မြောက်ကိုရီးယားကို ပိုမိုပိတ်ဆို့အရေးယူရေး ဥပဒေကြမ်း လုံခြုံရေးကောင်စီကို တင်

ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ် စမန်တာ ပါဝါ။ (ဓာတ်ပုံ - ရိုက်တာ)
မြောက်ကိုရီးယားနိုင်ငံကို ပိုမိုပြင်းထန်တဲ့ ပိတ်ဆို့အရေးယူဖို့ ဥပဒေကြမ်းကို တရုတ်နိုင်ငံရဲ့ ထောက်ခံမှုနဲ့ အမေရိကန်နိုင်ငံက ဖေဖော်ဝါရီ ၂၅ ရက်နေ့မှာ လုံခြုံရေးကောင်စီကို တင်လိုက်ပါတယ်။ ပြီးခဲ့တဲ့လတွေက ကုလသမဂ္ဂရဲ့ ပိတ်ပင်မှုတွေကို ချိုးဖောက်ပြီး နျူကလီးယားဗုံး စမ်းသပ်ဖောက်ခွဲခဲ့တာ၊ ဆက်သွယ်ရေးဂြိုဟ်တုဆိုပြီး တာဝေးပစ်ဒုံးကျည် စမ်းသပ်ပစ်လွှတ်ခဲ့တယ်ဆိုပြီး အမေရိကန်နိုင်ငံနဲ့ တရုတ်နိုင်ငံတို့က ပူးပေါင်းတင်သွင်းကြတာပါ။ ဒီဥပဒေကြမ်းထဲမှာ မြောက်ကိုရီးယားနိုင်ငံကို သွားလာတဲ့ ဘယ်ကုန်တင်သင်္ဘောကိုမဆို ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတွေက ပထမဆုံး တက်ရောက်စစ်ဆေးဖို့ အစီအစဉ်လည်း ပါဝင်ပါတယ်။ ဒါဟာ နှစ်ပေါင်း ၂၀ အတွင်း မြောက်ကိုရီးယားနိုင်ငံအပေါ် လုံခြုံရေးကောင်စီရဲ့ အပြင်းထန်ဆုံး အရေးယူပိတ်ဆို့မှုလို့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ် စမန်တာ ပါဝါ (Samantha Power) က ပြောပါတယ်။ အခုလာမယ့် စနေ၊ တနင်္ဂနွေမှာ အဲ့ဒီဥပဒေကြမ်းကို မဲခွဲအတည်ပြုမယ်လို့ မျှော်လင့်ရပါတယ်။ ပြီးခဲ့တဲ့ ဇန်န၀ါရီလနဲ့ အခုလအတွင်း ကုလသမဂ္ဂရဲ့ ပိတ်ပင်မှုတွေကို ချိုးဖောက်လုပ်ဆောင်ခဲ့တဲ့ မြောက်ကိုရီးယားနိုင်ငံရဲ့ လုပ်ရပ်တွေကို နိုင်ငံတကာက ၀ိုင်းဝန်းပြစ်တင် ရှုတ်ချခဲ့ကြပါတယ်။

More News
Up