အန်အယ်လ်ဒီနဲ့ တပ်မတော်ဆက်ဆံရေး အဆင်ပြေပါစေ

၂၀၁၅ ခုနှစ် ပါတီစုံရွေးကောက်ပွဲတွင် အန်အယ်လ်ဒီက အပြတ်အသတ် အနိုင်ရလိုက်သဖြင့် ဒုတိယအကြိမ်လွှတ်တော်သည် ပင်နီရောင်လွှမ်းသော လွှတ်တော်ဖြစ်ခဲ့ပြီး ယခုအခါ အစိုးရသစ်ဖွဲ့စည်းနိုင်ရန် အန်အယ်လ်ဒီက လုံးပမ်းလျက်ရှိနေပါသည်။ အစိုးရသစ် ဖွဲ့စည်းရေးတွင် အဓိကကျသည့် သမ္မတလောင်းကို လာမည့် မတ်လ ၁၇ ရက်နေ့တွင်မှ လွှတ်တော်က အမည်စာရင်း တင်သွင်းမည်ဖြစ်ပေရာ ထိုကိစ္စနှင့်ပတ်သက်၍ လွှတ်တော်ကို လွှမ်းမိုးထားသည့် အန်အယ်လ်ဒီပါတီနှင့် တပ်မတော်တို့အကြား အပေးအယူများဖြင့် စေ့စပ်ဆွေးနွေးနေကြဆဲ ဖြစ်ပေသည်။ အပေးအယူကိစ္စ၏ အဓိက ဗဟိုပြုချက်မှာ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်စေရေးတွင် အတားအဆီးဖြစ်နေသည့် အခြေခံဥပဒေပုဒ်မ ၅၉(စ) ကို ပြင်ဆင်ပေးရေးနှင့် ယခင် နအဖ စစ်အစိုးရအဖွဲ့ဝင်ဟောင်းများ ပါဝင်ပတ်သက်ခဲ့သည့် အငြင်းပွားဖွယ်ရာ အမှုအခင်းများကို သင်ပုန်းချေရေး ဖြစ်ပေလိမ့်မည်။ ထိုကိစ္စမှာ ဒေါ်အောင်ဆန်းစုကြည်နှင့် ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေတို့ တွေ့ဆုံသည့်နေ့ကပင် အခြေခံအားဖြင့် သဘောတူညီမှု ရရှိပြီးဖြစ်သည်ဟု ယူဆပါသည်။ ထိုတွေ့ဆုံပွဲပြီးသည့်နောက်တွင်မှ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံကြသည့်အခါ ပြည်နယ် ၃ ခု (ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်) နှင့် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်များအဖြစ် တပ်မတော်မှ လိုလားသူများကို အန်အယ်လ်ဒီသမ္မတက လက်ခံရေးမှာ တပ်မတော်ဘက်မှ ထပ်ဆင့် အဆစ်တောင်းဆိုချက်တရပ်အဖြစ်သာ ယူဆပါသည်။ ဤကိစ္စများကို နှစ်ဘက် ဆွေးနွေးညှိနှိုင်း အဖြေရှာနေသည့် အချိန်အတောအတွင်း ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် နုတ်ထွက်ခါနီး အစိုးရဟောင်းအပေါ် ဖိအားပေးရာရောက်မည့် လွှတ်တော်အသီးသီးမှ မေးခွန်းများ မေးမြန်းခြင်း၊ အဆိုများ တင်သွင်းခြင်းများကို ပြင်းပြင်းထန်ထန် လုပ်ကိုင်လိုပုံ မရပါချေ။ ၂၂-၂-၂၀၁၆ ရက်နေ့က တိုင်းဒေသကြီး/ပြည်နယ်အများစုမှ လွှတ်တော်ဥက္ကဋ္ဌ၊ ဒု-ဥက္ကဋ္ဌများကို ခေါ်ယူတွေ့ဆုံကာ သက်ဆိုင်ရာ လွှတ်တော်တွင်း ဆောင်ရွက်ချက်များနှင့် ပတ်သက်၍ သတိထားလုပ်ကိုင်ကြရန် ပြောဆိုခဲ့ခြင်းဖြင့် ဒေါ်အောင်ဆန်းစုကြည်က ဤကိစ္စကို အလေးထားခဲ့ကြောင်း သိနိုင်ပေသည်။ အခြားတဘက်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ကလောတပ်နယ်မှ စစ်ဦးစီးတက္ကသိုလ် သင်တန်းသားများကို ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်၍ ပြောကြားရာမှာ အခြေခံဥပဒေ အခန်း (၁၂) ပါအတိုင်း ပြင်သင့် ပြင်ထိုက်သည့် အချက်များကို သင့်လျော်သည့်အချိန်တွင် ပြင်ဆင်မည်ဟု ပြောကြားသွားခဲ့ပေရာ လူပုဂ္ဂိုလ်တချို့ ပြောဆိုနေသလို ၅၉(စ) ကို ရပ်ဆိုင်းထားရေးဆိုသည်ကို တပ်မတော်က သဘောမတူဆိုသည့် သဘောပင်ဖြစ်ပါသည်။ လူပုဂ္ဂိုလ်တချို့ ပြောဆိုနေသည့် ၅၉(စ) ကို ရပ်ဆိုင်းထားရေးဆိုသည်မှာ တပ်မတော်၏ သဘောတူညီချက်ကို တောင်းခံစရာမလိုဘဲ ပြည်ထောင်စုလွှတ်တော်တွင် သာမန်မဲအများစု (Simple majority vote) ဖြင့် ဆောင်ရွက်ရေးဖြစ်ပေရာ ထိုသို့လုပ်ဆောင်ခြင်းကို ခွင့်ပြုလိုက်လျှင် နောက်နောင်လည်း အခြေခံဥပဒေမှ အနိုင်ရပါတီက သဘောမတူနိုင်သည့် ပုဒ်မများကို အလားတူ ဆောင်ရွက်သွားမည့်လမ်းကို ခင်းပေးရာ ရောက်ပေလိမ့်မည်။ အထူးအားဖြင့် ဤလုပ်ဆောင်ချက်က ဖွဲ့စည်းပုံပြင်ဆင်ရေးတွင် တပ်မတော်မှ ချုပ်ကိုင်ရန် အာမခံထားသည့် ပုဒ်မ ၄၃၆ ကိုပါ ရပ်ဆိုင်းရေးအထိ ရှေးရှုသွားမည်ကိုလည်း တပ်မတော်မှ လိုလားပုံမရပါချေ။ သို့ဖြစ်၍ ထိုသို့ဆောင်ရွက်မည့်ကိစ္စကို တပ်မတော်အနေဖြင့် သဘောမတူနိုင်ပါဟု ကာကွယ်ရေးဦးစီးချုပ်က ရှင်းရှင်းလင်းလင်း ပြောလိုက်ခြင်းလည်း ဖြစ်ပေသည်။ ထို့အပြင် Tomorrow ဂျာနယ်ပါ သတင်းတရပ်အရ ဖေဖော်ဝါရီလ ၁၈ ရက်နေ့က တွေ့ဆုံခဲ့သော ကာကွယ်ရေးဦးစီးချုပ်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံဆွေးနွေးပွဲတွင် ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ် ၀န်ကြီးချုပ် နှစ်နေရာကိုသာ တပ်မတော်စိတ်ကြိုက်ပုဂ္ဂိုလ်ကို အမည်စာရင်းတင်သွင်းရန် အဆိုပြုခဲ့သည် ဆိုသော သတင်းအရ မူလက ဝန်ကြီးချုပ် လေးနေရာ တောင်းဆိုထားသည်ကို အန်အယ်လ်ဒီက သဘောမတူသဖြင့် ကချင်ပြည်နယ်နှင့် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် နှစ်နေရာကို လျှော့ချကာ အဆိုပြုချက်အသစ်တရပ် တင်သွင်းခြင်းလားဟု တွေးတောမိပါသည်။ ထို့ပြင် ဖေဖော်ဝါရီလ ၂၄ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြပါရှိသော “သမိုင်းရာဇဝင်တွင် သစ္စာမဲ့သည့် လုပ်ရပ်များကြောင့် လွတ်လပ်ရေး ဆုံးရှုံးခဲ့ရပြီး သူ့ကျွန်ဘဝ ကျရောက်ခဲ့၊ ယင်းသစ္စာမဲ့မှု၏ အကျိုးဆက်အဖြစ် ပဋိပက္ခများကို ယနေ့တိုင် ဖြေရှင်းနေရဆဲဖြစ်” ဆိုသည့် သတင်းတွင် ကာကွယ်ရေးဦးစီးချုပ်က “အတိတ်သမိုင်းအရ မိမိတိုင်းပြည်အပေါ် သစ္စာမဲ့မှု၊ ပြည်ပနိုင်ငံအပေါ် သစ္စာခံမှု၊ တပ်မတော်အပေါ် သစ္စာမဲ့မှုများကြောင့် နိုင်ငံ့အရေးကိစ္စများတွင် များစွာရှုပ်ထွေးခဲ့ကြောင်း၊ ထိုသို့ ထပ်မံ မဖြစ်လာစေရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် သတ်မှတ်ချက်အချို့ ထည့်သွင်းထားခြင်းဖြစ်ကြောင်း” စသဖြင့် ထည့်သွင်းပြောဆိုသွားသည်ကို တွေ့ရပေသည်။ ထိုစကားပိုဒ်မှာ အခြေခံဥပဒေပါ ပုဒ်မ ၅၉(စ) ကို ရည်ညွှန်းခြင်းဖြစ်ပုံရသဖြင့် ၅၉(စ) ကို မပြင်ဆင်လိုကြောင်း ပြသလိုက်ပုံရပါသည်။ ဤသို့ဆိုလျှင် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်နိုင်ရေး တပ်မတော်၏ ထောက်ခံချက်ဖြင့် ၅၉(စ) ကို အခြေခံဥပဒေ အခန်း (၁၂) ပါအတိုင်း ပြင်ဆင်ရေးသည် မျှော်လင့်ချက်မှေးမှိန်သွားပြီ ဖြစ်ပေသည်။ ထိုသို့ ယတိပြတ်ငြင်းဆိုခြင်းမဟုတ်ဘဲ အလျှော့အတင်း သဘောမျိုးဖြင့် တပ်မတော်က ဖေဖော်ဝါရီလ ၁၈ ရက်နေ့က အဆိုပြုထားသော ဝန်ကြီးချုပ်နှစ်နေရာကို မရခဲ့လျှင် ၅၉(စ) ပြင်ဆင်ပေးရေးကိုလည်း သဘောမတူနိုင်ဟု အရိပ်အမြွက် ပြလိုက်ခြင်းဖြစ်သည် ဆိုလျှင်ကား အပေးအယူမျှရန် မျှော်လင့်ချက် ရှိနေပေသေးသည်။ ဝေဖန်သုံးသပ်သူတဦးမျှသာဖြစ်သော ကျနော့်အနေဖြင့်ကား သတင်းအတိအကျ မရသဖြင့် ခန့်မှန်းရေးသား သုံးသပ်ရခြင်းမျှသာ ပြုလုပ်နိုင်ပေရာ နိုင်ငံ့ကောင်းကျိုးအတွက် စေတနာဖြင့်သာ ဖြစ်စေလိုသည့် သဘောကို ရေးသားရပေရာ တပ်မတော်နှင့် အန်အယ်လ်ဒီတို့၏ ဆွေးနွေးညှိနှိုင်းမှုများ ပြေလည်စေချင်ပါသည်။ အကယ်၍ ဆွေးနွေးညှိနှိုင်းမှုများ အဆင်ပြေချောမွေ့လျှင် မတ်လ ၁၇ ရက်နေ့တွင် အမည်စာရင်း တင်သွင်းမည့် အန်အယ်လ်ဒီသမ္မတမှာ ၅၉(စ) ကို လွှတ်တော်တွင်း ပြင်ဆင်ခြင်း၊ ပြည်သူ့ဆန္ဒခံယူပွဲဖြင့် အတည်ပြုခြင်းများ မဆောင်ရွက်နိုင်ခင် ခေတ္တ တာဝန်ယူရမည့် သမ္မတသာ ဖြစ်ပေမည်။ ခေတ္တအားဖြင့် တာဝန်ယူရမည့် သမ္မတလောင်းသည် ဒေါ်အောင်ဆန်းစုကြည်ကိုယ်စား ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များ၊ ပြည်ထောင်စုအစိုးရ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ ရွေးချယ်ခြင်းကို မတ်လ မကုန်မီ ဆောင်ရွက်ရမည်ဖြစ်သည်။ အစိုးရသစ် အာဏာလွှဲပြောင်းပြီးသည့် ကာလနောက်ပိုင်း၊ ၅၉(စ) ကို လွှတ်တော်တွင်း လုပ်ထုံးလုပ်နည်းများအတိုင်း ပြင်ဆင်ပြီး ပြည်သူလူထု ဆန္ဒခံယူပွဲဖြင့် အတည်ပြုပြီးသည့်အခါ ထိုသမ္မတသည် နုတ်ထွက်ရမည်။ ထို့နောက် ဒုတိယသမ္မတ တဦး (သမ္မတရွေးခဲ့စဉ်က ဒုတိယမဲအများဆုံးရရှိခဲ့သူ) က ယာယီသမ္မတအဖြစ် ဆောင်ရွက်ကာ ထို ခေတ္တသမ္မတကို မူလက အဆိုတင်သွင်းခဲ့သည့် လွှတ်တော်က ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတလောင်းအဖြစ် ထပ်မံ အဆိုပြုရပေလိမ့်မည်။ ထို့နောက် ယခင်ရှိနေပြီးသော ဒုတိယသမ္မတ နှစ်ယောက်နှင့်အတူ ပြည်ထောင်စုလွှတ်တော်တွင် မဲပေးရွေးချယ်ခြင်း ခံခြင်းအားဖြင့် မဲအများဆုံးရရှိသူက သမ္မတဖြစ်လာပေလိမ့်မည်။ ဤသို့ လုပ်ထုံးလုပ်နည်းများအတိုင်း ဆောင်ရွက်ခြင်းမှာ အချိန်ကာလအားဖြင့် တစုံတရာ ကြာမြင့်သော်လည်း အစဉ်အလာအားဖြင့် ကောင်းမွန်သည့် အစဉ်အလာတရပ်ကို စိုက်ထူထားနိုင်ခြင်းဖြစ်မည်။ အရေးအကြီးဆုံးအချက်မှာ မြန်မာ့နိုင်ငံရေးတွင် အဓိကနေရာမှ ပါဝင်ပတ်သက်နေသေးသည့် တပ်မတော်နှင့် အပြန်အလှန်ယုံကြည်မှု၊ အပြန်အလှန် နားလည်မှု ရရှိရေးပင် ဖြစ်ပေသည်။ အခြေခံဥပဒေပြင်ဆင်ရေးကဲ့သို့ အရေးကြီးသည့်ကိစ္စကို ဆောင်ရွက်ရာတွင် တပ်မတော်နှင့် ညှိနှိုင်းတိုင်ပင်မှု ကြိုတင်မပြုလုပ်ဘဲ လွှတ်တော်တွင်း ဆောင်ရွက်ခဲ့ခြင်းများက တဘက်နှင့်တဘက် အထင်အမြင်လွဲမှားကာ မမျှော်လင့်သော ရလဒ်ဆိုးများ ရရှိနိုင်ကြောင်း ပြီးခဲ့သည့် ပထမအကြိမ်လွှတ်တော်က သက်သေပြခဲ့ပြီး ဖြစ်ပေသည်။ ကျနော့်အမြင်အားဖြင့် ပထမအကြိမ် လွှတ်တော်ကာလက ၆ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရန် လွှတ်တော်၏ တောင်းဆိုမှု မအောင်မမြင်ဖြစ်ခဲ့ပြီးနောက် လွှတ်တော်က မိမိအစီအစဉ်ဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကို ကြိုးစားခဲ့ရာ လွှတ်တော်နာယကအနေဖြင့် တပ်မတော်ကို ဂုဏ်သိက္ခာကျအောင် ပြုလုပ်သည်ဟု ထင်မြင်ယူဆခြင်း ခံခဲ့ရပေသည်။ နောက်ပိုင်းတွင် လွှတ်တော်နာယက သူရဦးရွှေမန်းမှာ ၎င်း၏ပါတီက ဥက္ကဋ္ဌတာဝန်မှ ဖြုတ်ချခြင်းကို ခံရသည်အထိ မမျှော်လင့်သော