ဆန္ဒပြ စစ်တွေကျောင်းသားများနှင့် ပြည်နယ်အစိုးရတာဝန်ရှိသူများ ဆွေးနွေး
အေးနိုင်
·
August 4, 2011
ရခိုင်ပြည်နယ် စစ်တွေမြို့ စစ်တွေတက္ကသိုလ်က ရာနဲ့ချီတဲ့ကျောင်းသားတွေဟာ ကျောင်းဖယ်ရီခ ဈေးမြင့်တဲ့ကိစ္စကို မနေ့က မြို့တွင်းကို ချီတက်ဆန္ဒပြပြီးတဲ့နောက် ဒီကနေ့မှာ ပြည်နယ်အစိုးရတာဝန်ရှိသူတွေက ကျောင်းသားတွေနဲ့ တွေ့ဆုံဖြေရှင်းနေပြီး ထပ်မံဆန္ဒပြတာမရှိတော့ဘူးလို့ စစ်တွေမြို့ခံတွေထံက သိရပါတယ်။
တက္ကသိုလ်နဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းပြောဆိုချက်အရ အထူးပြုဘာသာရပ်တခုစီက ကျောင်းသားကိုယ်စားလှယ်တွေနဲ့ အစိုးရတာဝန်ရှိသူတွေ တွေ့ဆုံဖြေရှင်းနေတာလို့ ဆိုပါတယ်။ ပြေလည်မှု ရမရ မသိနိုင်သေးပါဘူး။
စစ်တွေမြို့ကနေ နှစ်မိုင်ခွဲလောက်လှမ်းတဲ့ စစ်တွေတက္ကသိုလ်က ကျောင်းသူကျောင်းသားတွေဟာ အရင်က ကျောင်းနဲ့မြို့ အသွား ၁၀၀ ကျပ် အပြန် ၁၀၀ ကျပ်ကနေ ကားသမားတွေက အသွား ၁၀၀ ကျပ် အပြန် ၂၀၀ ကျပ်တိုးတောင်းတဲ့အတွက် ကားသမားတွေနဲ့ အချင်းများရာက အစိုးရက ဖြေရှင်းပေးဖို့ မနေ့က ကျောင်းသူကျောင်းသား သုံးရာကျော် ချီတက်လမ်းလျှောက်ခဲ့တာဖြစ်ပါတယ်။