Home
မေးမြန်းခန်း
အစိုးရသစ်အနေနဲ့ ငြိမ်းစုစီပုဒ်မကို ပထမဦးဆုံးပြင်ဖို့လိုအပ်ပါတယ်-ဦးအောင်မျိုးမင်း
အေးနိုင်
·
March 1, 2016
လာမယ့် ဧပြီလဆန်းကစလို့ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအနိုင်ရပါတီက ဦးစီးတဲ့ အစိုးရတက်တော့မှာဖြစ်ပါတယ်။ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲအနိုင်ရပါတီက တင်မြှောက်တဲ့ လက်ရှိသမ္မတဦးသိန်းစိန်အစိုးရက ၅ နှစ်တာသက်တမ်းကာလအတွင်း သူ့မတိုင်ခင် စစ်ကောင်စီလက်ထက်ကထက် မြန်မာ့လူ့အခွင့်အရေးအခြေအနေကို ဘယ်လောက်ထိ မြှင့်တင်နိုင်ခဲ့သလဲ။ ဘာတွေဆောင်ရွက်ဖို့ ပျက်ကွက်ခဲ့သလဲ။ ၂၀၁၅ အစိုးရလက်ထက်မှာ လူ့အခွင့်အရေးအခြေအနေ တိုးတက်လာနိုင်ခြေနဲ့ ပိုတိုးတက်လာအောင် ဘာတွေ ဆောင်ရွက်သင့်လဲ၊ အကန့်အသတ်တွေက ဘာတွေရှိပြီး ဘယ်လိုကျော်လွှားကြမလဲ စသဖြင့် လူ့အခွင့်အရေးအဖွဲ့ Equality Myanmar ရဲ့ ဒါရိုက်တာ ဦးအောင်မျိုးမင်းကို ဆက်သွယ်မေးမြန်းပါတယ်။ ၂၀၁၀ အစိုးရသက်တမ်း ငါးနှစ်အတွင်း လူ့အခွင့်အရေးနဲ့ပတ်သက်လို့ ထူခြားတဲ့ တိုးတက်မှုဆုတ်ယုတ်မှုတွေထဲက ဘာတွေ သင်ခန်းစာယူနိုင်မလဲ။ “သမ္မတဦးသိန်းစိန်ခေါင်းဆောင်ခဲ့တဲ့ အစိုးရကာလအတွင်းမှာ လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ ပထမဆုံးတိုးတက်မှုလို့ပြောနိုင်တာကတော့ နိုင်ငံတကာက အစဉ်အဆက် တောင်းဆိုခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးခြင်းလို့ ကျနော်ပြောချင်ပါတယ်။ နောက်ထပ်တခုကတော့ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင်ဥပဒေကို ပြဌာန်းပြီးတော့ ကော်မရှင်ကိုပြန်လည်ဖွဲ့စည်းခဲ့တယ်။ ကော်မရှင်ရဲ့ လုပ်ပိုင်ခွင့်တွေကို အရင်ကထက် ပိုပြီးတော့ တိုးမြှင့်ပြီးတော့ လုပ်ဆောင်ပေးတာကို ပြောလို့ရတယ်။ နောက်ထပ်တခုကတော့ နိုင်ငံတကာစာချုပ်တွေ လက်မှတ်ရေးထိုးမှုအပိုင်း။ ကလေးသူငယ်ဆိုင်ရာ မြန်မာနိုင်ငံနဲ့လည်း အရမ်းကို အရေးပါတဲ့၊ ကလေးများရောင်းချခြင်း၊ ပြည့်တန်ဆာအဖြစ် စေခိုင်းခြင်း၊ အတင်းအကျပ်လိင်လုပ်ငန်း ညစ်ညမ်းစာပေမှာ အသုံးပြုခြင်း ဆိုတဲ့ နောက်ဆက်တွဲစာချုပ်ရယ်၊ လက်နက်ကိုင်ပဋိပက္ခအတွင်းမှာရှိတဲ့ ကလေးနဲ့ပတ်သက်တဲ့ စာချုပ်ကို လက်မှတ်ထိုးခဲ့တယ်၊ နောက် ပင်မစာချုပ်ထဲမှာရှိတဲ့ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှုဆိုင်ရာ စာချုပ်တွေကို လက်မှတ်ထိုးထားတယ်။ ဒါလေးတွေကတော့ နိုင်ငံတကာ ကလည်း အသိအမှတ်ပြုပါတယ်။ နောက်တခါ ကလေးနဲ့ပတ်သက်လို့ ကလေးစစ်သားတွေ ပပျောက်အောင် ပြန်လွှတ်ပေးတဲ့ကိစ္စကလည်း ချီးကျူးစရာ၊ လက်ကမ်းကြိုဆိုစရာ ရှိပါတယ်။ ဒါပေမယ့် တဖက်မှာလည်း ဘာတွေဖြစ်လာသလဲဆိုတော့ အရင်တုန်းကဖြစ်ခဲ့တဲ့ပြသနာတွေက ပြန်လည်တကျော့ဝင်လာတဲ့ဟာမျိုး။ ဥပမာ နိုင်ငံရေးအကျဉ်းသားတွေလွှတ်ပေမယ့် အခုဆိုရင် ငြိမ်းစုစီပုဒ်မ ၁၈ ကြောင့်မို့လို့ အပြစ်ပေးခံရတဲ့သူတွေ၊ သတင်းမီဒီယာသမားတွေရော၊ ကျောင်းသားတွေရော၊ အလုပ်သမား လယ်သမားတွေရော ၁ ရာကျော်ရှိပြီ။ နောက်ထပ် လူပေါင်း ၄ ရာကျော်ကလည်း အမှုရင်ဆိုင်နေရတယ်။ နောက်ဆုံးမထွက်ခင်ကာလလေးမှာ ဟိုအရင်တုန်းက လုပ်ဆောင်ခဲ့တဲ့ ပြစ်မှုတွေ ပြန်လည်ဖော်ထုတ်ပြီးတော့မှ ပြန်ပြီးတရားစွဲဆိုတာတွေ၊ နောက်တခါ လက်ပံတောင်းတောင်ကိစ္စမှာ ဒေါ်ခင်ဝင်းသေဆုံးမှုကို အခုထိ မဖော်ထုတ်နိုင်ဘူး၊ ကိုပါကြီးကိစ္စကိုလည်း ထိထိရောက်ရောက်အရေးမယူနိုင်ဘူး။ နောက်ပြီး လက်ပံတန်းမှာ ကျောင်းသားတွေရဲ့ ပညာရေးဆိုင်ရာစစ်ကြောင်းကို အတင်းအကျပ် ရိုက်နှက်ပြီးတော့ ဖြိုခွင်းခဲ့တဲ့ကိစ္စက အရင်တုန်းက ပုံစံအတိုင်းပဲ အကြမ်းဖက်မှုသံသရာလည်နေတုန်းပဲရှိပါတယ်။” အစိုးရသစ်ရဲ့ မူဝါဒဟာ လူ့အခွင့်အရေးစံနှုန်းတွေ ပိုမိုအားကောင်းစေမယ်လို့ ယုံကြည်သလား။ ဘာကြောင့်လဲ။ “မကြာမီအသက်ဝင်လာတော့မယ့် အစိုးရသစ်ကိုတော့ ကျနော်တို့ အရင်ကထက် မျှော်လင့်ချက်ထားပါတယ်။ ဘာကြောင့်လဲဆိုတော့ အရင်တုန်းက အစိုးရတွင်းမှာဆိုလို့ရှိရင် ကျနော်တို့ သွားရောက်တွေ့ဆုံပြီးတော့ ကောင်းမွန်တဲ့ဥပဒေဖြစ်ဖို့၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရပ်တန့်ဖို့ တွေ့ဆုံခဲ့တဲ့ လမ်းကြောင်းတွေ ကောင်းခဲ့ပေမယ့် တကယ်တမ်း လေးစားမှု၊ လိုက်နာမှု မရှိခဲ့ဘူး။ ကျနော်တို့ Civil Society (အရပ်ဘက် အဖွဲ့အစည်း) နဲ့တွေ့ဆုံရမယ်ဆိုတဲ့အချက်က ဟန်ပြသဘောမျိုးလောက်ပဲဖြစ်တယ်။ အခုတက်လာမယ့် အစိုးရအနေနဲ့ဆိုရင်တော့ သူတို့ကိုယ်တိုင်က လူ့အခွင့်အရေးကိစ္စကို လက်တွေ့ရင်ဆိုင်ခဲ့ရတဲ့ သူတွေ အများဆုံးပါဝင်နေတယ်။ အဲဒီတော့ လူ့အခွင့်အရေးကိစ္စနဲ့ပတ်သက်ရင် ကျနော်တို့က သွားပြီးတော့ ဒါ လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်ပါတယ်ဆိုတာ ပြောစရာမလိုဘဲနဲ့ ဘ၀နဲ့ရင်းပြီး ပါဝင်ခဲ့တယ်။ နောက်တခါ ပါတီတခုလုံးက လူ့အခွင့်အရေးတွေကို ချိုးဖောက်ခံရမှုကြားထဲမှာ ဘယ်လောက်အထိ ချိုးဖောက်ခံရပေမယ့် ဆက်လက်ပြီးလည်ပတ်လုပ်ဆောင်နေတဲ့ ပါတီလည်း ဖြစ်တယ်။ နောက်တခုကတော့ အားလုံးရဲ့စိတ်ထဲမှာ နိုင်ငံတော် ပြုပြင်ပြောင်းလဲချင်တဲ့ စိတ်ဓာတ်အရင်းခံကတော့ ရှိနေတုန်းပဲဗျ။ အဲဒီကိစ္စတွေကြောင့်မို့လို့ အရင်ကထက် ပိုမိုပြီးတော့ လုပ်ဆောင်နိုင်မယ်လို့တော့ ကျနော်တို့ မျှော်လင့်တယ်။ ဒါပေမယ့် နိုင်ငံရဲ့ အစိုးရတရပ်ဆိုတဲ့ ဟာက ကျနော်တို့က အုပ်ချုပ်ရေးရော၊ တရားစီရင်ရေးရော၊ တရားဥပဒေပြုရေးရော ကဏ္ဍ ၃ ခုလုံးလုပ်ဆောင်မှ ကဏ္ဍတိုင်းမှာ လူ့အခွင့်အရေးထွန်းကားမှာဖြစ်တယ်။ အဲဒီတော့ ဥပဒေပြုရေး ဆိုတဲ့ လွှတ်တော်တခုတည်းနဲ့ ကြည့်လို့တော့မရဘူး။ နောက်ပိုင်းမှာ အစိုးရရဲ့အုပ်ချုပ်ရေးရော၊ တရားစီရင်ရေးပိုင်းကရော လူ့အခွင့်အရေးကို အမှန်တကယ်လေးစားကာကွယ်ပြီး ဖြည့်ဆည်း ပေးမှသာ တိုးတက်မှာဖြစ်တဲ့ အတွက် သူတို့မှာ အဟန့်အတားရှိတယ်ဆိုတာလက်ခံတယ်၊ တချိန်တည်းမှာ ပြည်သူလူထုတွေအရမ်းကြီးမျှော်လင့်ထားတဲ့အတိုင်း အခုအစိုးရအဖွဲ့က အခုချက်ခြင်း လူ့အခွင့်အရေးကိစ္စတွေ ပျောက်စေဆိုတဲ့အရာလည်း ဖြစ်မှာမဟုတ်ဘူး။ သူတို့ရဲ့ ပဋိပက္ခတွေ၊ အတွင်းပွန်းတိုက်မှုတွေကို ရင်ဆိုင်ပြီးတော့တော့ အကောင်းဆုံး လုပ်ဆောင်နိုင်မယ်လို့ ကျနော်အခုချိန်ထိ မျှော်လင့်နေတုန်းပါပဲ။” နိုင်ငံသားတွေရဲ့ဘ၀လုံခြုံရေးဟာ လူ့အခွင့်အရေးအာမခံချက်ရှိမှုနဲ့ ဘယ်လိုချိတ်ဆက် အရေးကြီးသလဲ။ “လူ့အခွင့်အရေးနဲ့ပတ်သက်လို့ ကျနော်အမြဲတမ်းပြောလေ့ရှိပါတယ်။ လူတိုင်းက ကိုယ့်ရဲ့အခွင့်အရေးကျင့်သုံးမှုကြောင့် ကြောက်ရွံ့မှုမရှိစေရဘူး။ ကိုယ်မှန်တာကို လုပ်ဆောင်တဲ့ အတွက်ကြောင့် အပြစ်ပေးအရေးယူမှုမရှိရဘူး။ ဒါက လုံခြုံခွင့်ဖြစ်ပါတယ်။ အဲဒီတော့ ကျနော်တို့ တိုင်းပြည်မှာ ပြဌာန်းထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာပါတဲ့ အခွင့်အရေးတွေကျင့်သုံးတဲ့အခါမှာ နိုင်ငံတကာစံချိန်အတိုင်း သတ်မှတ်ထားတဲ့ လူ့အခွင့်အရေးကျင့်သုံးမှုနဲ့ လူ့အခွင့်အရေးတွေကို ကျင့်သုံးတဲ့အခါမှာ အစိုးရက မတရား ၀င်ရောက်ပြီးတော့ ဥပဒေအရဖြစ်ပါစေ၊ ဥပဒေမဲ့ဖြစ်ပါစေ၊ တိုက်ခိုက်နှိမ်နင်းပြီးတော့ ချေမှုန်းတာတွေ လုံးဝမခံရတာ၊ လုံခြုံမှုရှိလို့ရှိရင် လူ့အခွင့်အရေး ရှိတယ်လို့ တဘက်က ပြောလို့ရပါတယ်။ လူတိုင်းက ကိုယ့်ရဲ့လူ့အခွင့်အရေးကျင့်သုံးတဲ့အခါမှာ လုံခြုံတယ်လို့ ခံစားခြင်းက လူ့အခွင့်အရေးအရ ပြီးပြည့်စုံခြင်းတခုလို့ ပြောနိုင်တယ်။ အဲဒါတွေ ရှိတဲ့အချိန်မှာ အစိုးရက ဥပဒေအရ အကာအကွယ်ပေးတယ်။ အပြစ်ပေးအရေးယူတဲ့ သူတွေကိုလည်း ထိထိရောက်ရောက် အပြစ်ပေးပြီးတော့ အရေးယူတာမျိုးရှိရင် ဒါဟာ လူ့အခွင့်အရေးရဲ့ တစိတ်တဒေသ ရရှိတယ်လို့ ပြောနိုင်ပါတယ်။ အဲဒါကြောင့်မို့ ကြောက်ရွံ့ခြင်း မှ ကင်းဝေးခြင်းက လူ့အခွင့်အရေးရဲ့ အကြောင်းအရာ တစိတ်တပိုင်း ဖြစ်ပါတယ်။” အစိုးရသစ်ကာလမှာ လူ့အခွင့်အရေးရှုထောင့်ကနေကြည့်ပြီး ပြောင်းလဲပြုပြင်ရမယ့် ဥပဒေတွေထဲက အရင်ဆုံးထိတွေ့ကိုင်တွယ်သင့်တဲ့ ဥပဒေတွေက ဘယ်ဟာတွေဖြစ်မလဲ။ “ပထမဦးဆုံး ပြောင်းစေချင်တဲ့ကိစ္စကတော့ အပြစ်မဲ့ပြီးတော့ အကြမ်းမဖက်ဘဲ ငြိမ်းချမ်းစွာစီတန်းလှည့်လည်သူတွေကို ဖမ်းဆီးထားတဲ့ ပုဒ်မ ၁၈ နဲ့ ပုဒ်မ ၁၉ ကို ပထမဦးဆုံး ပြင်ဖို့လိုအပ်ပါတယ်။ ဒီဥပဒေကို ပြင်လိုက်ခြင်းအားဖြင့် ဒီဥပဒေကြောင့် ဖမ်းဆီးခံရသော သို့မဟုတ် အမှုရင်ဆိုင်နေရသောသူတွေက ကွင်းလုံးကျွတ်လွတ်နိုင်မယ်၊ ဒါဆိုရင် ပြည်သူလူထုတွေ မျှော်မှန်းတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ကင်းစင်သွားပါလိမ့်မယ်။ ဒါက ပထမဦးဆုံးပြောင်းလဲသင့်တဲ့ဟာဖြစ်ပါတယ်။ အမှုစီရင်ချက်ချပြီးသည်ဖြစ်စေ၊ မချပြီးသည်ဖြစ်စေ လွတ်ငြိမ်းချမ်းသာခွင့်ပေးစရာမလိုဘဲနဲ့ ဒီဥပဒေ ဖျက်သိမ်းလိုက်ခြင်းအားဖြင့် သားရွှေအိုးထမ်းတဲ့ ဘ၀ကို ခံစားရမှာဖြစ်ပါတယ်။ လက်ရှိ ဖမ်းဆီးခံထားရသူတွေ လွတ်မြောက်သလို နောက်ထပ် ဖမ်းဆီးနိုင်သော၊ ဖမ်းဆီးဖို့အတွက် ကြိုးပမ်းနေသော နည်းဗျူဟာတွေကို ရိုက်ချိုးလိုက်သလို ဖြစ်တဲ့အတွက် ဒီဟာ ပထမဦးဆုံးလုပ်ဆောင်ရမှာဖြစ်ပါတယ်။ နောက်တခုကတော့ တိုင်းရင်းသားလူမျိုးစုတွေကို ကာကွယ်ပေးသောဥပဒေ၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်လုပ်ဆောင်နေရင်းနဲ့ အကြမ်းဖက်မှုလုပ်ငန်းတွေ လုပ်ဆောင်နေတဲ့သူတွေကို ထိရောက်စွာ အရေးယူးသော နောက်ထပ် ဥပဒေတွေလည်း လုပ်ဆောင်ဖို့လိုတယ်။ တရားစီရင်မှု ခိုင်မာမှုကလည်း အရေးကြီးပါတယ်။” အစိုးရသစ်ကာလမှာ လူထုအကြား လူ့အခွင့်အရေးကို