မွေးကင်းစကလေးငယ်ကို သတ်ဖြတ်မှုဖြင့် ကလေးထိန်းအမျိုးသမီးကို ဖမ်းဆီး (ရုပ်သံ)

ရုရှားအစိုးရ စုံစမ်းစစ်ဆေးသူတွေက ကလေးထိန်း အမျိုးသမီးတယောက်ကို ဖေဖော်ဝါရီ ၂၉ ရက်နေ့က ဖမ်းခဲ့ပြီး သူစောင့်ရှောက်ရတဲ့ ကလေးငယ်ကို သတ်ဖြတ်မှုနဲ့ တရားစွဲဆိုလိုက်ပါတယ်။ မော်စကိုမြို့ လူစည်ကားတဲ့ ဘူတာရုံနားမှာ ကလေးရဲ့ ခေါင်းပြတ်လေးကို ဝှေ့ယမ်းနေခဲ့အပြီး သူ့ကို ဖမ်းခဲ့တာပါ။ အမည်မဖော်တဲ့ ကလေးထိန်း အမျိုးသမီးဟာ အလယ်အာရှဒေသက လာတာဖြစ်တယ်လို့ စုံစမ်းစစ်ဆေးသူတွေက ပြောပါတယ်။ စိတ်ကျန်းမာရေး ဆရာဝန်တွေက သူ့ကို စိတ်ပိုင်းဆိုင်ရာ ကျန်းမာမှု ရှိမရှိ စမ်းသပ် စစ်ဆေးနေပါတယ်။ အမျိုးသမီးဟာ သူကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုရဲ့ သိသာထင်ရှားမှုကို နားလည်တယ်လို့လည်း သူတို့က ပြောပါတယ်။ သူက ကလေးရဲ့ ခေါင်းပြတ်ကို လေထဲ ကိုင်မြှောက်ပြီး လမ်းပေါ် လျှောက်သွားနေပုံ ရုပ်သံကိုလည်း လူမှုကွန်ရက် မီဒီယာပေါ်မှာ ဖြန့်ချိခဲ့ကြပါတယ်။ ရဲက သူ့ရဲ့ စာရွက်စာတမ်းတွေကို စစ်ဆေးဖို့ သူ့နား ချဉ်းကပ်ခဲ့လို့ သူက အိတ်ထဲကနေ ကလေးရဲ့ခေါင်းကို ဖယ်ထုတ် တုံ့ပြန်ခဲ့တယ်၊ အဲဒီနောက် မွေးကင်းစကလေးကို သတ်ပြီးပြီလို့ စတင်အော်ဟစ်ခဲ့တယ်လို့ ဒေသခံ မီဒီယာက ပြောပါတယ်။ ရုရှားအခြေစိုက် RBC daily သတင်းဌာနက သတင်းထောက်ကတော့ အဲဒီအမျိုးသမီးက အလာဟူ အက္ကဘာလို့ အော်ဟစ်သံကို ကြားခဲ့တယ်လို့ ပြောပါတယ်။ တခြားရုပ်သံမြင်ကွင်း တခုထဲမှာတော့ အမျိုးသမီးက သူ့ကိုယ်သူ အကြမ်းဖက်သမားလို့ အော်ဟစ်ပြောဆိုနေသံကို ကြားရပါတယ်။ အသတ်ခံရတဲ့ ကလေးဟာ အသက် ၃ နှစ်ကနေ ၄ နှစ်ကြားရှိပြီး ကလေးထိန်းက ကလေးကို မိသားစုရဲ့ မော်စကိုတိုက်ခန်းမှာ သတ်ဖြတ်ပြီးမှ တိုက်ခန်းကို မီးရှို့ ထွက်ပြေးလာခဲ့တာလို့ စုံစမ်းစစ်ဆေးသူတွေက ပြောပါတယ်။ ရာဇဝတ်မှု ကျူးလွန်ရတဲ့ ရည်ရွယ်ချက်ကို မသိရသေးဘူးလို့ သူတို့က ပြောခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up