အကျိုးဆက်များကို ရင်ဆိုင်ခဲ့ရသည်။ ယခုလည်း ၅၉(စ) ပြင်ဆင်ရေးကို တပ်မတော်နှင့် နားလည်မှု၊ အပြန်အလှန် ယုံကြည်မှု ရရှိအောင် ကြိုးစားပြီးမှ ဆောင်ရွက်ခြင်းသည် နိုင်ငံ၏ ရှေ့ဆက်သွားမည့် ခရီးအတွက် အဆင်ပြေ အချောမွေ့ဆုံး ဖြစ်ပေလိမ့်မည်။ လွှတ်တော်သစ်၊ အစိုးရသစ် စတင်ကာစတွင်ပင် တပ်မတော်နှင့် အပြန်အလှန် ယုံကြည်မှု မတည်ဆောက်နိုင်ဘဲ နားလည်မှုများ လွဲမှားပါက နောက်ပိုင်းဆောင်ရွက်ရမည့် ပြည်တွင်းငြိမ်းချမ်းရေး အကောင်အထည်ဖော်မှု ကိစ္စရပ်များ၊ နိုင်ငံဖွံ့ဖြိုးရေး ကိစ္စရပ်များကို ချောချောမွေ့မွေ့ ဆောင်ရွက်နိုင်မည် မဟုတ်ပါချေ။ ပြည်တွင်းငြိမ်းချမ်းရေးရရှိပြီး နိုင်ငံစည်ပင် ဖွံ့ဖြိုးတိုးတက်လာပါမှ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနှင့်အတူ  ပြည်ထောင်စု မပြိုကွဲရေး အာမခံချက် ရှိလာမည်။ ဤလမ်းကို လျှောက်လှမ်းသည့် ဖြစ်စဉ်တွင် တိုင်းရင်းသားများ လိုလားသည့် ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စုစနစ် တည်ဆောက်ရေးမှာ မပါမဖြစ် လိုအပ်သည့် လုပ်ငန်းစဉ်ဖြစ်သဖြင့် လိုအပ်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးများကို တပ်မတော်က သဘောတူ လက်ခံလာအောင် အတူတကွ စဉ်းစားဆောင်ရွက်ကြရမည် ဖြစ်သည်။ ထိုသို့ ဖက်ဒရယ်စနစ် တည်ဆောက်ရာတွင် တပ်မတော်အနေဖြင့် လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဘောင်အတွင်းမှ ဗဟိုချုပ်ကိုင်မှု များလွန်းနေသည့် ဥပဒေပြုရေးနှင့် အုပ်ချုပ်ရေး အာဏာများကို လျှော့ချပေးရေးကိုသာ လိုလားပြီး တိုင်းရင်းသား နိုင်ငံရေးပါတီအချို့နှင့် လက်နက်ကိုင် အဖွဲ့အစည်းအချို့က အမေရိကန်ပုံစံ ဖက်ဒရယ်စနစ်ကို လိုလားကြောင်း အကြမ်းဖျင်း သိရှိနိုင်ပေရာ အန်အယ်လ်ဒီအစိုးရ အနေဖြင့် ဤအင်အားစု နှစ်ရပ်ကြားတွင် နှစ်ဘက် လက်ခံနိုင်စရာရှိသည့် အဆိုပြုချက်များကို ဆွေးနွေးတင်ပြ စည်းရုံးနိုင်ရေးမှာ အရေးကြီးလှပေသည်။ မသေးလှသည့် ဤတာဝန်များကို ချောချောမွေ့မွေ့ ထမ်းဆောင်နိုင်ရေးမှာ ပါဝင်ပတ်သက်နေသည့် အင်အားစုများအကြား အပြန်အလှန်ယုံကြည်မှု၊ အပြန်အလှန် နားလည်မှု တည်ဆောက်နိုင်ရေးက အခြေခံလိုအပ်ချက် ဖြစ်ပါကြောင်း တင်ပြလိုက်ရပေသည်။ ရဲထွန်း (သီပေါ )

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up