ဒီထက်ပိုသိအောင်၊ နားလည်အောင် ဘာတွေလုပ်ကြမလဲ။ ဥပမာ စာသင်ကျောင်းသင်ရိုးမှာ အခြေခံလူ့အခွင့်အရေး ပြဌာန်းရန်သင့်မသင့်ကရော ဘယ်လိုမြင်သလဲခင်ဗျာ။ “ကျနော်တို့အဖွဲ့ကိုယ်တိုင်လည်း လူ့အခွင့်အရေးပညာပေးကိစ္စကို လုပ်ဆောင်ပါတယ်။ လူ့အခွင့်အရေးပညာပေးမှုက လူတိုင်း၊ အလွှာတိုင်းသိသင့်သလို နည်းပေါင်းစုံနဲ့ လုပ်ရမှာ ဖြစ်ပါတယ်။ အခုလက်ရှိအခြေအနေအထိကတော့ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေကပဲ လုပ်ဆောင်နေပြီးတော့ အစိုးရဘက်က လုပ်ဆောင်မှု အရမ်းအားနည်းနေတယ်။ အဲဒီတော့ လူ့အခွင့်အရေးပညာပေးမှုကို ကျောင်းသင်ရိုးညွှန်းတမ်းတွေမှာ ထိရောက်သောနည်းလမ်းတွေ သုံးပြီးတော့ စနစ်တကျ သင်ကြားနိုင်တဲ့ သင်ရိုးညွှန်းတမ်းတွေပြဌာန်းဖို့ လိုအပ်တယ်။ သင်ရိုးညွှန်းတမ်းတွေပြဌာန်းပြီးတော့ အမှန်တကယ် အနှစ်သာရရှိရှိ သင်ကြားပေးနိုင်မယ့် ပညာပေးလုပ်ဆောင်သူတွေ၊ နည်းပညာပေးမယ့်သူတွေ လိုအပ်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ သင်ရိုးညွှန်းတမ်းတခုတည်းပေးထားပေမယ့် အဲဒါကို သင်ကြားဖို့အတွက် အချိန်မပေးနိုင်ဘူး၊ နည်းပညာအရ မသိလို့ရှိရင် ဒါက တလွဲဖြစ်သွားနိုင်တဲ့အတွက် လူအားအရင်းအမြစ်ပိုင်းဆိုင်ရာရော၊ အတတ်ပညာအရင်းအမြစ်ပိုင်းဆိုင်ရာရော၊ နောက်တခါ ဥပဒေရင်မြစ်အရ ပြဌာန်းပြီးတဲ့ လုပ်ဆောင်တဲ့အရာမျိုးဖြစ်ဖို့ လိုအပ်တယ်။ အဆင့်လိုက် အဆင့်လိုက်နဲ့ ကိုက်ညီသော သင်ကြားမှုတွေ လိုအပ်တယ်။ တချိန်တည်းမှာပဲ တက္ကသိုလ် နယ်မြေတွေမှာ၊ တက္ကသိုလ်ပညာရပ်တွေမှာ လူ့အခွင့်အရေးနဲ့ နိုင်ငံတကာလူ့အခွင့်အရေး ဥပဒေတွေကို ဘာသာရပ်အနေနဲ့ ပို့ချသင်ကြားနိုင်တဲ့ အခွင့်အလမ်းတွေ ဖန်တီးသင့်ပါတယ်။” လက်ရှိရှိနေတဲ့ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ကို ပြည်သူတွေက ဒီထက်ပိုမို အားကိုးလာအောင် ဘယ်လို ဖွဲ့စည်းတည်ဆောက်ရင်ဖြစ်မလဲခင်ဗျ။ “လူ့အခွင့်အရေးကော်မရှင်နဲ့ပတ်သက်လို့ ကျနော်တို့ထောက်ပြတာ တော်တော်များများ ရှိပါတယ်။ ဒါကတော့ ပထမဦးဆုံးပါဝင်မှု၊ Composition လို့ခေါ်တဲ့ အဖွဲ့ဝင်တွေပါဝင်မှုပါ။ အဲဒီနေရာတွေမှာ ဒီလိုမျိုး လက်သိပ်ထိုးခန့်အပ်တဲ့သဘောမျိုးမဟုတ်ဘဲနဲ့ အရပ်ဘက်လူမှုအဖွဲ့ အပါအ၀င် လူထုကနေ ဘယ်သူဖြစ်သင့်လဲဆိုတဲ့ ရွေးချယ်အကြံပြုတဲ့အထဲကမှ လူထု လက်ခံနိုင်တဲ့သူတွေ၊ ပညာရပ်အရ၊ ရပ်တည်ချက်အရ မှန်ကန်တဲ့သူတွေကို ထည့်သွင်းပြီးတော့ ရွေးချယ်သင့်တယ်။ ဒါဆိုရင် ယုံကြည်မှု ခိုင်မာလာပါလိမ့်မယ်။ နောက်တခုကတော့ လူ့အခွင့်အရေးကော်မရှင် အခုဆိုလို့ရှိရင် ပညာပေးတွေလုပ်လာပါပြီ၊ ဒါပေမယ့် သူတို့ရဲ့အဓိက ပြဿ နာက တခြားဝန်ကြီးဌာနတွေက သူတို့နဲ့ပူးပေါင်းဆောင်ရွက်မှု အားနည်းမှုဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ သူတို့ရဲ့ လုပ်ငန်းစဉ်ထဲမှာ ဒီအမှုတွေကို လက်ခံယုံတင်မကဘဲနဲ့ ဒီကိစ္စနဲ့ ပတ်သက်လို့ သက်ဆိုင်ရာဝန်ကြီးဌာနတွေကို လွှဲပြီးတော့ သူတို့ရဲ့ပူးပေါင်းဆောင်ရွက်မှု လုပ်ဆောင်ချိန်မှာ ၀န်ကြီးဌာနတိုင်း၊ ၀န်ကြီးဌာနတိုင်းက မဖြစ်မနေ အရေးတယူနဲ့ လုပ်ဆောင် ပေးသော၊ မဖြစ်မနေလုပ်ဆောင်ပေးရမယ်ဆိုတဲ့ အာဏာမျိုး တည်အောင်လုပ်ဆောင်ပေးမှသာ ပိုမိုအားကောင်းမှာဖြစ်ပါတယ်။ ဌာနအားလုံးရဲ့ပြဿ နာကို အဖွဲ့တဖွဲ့တည်းနဲ့ လုပ်လို့မရတဲ့အတွက် ဌာနပေါင်းစုံကနေ အသိအမှတ်ပြုပြီးတော့ လုပ်ဆောင်ပိုင်ခွင့်ရှိသော အဖွဲ့အစည်းမျိုးဖြစ်ရင် ပိုမိုအားကောင်းလာပါလိမ့်မယ်။” လူ့အခွင့်အရေး ချိုးဖောက်သူကို အရေးယူရေး၊ ဖမ်းဆီးရေး၊ တရားစီရင်ရေး၊ ပညာပေးရေး စတာတွေ လုပ်ဖို့ အစိုးရသစ်က လွယ်ပ့ါမလား။ သူ့မှာ အကန့်အသတ်တွေရှိတော့လေ။ “အကန့်အသတ်ကတော့ အများကြီးရှိပါတယ်။ ပထမဦးဆုံးကတော့ ဒီမတရားတဲ့ ဥပဒေတွေ ရှိနေသမျှကာလပတ်လုံး ဒီဥပဒေကြောင့်မို့လို့ လူ့အခွင့်အရေးလှုပ်ရှားတဲ့သူက ရာဇ၀တ်သားဖြစ်သွားတယ်။ အဲဒါတွေက ဥပဒေက ပံ့ပိုးလုပ်ဆောင်နေတာဖြစ်ပါတယ်။ နောက်တခုက ကျနော်တို့တိုင်းပြည်ရဲ့ တရားစီရင်မှုမဏ္ဍိုင်ကလည်း အရမ်းအားနည်းနေတုန်း ပါပဲ။ ခြစားမှုတွေ၊ တရားစီရင်ရေးမှာ ၀င်ရောက်စွက်ဖက်မှုတွေ အများကြီးရှိနေတယ်။ အဲဒါတွေကြောင့်မို့လို့ တရားစီရင်ရေးမဏ္ဍိုင်က ယိုယွင်းပျက်စီးနေတဲ့အဆင့်ကိုဖြစ်တယ်။ အဲဒီနေရာတွေမှာ ကျနော်တို့က တရားသူကြီး၊ တရားရေးဝန်ထမ်းတွေရဲ့လာဘ်စားမှုတွေကို တိုက်ဖျက်ဖို့လည်း လိုအပ်သလို တရားရေးစနစ်တခုလုံးရဲ့ ယိုယွင်းပျက်စီးနေတာကို ပြန်လည်အစားထိုးတည်ဆောက်ဖို့ လိုအပ်တယ်။ ကျနော်တို့တိုင်းပြည်က မိုးရွာလို့ အမိုးလေး မိုးလိုက်မယ်ဆိုပြီး တခုလေးနဲ့ ဆေးမြီးတိုနဲ့ကုလို့ရတဲ့တိုင်းပြည်မဟုတ်ပါဘူး။ အရာရာပျက်စီး ယိုယွင်းနေတဲ့ အိမ်အိုဟောင်းကြီးဖြစ်တဲ့အတွက် အိမ်ထောက်တိုင်တွေလည်း