Home
မြန်မာသတင်း
ဒေသတည်ငြိမ်ရေး ဆွေးနွေးအဖြေရှာကြရန် ၀တပ်ဖွဲ့တိုက်တွန်း
နန်းမြနဒီ
·
March 1, 2016
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တအာင်းပလောင်တပ်ဖွဲ့ (တီအန်အယ်လ်အေ) နဲ့ ရှမ်းပြည်တပ် မတော်တာင်ပိုင်း တပ်ဖွဲ့တို့ကြား တိုက်ပွဲတွေဖြစ်နေတာကို ရပ်တန့်ပြီး ဆွေးနွေး အဖြေရှာကြဖို့နဲ့ ဒေသတွင်းတည်ငြိမ်ရေးကို ဆောင်ရွက်ကြဖို့ ၀ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော် (ယူဒဗလျူ အက်စ်အေ)နဲ့ မိုင်းလားတပ်ဖွဲ့ (အမ်ဒီအေအေ)တို့က တိုက်တွန်း ပါတယ်။ ရက်ရှည်တိုက်ပွဲတွေကြောင့် ပြည်သူလူထု မတည်မငြိမ်ဖြစ်စေတာကြောင့် အထူးအာရုံစိုက် စောင့်ကြည့်နေတယ်လို့ ဖေဖော်ဝါရီ ၂၆ ရက်နေ့က ပူးတွဲထုတ်ပြန်ခဲ့ပါတယ်။ နှစ်ဘက်စလုံးက တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို အလေးထားပြီး အပြစ်မဲ့ပြည်သူ တွေ ထိခိုက်နစ်နာခြင်းမရှိအောင် သတိပြုသင့်တယ်လို့ သတိပေးထားပါတယ်။ ယူဒဗလျူအက်စ်အေ ပြင်ပဆက်ဆံရေးဌာနကြီးမှူး ဦးကျောက်ကော်အန်းက “သူတို့ တိုက်ပွဲ ဖြစ်နေတာ တစ်လကျော်ကြာသွားပြီလေ ပြည်သူလူထုတွေ ဒုက္ခရောက်တာပေါ့၊ နစ်နာတာပေါ့။ ကျနော်တို့နဲ့ မိုင်းလားအဖွဲ့က စိုးရိမ်မှုရှိပါတယ်။ ဒါကြောင့် ၂ ဘက်တွေ့ဆုံ ဆွေးနွေးပြီး အဖြေရှာဖို့ တိုက်တွန်းချင်တယ်။” ဒီလေးဖွဲ့ဟာ ညီနောင်တပ်ဖွဲ့တွေဖြစ်ကြပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသမှာ အချင်းချင်း တိုက်ပွဲတွေကြောင့် အစိုးရတပ်ဘက်က နယ်မြေရှင်းလင်းရေးလုပ်လာမှုဟာ ၀နဲ့ မိုင်းလားတပ်ဖွဲ့တို့အတွက် အာရုံစိုက်စရာဖြစ်လာစေခဲ့ပါတယ်။ ပစ်ခတ်မှုတွေရပ်တံ့ပြီး ဆွေးနွေးအဖြေရှာဖို့၊ နယ်ကျော်ခြင်းမလုပ်ဖို့ တောင်းဆိုပြီး အင်အားသုံးခြိမ်းခြောက်တာကို ဆန့်ကျင်ကြောင်း ပူးတွဲသဘောထားထုတ်ပြန်ချက်က ဆိုပါတယ်။ အခုလို တိုက်ပွဲတွေ ဖြစ်နေရတာဟာ ရှမ်းပြည်တပ်မတော် တောင်ပိုင်းဘက်က တအာင်း ပလောင်တပ်ဖွဲ့ထိန်းချုပ်နယ်မြေထဲ ၀င်သွားလို့ ဖြစ်ရတာဖြစ်ပြီး တဘက်နဲ့ တဘက် အပြန်အလှန်လေးစားကာ နယ်ကျော်ခြင်း မပြုကြဖို့လည်း တိုက်တွန်းတယ်လို့ သူက ဆက်ပြောပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ရှမ်းပြည်တပ်မတော်တောင်ပိုင်း ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းလ ကတော့ ၀နဲ့မိုင်းလားတို့ရဲ့ပူးတွဲထုတ်ပြန်ချက်ကို မသိကြောင်း၊ တီအန်အယ်လ်အေနဲ့ တွေ့ဆုံဆွေးနွေးဖို့ သူတို့ဘက်က အသင့်ရှိကြောင်း ဖြေဆိုပါတယ်။ တအာင်းပလောင်တပ်ဖွဲ့ (တီအန်အယ်လ်အေ) ပြန်ကြားရေးတာဝန်ခံ မိုင်အိုက်ကျော်က လည်း တိုက်ပွဲကိစ္စ ဆွေးနွေးညှိနှိုင်းအဖြေရှာဖို့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (ယူအန်အက်ဖ်စီ)နဲ့ အရင်ဆုံးတွေ့ဆုံဖို့ရှိပြီး တွေ့မယ့်ရက်နဲ့ နေရာကို ရွေးနေဆဲဘဲလို့ ဖြေဆိုပါတယ်။ လက်ရှိ တီအန်အယ်လ်အေ လှုပ်ရှားနေတဲ့ နမ့်ခမ်း၊ ကွတ်ခိုင်၊ မန်တုံ၊ နမ့်ဆန်၊ ကျောက်မဲ စတဲ့ နယ်မြေထဲမှာ အစိုးရတပ်အင်အား ၄၀၀၀ ကျော်၊ ရှမ်းပြည်တပ်မတော် ဘက်က အင်အား ၂ ထောင်ကျော် ရောက်ရှိနေတယ်လို့ ဆိုပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024