Home
မြန်မာသတင်း
ဘိန်းခင်းဖျက်သည့် ပတ်ဂျာဆန်အဖွဲ့ လုံခြုံရေးမရသဖြင့် နေရပ်ပြန်
မျိုးဇော်လင်း
·
February 28, 2016
ကချင်ပြည်နယ် ကန်ပိုက်တီးဒေသက လူထုအခြေပြု မူယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ ပတ်ဂျာဆန်အဖွဲ့ဟာ အမည်မသိ လက်နက်ကိုင်အဖွဲ့ရဲ့ တိုက်ခိုက်မှုကိုခံရပြီးနောက် ဘိန်းခင်းတွေ သွားဖျက်ဖို့ လုံခြုံရေးမရတာကြောင့် ဖေဖော်ဝါရီ ၂၈ ရက်နေ့က နေရပ်ပြန်ကြပြီ ဖြစ်ပါတယ်။ ပတ်ဂျာဆန် အဖွဲ့တွေဟာ ကန်ပိုက်တီးဒေသတ၀ိုက်မှာရှိတဲ့ ဘိန်းစိုက်ခင်းတွေကို ဖျက်ဆီးဖို့ မြစ်ကြီးနာမြို့ကနေ ဖေဖော်ဝါရီ ၂၃ ရက်နေ့က လူအင်အား ၂ ထောင်ကျော်နဲ့ စတင်ထွက်လာခဲ့တာဖြစ်ပါတယ်။ ဖေဖော်ဝါရီ ၂၄ ရက်နေ့မှာတော့ ကန်ပိုက်တီးဒေသ၊ ဆင်ကြိုင်အပေါ်ကျေးရွာနဲ့ ဖေဖော်ဝါရီ ၂၅ ရက်နေ့ ဝေမိုးကျေးရွာတွေမှာ အမည်မသိ လက်နက်ကိုင်အဖွဲ့ရဲ့ တိုက်ခိုက်ခံရတာဖြစ်ပါတယ်။ ဖားကန့် ပတ်ဂျာဆန် အဖွဲ့ခေါင်းဆောင်ဖြစ်တဲ့ ဦးဂျာလက “လုံခြံရေးကျတော့ ကျနော်တို့ကို အကာအကွယ်မပေးနိုင်တဲ့ အနေအထား၊ အဲ့ဒါကြောင့် ကျနော်တို့ ဘိန်းခင်းဖျက်ဆီးနိုင်အောင် လုံခြုံရေး လုံလုံလောက်လောက်ပေးနိုင်တဲ့ အဖွဲ့အစည်းက တပ်မတော်ကလွဲရင် ဘယ်သူမှ မလုပ်နိုင်တော့ဘူး” လို့ ဒီဗွီဘီကိုပြောပါတယ်။ ကချင်ငြိမ်းချမ်းရေးအကျိုးဆောင် ဦးလမိုင်ခွန်ဂျာက  ဘိန်းခင်းတွေ ဆက်လက်ဖျက်ဆီးနိုင်ရေးအတွက် ပတ်ဂျာဆန်အဖွဲ့ခါင်းဆောင်တွေနဲ့ အစိုးရတာဝန်ရှိသူတွေ လက်ရှိမှာ ဆွေးနွေးညှိနှိုင်းနေကြပြီး ဆင့်ကဲဆင့်ကဲ ပြည်ထောင်စုအစိုးရကို တင်ပြပေးမယ့်အကြောင်း ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။ ပတ်ဂျာဆန်အဖွဲ့နဲ့ အမည်မသိလက်နက်ကိုင်အဖွဲ့တွေ ဝေမိုးကျေးရွာအ၀င်မှာ ထိတ်တိုက်တွေ့ဆုံမှု ဖြစ်ခဲ့လို့ ပတ်ဂျဆန်အဖွဲ့ဝင် ၂၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး မြစ်ကြီးနာဆေးရုံမှာ ဆေးကုသမှု ခံယူနေရပါတယ်။ ပတ်ဂျာဆန်တွေ ဖမ်းမိထားတဲ့ ၂၁ ဦးကိုတော့ ၀ိုင်းမော်ရဲစခန်းက ဆက်လက်စစ်ဆေးနေပါတယ်။ ဘိန်းခင်းတွေ ဖျက်ဆီးဖို့သွားတဲ့ ကချင်လူထုအခြေပြု ပတ်ဂျာဆန်အဖွဲ့ဝင်တွေကို တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး ပြည်နယ်အစိုးရက ခုံရုံးဖွဲ့ စုံစမ်းစစ်ဆေးနေပြီး တိုက်ခိုက်ခဲ့သူတွေကို  ဥပဒေနဲ့အညီ အရေးယူမယ်လို့ ကချင်ပြည်နယ်အစိုးရလုံခြုံရေးဝန်ကြီးက ပြောကြားထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024