ပြန်ပြင်ဖို့ လိုအပ်သလို ခြစားနေတဲ့အရာမှန်သမျှလည်း ပြင်ရမှာ။ အစိုးရသစ်အတွက်ကတော့ တကယ့်ကို လုပ်ရမယ့်လုပ်ငန်းတွေလည်း အများကြီးရှိတယ်။ တချိန်တည်းမှာပဲ ပြည်သူလူထုကအရမ်းကို မျှော်လင့်ထားတဲ့အတွက် သူတို့မှာ ဖိအားတွေလည်း အရမ်းများတော့ ကျနော်ခုနပြောသလို လွှတ်တော်တခုပြောင်းရုံနဲ့၊ လွှတ်တော်တခုကောင်းရုံနဲ့ မရပါဘူး။ ခြစားနေတဲ့စနစ်ကြီးတွေ ပြောင်းဖို့၊ ယိုယွင်းပျက်စီးနေသော ကဏ္ဍတိုင်း၊ ကဏ္ဍတိုင်းကို ပြန်လည်ထူထောင်ဖို့ ဒါတွေက အစိုးရအတွက် အဓိကအရေးကြီးသော စိမ်ခေါ်မှုတွေ ဖြစ်ပါတယ်။” လွှတ်တော်မှာ တလောတုန်းက သွားရောက် ဆွေးနွေးရာမှာ အဓိကအားဖြင့် ဘာတွေကို မျှဝေဆွေးနွေးခဲ့လဲခင်ဗျ။ “ဒီနေရာမှာ သင်တန်းသဘောမျိုးမဟုတ်ဘဲနဲ့ အတွေ့အကြုံဖလှယ်ခြင်းသဘောမျိုးဖြစ်ပါတယ်။ ပထမဦးဆုံးဖြစ်တဲ့အတွက် လွှတ်တော်ကိုယ်စားလှယ်အသစ်တွေကို ပြည်သူ့လွှတ်တော်ကိုယ်စာလှယ်တယောက်မှာ ဘာတာဝန်တွေရှိသလဲဆိုတာ သိဖို့ရယ်။ အဲဒီထဲမှာ တရားဥပဒေပြုရေး၊ အဆိုတင်သွင်းရေးကိစ္စတွေ၊ မေးခွန်းမေးခြင်းကိစ္စတွေ၊ ကိုယ့်ရဲ့ရပ်ရွာလူထုနဲ့ ထိတွေ့တဲ့အခါမှာ ဘာတွေကိုသိအောင် ယူရမလဲဆိုတဲ့အချက်တွေကို အဓိကထားပါတယ်။ အခြားနိုင်ငံရဲ့လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ အတွေ့အကြုံတွေကိုလည်း မူတည်ပြီးတော့ လုပ်ပါတယ်။ ကျနော့်ရဲ့အပိုင်းကတော့ လွှတ်တော်ကိုယ်စားလှယ်တယောက်အနေနဲ့ ပြည်သူလူထုရဲ့အသံတွေ နားထောင်ရမယ်၊ ပြည်သူလူထုဘ၀ကို ဒုက္ခရောက်အောင်လုပ်ဆောင်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေအကြောင်း သဘောပေါက်ပြီးတော့ ဥပဒေလည်း လေ့လာဖို့လိုအပ်တယ်။ ဒါတွေသိမှသာ မှန်ကန်တဲ့ဥပဒေကို ပြဌာန်းနိုင်မှာဖြစ်တယ်၊ တင်ပြနိုင်မှာဖြစ်တယ်။ ပြည်သူလူထုရဲ့ လူ့အခွင့်အရေးနဲ့ပတ်သက်ပြီးတော့ ခံစားနေရတာကို ကိုယ်စားပြုပြီးတော့ ကာကွယ်ပေးနိုင်တဲ့သူတွေဖြစ်မယ်။ ဒါကြောင့်မို့လို့ ပြည်သူလူထုရဲ့ လူ့အခွင့်အရေးကိစ္စကို အစဉ်မပြတ်လေ့လာပေးဖို့ရယ်၊ တင်ပြတဲ့အခါမှာ ဥပဒေပိုင်းဆိုင်ရာအရ နိုင်ငံတကာစာချုပ်စာတမ်းတွေကိုလည်း လေ့လာဖို့လိုအပ်တယ်ဆိုတဲ့အကြောင်း၊ အစိုးရရဲ့တာဝန်တွေဖြစ်တဲ့ လူ့အခွင့်အရေးလေးစားခြင်း၊ လူ့အခွင့်အရေးကာကွယ်ပေးခြင်းနဲ့ လူ့အခွင့်အရေးဖြည့်ဆည်းပေခြင်းဆိုတဲ့ တာဝန်တွေကို