဖွဲ့ဝင် ၁ ဦး တိုက်တွန်းအားပေးချက်ကြောင့် ခုလို လုပ်ခဲ့တာလို့လည်း ကေစီအန်အေက ဆိုပါတယ်။
ဒါပေမယ့် အဲဒီအဖွဲ့နဲ့ ပတ်သက်လို့ တက္ကသိုလ် ဆက်သွယ်ရေးရုံးက အရာရှိကို ဆက်သွယ်လို့ မရသေးပါဘူး။
မြောက်ကိုရီးယားမှာ အဖမ်းခံရတဲ့ တခြား အနောက်နိုင်ငံသားတွေဟာလည်း နိုင်ငံအပေါ် ရာဇဝတ်မှု ကျူးလွန်မိတယ်လို့ အရင်က ဝန်ခံခဲ့ကြဖူးပါတယ်။
မြောက်ကိုရီးယားဟာ နိုင်ငံခြားသားတွေကို ဖမ်းဆီးထိန်းသိမ်းတဲ့ သမိုင်းကြောင်း အရှည်ကြီး ရှိပါတယ်။
တရားဝင် သံတမန်ဆက်ဆံရေး မရှိတဲ့အတွက် ထောင်ချခံ အမေရိကန်နိုင်ငံသားတွေကို သုံးပြီး အမေရိကန်နိုင်ငံကို အဆင့်မြင့် ခရီးစဉ်တွေ သွားရအောင် အတိတ်က ဖန်တီးခဲ့ဖူးတယ်လို့ အနောက်မီဒီယာတွေက အစီရင်ခံပါတယ်။
မြောက်ကိုရီးယားနိုင်ငံကို သွားရောက်လည်ပတ်သူ အများစုဟာ တရုတ်နိုင်ငံကပါ။
အနောက်နိုင်ငံသား အကြမ်းဖျင်း အယောက် ၆၀၀၀ လောက် နှစ်စဉ် သွားရောက်လည်ပတ်လေ့ ရှိပါတယ်။
အမေရိကန်နဲ့ ကနေဒါကတော့ ဒီလို သွားရောက်တာ မလုပ်ဖို့ အကြံပြုထားပါတယ်။