ကျယ်ကျယ်ပြန့်ပြန့်သဘောပေါက်မှသာ ကိုယ့်ရဲ့တင်ပြချက်တွေ အကြံပြုချက်တွေက ပိုမိုထောက်ခံမှုရရှိမယ့်အကြောင်း ဒါတွေတော့ အဓိကထား ဆွေးနွေးခဲ့ပါတယ်။” လူ့အခွင့်အရေးနဲ့ပတ်သက်လို့ လွှတ်တော်သစ်နဲ့ အစိုးရသစ်ကို ဖြည့်စွက်ပြောစရာရှိသေးလားခင်ဗျာ။ “ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေဆိုတာ ပြည်သူတွေက ရွေးချယ်တင်မြှောက်ထားတာဖြစ်ပါတယ်။ ဘာကြောင့် တင်မြှောက်သလဲ၊ ကိုယ့်ရဲ့အကျိုးကို လုပ်ဆောင်ပေးဖို့အတွက် ကိုယ်စားပြုသောသူတွေ လုပ်နိုင်ပါတယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ဖြစ်ပါတယ်။ အဲဒါကြောင့်မို့လို့ ပြည်သူတွေရဲ့အသံ လွှတ်တော်အသံဆိုတဲ့အတိုင်းပဲ ပြည်သူတွေရဲ့အသံကို နားထောင်ဖို့ လိုအပ်ပါတယ်။ တချိန်တည်းမှာပဲ ကျနော်တို့က တင်ပြမှုတွေမှာ ပရော်ဖက်ရှင်နယ်လို့ခေါ်တဲ့ တကယ့်ကို ကျွမ်းကျင်ပိုင်နိုင်သောကိစ္စတွေ လုပ်ဆောင်ပေးဖို့ လိုအပ်ပါတယ်။ အဲဒီတော့ လေ့လာမှုတွေလိုအပ်သလို ပြည်သူ့ရဲ့အသံနားထောင်ဖို့လည်း လိုအပ်ပါတယ်။ အဲဒီတော့ ဒါနဲ့ပတ်သက်လို့ရှိရင် အခု လွှတ်တော်ကိုယ်စားလှယ်တွေမှာ အခက်အခဲအများကြီးရှိပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ လေ့လာမှုနဲ့ပတ်သက်လို့လည်း ပံ့ပိုးမှုတွေ အားနည်းနေတုန်းပဲ။ ပြည်သူလူထုနဲ့ လွှတ်တော်တက်တဲ့ကာလမှာ ကင်းကွာမှုတွေ အများကြိးရှိနေတယ်။ အဲဒီတော့ ဒီကြားထဲမှာ ကျနော်တို့ စီအက်စ်အိုတွေ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေကတော့ သူတို့ရဲ့ လိုအပ်တဲ့အကြံဥာဏ်တွေ၊ လိုအပ်တဲ့ အကူအညီတွေကို ကျနော်တို့ ပံ့ပိုးပေးဖို့ အများကြီးရှိပါတယ်။ အဲဒီဟာနဲ့ပတ်သက်ပြီးတော့ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေနဲ့လည်း လက်တွဲပူးပေါင်းဖို့အတွက ကျနော်တို့ဘက်ကလည်း အဆင်သင့်ရှိသလို ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်တယ်လို့လည်း ယူဆပါတယ်။ မှန်ကန်သော၊ ပြည်သူ့ကို ကိုယ်စားပြုသော ပြည်သူ့ကိုယ်စားလှယ်တွေဖြစ်ပြီး တိုင်းပြည်ကို လူ့အခွင့်အရေးအရ လေးစားသောတိုင်းပြည်ဖြစ်ဖို့အတွက် အားလုံးလက်တွဲပူးပေါင်းပါဝင်နိုင်ဖို့ လိုအပ်တယ်ဆိုတဲ့အကြောင်း ကျနော်ထပ်လောင်းပြီးတော့ ပြောကြားချင်ပါတယ်။”
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024