Live
Home
မေးမြန်းခန်း
အရေးကြီးအဆိုမှာ နောက်ကွယ်က အကျိုးစီးပွားတွေ ပါနေတယ်လို့ ယူဆတယ် - သမ္မတရုံး ဒု-ညွှန်ချုပ် ဦးဇော်ဌေး
အေးနိုင်
·
February 26, 2016
ဖေဖော်ဝါရီ ၂၅ ရက်နေ့က ပြည်သူ့လွှတ်တော်မှာ  တင်သွင်းပြီး ဆွေးနွေးဖို့ ဆုံးဖြတ်ခဲ့တဲ့ အရေးကြီးအဆိုဟာ အချက်အလက် မှားယွင်းမှုတွေရှိသလို အဆိုနောက်ကွယ်က အစီအစဉ်တွေကို သုံးသပ်နေတယ်လို့ သမ္မတရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက တုံ့ပြန်ပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က “နိုင်ငံတော် အစိုးရက ရွေးကောက်ပွဲပြီးနောက်ပိုင်း ဆောင်ရွက်နေသော နိုင်ငံပိုင်မြေ၊ နိုင်ငံပိုင်စက်ရုံများ၊ နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများကို အလျှင်စလို ငှားရမ်း ရောင်းချ လွှဲပြောင်း၊ ပုဂ္ဂလိကပိုင်ပြုလုပ်မှု၊ စီမံကိန်းများကို နေရာတကျ မစီမံဘဲ အဆောတလျှင် ခွင့်ပြုနေမှု၊ ကျူးကျော်များကို အဓမ္မဖယ်ရှားမှု၊ နိုင်ငံပိုင် သယံဇာတများကို လိုအပ်သော ဆောင်ရွက်မှုများ၊ သဘောတူညှိနှိုင်းမှုများ မပြုလုပ်ဘဲ အစိုးရတာဝန် မလွှဲပြောင်းမီ အလျှင်အမြန် စီမံခန့်ခွဲနေမှု စသည်တို့ကို နိုင်ငံတော်နှင့် နိုင်ငံသားတို့ အကျိုးအတွက် အသေးစိတ် စိစစ်ဟန့်တား၍ ထိန်းကြောင်းတည့်မတ်ပေးရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း” အရေးကြီး အဆိုကို တင်သွင်းခဲ့ပါတယ်။ ဒီအဆိုနဲ့ပတ်သက်လို့ မေးတဲ့အခါ ဦးဇော်ဌေးက “ဒီအရေးကြီးအဆိုရဲ့ နောက်ကွယ်က hiding agenda (နောက်ကွယ်ကအစီအစဉ်) တွေ၊ hiding interests (နောက်ကွယ်က အကျိုးစီးပွား) တွေပေါ့နော် ဒါတွေကိုလည်း ကျနော်တို့က အခု ထည့်ပြီးတော့ သုံးသပ်နေတယ်ပေါ့နော်” လို့ ပြောပါတယ်။ ဦးဇော်ဌေးကို အဆိုတင်သွင်းပြီး မိနစ်ပိုင်းအကြာမှာ ဆက်သွယ်မေးမြန်းထားပါတယ်။ အစိုးရတာဝန် လွှဲပြောင်းလုကာလမှာ စီမံကိန်းကြီးတွေ အပါအ၀င် သမ္မတ ဦးသိန်းစိန် အစိုးရက တက်သုတ်ရိုက် ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်လို့ စိစစ်ဖို့ အရေးကြီးအဆိုကို ပြည်သူ့လွှတ်တော်အမတ် ဒေါ်ခင်စန်းလှိုင်က တင်ခဲ့ပါတယ်။ ဒီအဆိုနဲ့ပတ်သက်လို့ ဘယ်လိုတုံ့ပြန်လိုပါသလဲခင်ဗျ။ "ဥပမာ နံပါတ် ၁ ဗျ။ နံပါတ် ၁ ကတော့ ၀န်ကြီးဌာန ၆ လအတွင်း လွှဲပြောင်းရာမှာ အလုပ်သမားအပေါ် အလေးမထားခြင်း၊ ဒညင်းကုန်းအုတ်စက်ရုံမှ အလုပ်သမား နှင်လွှတ်တယ်ဆိုတာ၊ အဲဒါက မဟုတ်ဘူး။ မဟုတ်တဲ့အကြောင်းကိုလည်း စက်မှုဝန်ကြီးဌာနက ရှင်းလိမ့်မယ်။ နောက်တခု ဒဂုံစီးတီးပေါ့နော် မာကားလန်းမတ်ခ်ကုမ္ပဏီ (Developers Marga Landmark, an international syndicate of Hong Kong)၊ ရွှေတိဂုံဘုရားနားမှာ ဆောက်မှာမို့လို့ ရဟန်းရှင်လူ ပြည်သူတွေက ကန့်ကွက်တဲ့အတွက် ကျနော်တို့က MIC (Myanmar Investment Commission) ကို ပြောပြီးတော့ တခြားနေရာ နိုင်ငံပိုင် အဆောက်အဦ မြေနေရာပေါ့နော် အစားပေးတာ။ အဲဒီတော့ မေးခွန်းရှိတာက ဒဂုံစီးတီးစီမံကိန်းပေါ့နော် Marga Landmark Company အဲဒီမှာပါတဲ့ မူလအတိုင်း ရွှေတိဂုံဘုရားမှာပဲ ကျနော်တို့ ဆောက်ခွင့်ပေးရမှာလား။ အဲဒီတော့ အစားပေးတဲ့နေရာက ရွှေတိဂုံဘုရားကို မထိခိုက်အောင်၊ အငြင်းပွားဖွယ်ရာ ပိသုကာတွေ၊ အင်ဂျင်နီယာပိုင်းဆိုင်ရာတွေ အများကြီး ကျယ်ကျယ်ပြန့်ပြန့် လုပ်ပြီးတဲ့အခါမှာ အမ်အိုင်စီကို ကျနော်တို့က သမ္မတကြီးကနေ တခြားနေရာ အစားပေးဆိုပြီးတော့ လုပ်လိုက်တယ်။ သူတို့လည်း မနစ်နာရအောင်ပေါ့နော်။ "အဲဒီတော့ အဲဒါ အစားပေးလိုက်တဲ့အတွက် ရွှေတိဂုံဘုရားကို မထိခိုက်တော့ဘူးပေါ့နော်။ နောက် နိုင်ငံသူ၊ နိုင်ငံသား၊ ရဟန်းရှင်လူ ပြည်သူတွေရဲ့ စိုးရိမ်ပူပန်မှုနဲ့လည်း ဝေးသွားတယ်။ အဲဒီတော့ ဒီလို အစားပေးတာကို မကျေနပ်ဘဲနဲ့ ရွှေတိဂုံဘုရားမှာပဲ ဆောက်စေချင်တာလား မေးစရာဖြစ်တယ်။ နောက်တခု နံပါတ် ၃ ပေါ့နော် ပြောသွားတာ။ ကျနော်လည်း အခုန နားထောင်နေတာ။ Spectrum (ရောင်စဉ်) ပေါ့နော်၊ Spectrum တွေကို ကျနော်တို့က နိုင်ငံပိုင်၊ Spectrum တွေက နိုင်ငံတော်ရဲ့ နိုင်ငံတော်ပိုင် အရင်းအမြစ်တွေဖြစ်တယ်။ အဲဒီကောင်တွေကို တင်ဒါပေးတဲ့ အခါပေါ့နော်၊ တင်ဒါပေးတဲ့ဟာကို ကျနော်တို့က နဂိုကတည်းက ရွေးကောက်ပွဲ မတိုင်ခင်ကလည်း ပေးဖို့လုပ်ထားတယ် ဆက်သွယ်ရေးဝန်ကြီးဌာနက၊ အဲဒါ လုပ်ထားတယ်ပေါ့နော်။ ဒါပေမယ့် ရပြီးသားလူတွေကတော့ ပြောရရင်တော့ ဘယ်လက်ခံမလဲ နောက်လူတွေ ပေးမယ်ဆိုတာ။ ရပြီးသား ဘယ်သူတွေ ရှိလဲဆိုတော့ ကျနော် နာမည်တော့ ထုတ်ဖော်မပြောတော့ဘူးပေါ့နော်၊ လွှတ်တော်နဲ့ ဆက်စပ်နေတဲ့ လူကြီးတယောက်ရဲ့ သားသမီးတွေ အဲဒါမျိုးတွေ Spectrum တွေ ရထားတယ်။ အဲဒီ Spectrum နဲ့ပတ်သက်လို့ ကျန်တဲ့သူတွေပါ ကျနော်တို့က တင်ဒါခေါ်ပြီးတော့ ပေးမယ့်ဟာက ဆက်သွယ်ရေးဝန်ကြီးဌာနရဲ့ process မှာ ပါပြီးသား။ သူက ကြေညာမှာ။ တင်ဒါဖွင့်မှာပေါ့နော် မတ်လမှာ။ အဲဒီတော့ ဒီတင်ဒါ process က ရွေးကောက်ပွဲပြီးလို့မှ လုပ်တာမဟုတ်ဘူး။ ရွေးကောက်ပွဲ မတိုင်ခင်ကလည်း လုပ်လာတဲ့၊ ဆက်သွယ်ရေးဝန်ကြီးဌာနက လုပ်လာတဲ့ ကိစ္စဖြစ်တယ်။ တင်ဒါတခုဟာ သတ်မှတ်တဲ့ အချိန်ကာလ သူဖွင့်မယ်၊ ကြေညာမယ်ဆိုရင်တော့ ကြေညာရမှာပဲ။ အဲဒီအတွက် အစိုးရ change မှာမို့လို့ သူ့ရဲ့တင်ဒါရပ်၊ အားလုံးရပ်ဆိုတဲ့ သဘောပေါ့။ ဒီပေါ်မှာ ကျနော်တို့က ရိုးသားမှု ရှိမရှိ၊ နဂိုက ဘယ်သူတွေ ရထားလဲ ဆိုတဲ့အချက်နဲ့ ၂၀၀၉ ပေါ့ဗျာ၊ ၂၀၀၉ ခုနှစ်မှာ ဒီ Spectrum တွေ သုံးစွဲနေတဲ့ ဆက်သွယ်ရေးလုပ်တဲ့ ကုမ္ပဏီတချို့ ရှိတယ်ပေါ့။ ဒီကုမ္ပဏီကတော့ ဘယ်ကြိုက်မလဲဗျ။ နောက်ထပ် သူ့အလားတူ လူတွေရလာမှာ။ ဒီပေါ်မှာလည်း ကျနော်တို့က အကျိုးစီးပွားတွေ ရောယှက်နေတာ။ ဒေါ်ခင်စန်းလှိုင်မေးတဲ့ မေးခွန်းမှာပါတဲ့ ဒီဟာကိုတော့ ကျနော်တို့က သံသယဖြစ်တယ်။ "နောက်တချက်ပေါ့နော်။ လျှပ်စစ်ဝန်ကြီးဌာန စီမံကိန်းတွေ အရေးတကြီး လက်မှတ်ထိုးဖို့ သဘောတူနေတယ်။ အဲဒီတော့ ကျနော်တို့က ရေအားလျှပ်စစ်၊ ရေအားလျှပ်စစ်လိုဟာမျိုးတွေပေါ့နော်၊ သူတို့က အချိန်နဲ့လုပ်ရတာ ရှိတယ်ပေါ့နော်။ အဲဒါတွေကလည်း လျှပ်စစ်ဝန်ကြီးဌာနက အကျယ်တ၀င့် ရှင်းပါလိမ့်မယ်။ "နောက်တချက်ပေါ့နော် စွမ်းအင်က လောင်စာဆီဆိုင် ၇၀ နဲ့ အခြားလုပ်ငန်းတွေ လွှဲပြောင်းပေးတယ်။ ဒါလည်း မမှန်ဘူးပေါ့နော်။ "နောက် ပြင်ဦးလွင် ကန်တော်ကြီး ရေဝေရေလဲဒေသ ကြားခံဇုန်မြေဧရိယာ ၂၇၂ ဒသမ ၁၅ ဧကပေါ့နော်။ အဲဒါကို စက်မှုဇုန်မြေဂရန်ပေါ့ ချပေးဖို့ ပြင်ဆင်နေတယ်။ ဒါလည်း သူက ပြင်ဦးလွင်မှာ ကျနော်တို့ မြေပြဿနာတွေ တက်ပြီးတော့ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့ပြီးတော့ ကျနော်တို့က စစ်တယ်။ အဲဒီမှာ ပြည်ထဲရေး၊ နောက် သက်ဆိုင်တဲ့ ၀န်ကြီးတွေပေါ့နော်၊ ဒုတိယ၀န်ကြီးတွေ တာဝန်ပေးပြီးတော့ ကျနော်တို့က စစ်ပြီးတော့ ဒီဟာကြီးကို ရပ်ဆိုင်းထားခိုင်း၊ ထားပြီးပြီပေါ့နော်။ ထားတော့၊ ဒါလည်း သူ့ရဲ့ အင်ဖော်မေးရှင်းက မှားနေတယ်။ "နောက် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး၊ ဂျိုက်ကာကနေပြီးတော့ အဆိုပြုတဲ့ ရန်ကုန်မြို့ ဖွံ့ဖြိုးရေးစီမံကိန်းပေါ့။ အဲဒါကလည်း တိုင်းဒေသကြီးလွှတ်တော်မှာ သူက ဆွေးနွေးထားတယ်။ ဒါက ဘယ်တုန်းက ဆွေးနွေးလဲဆိုတော့ ရွေးကောက်ပွဲမတိုင်ခင်က ဆွေးနွေးတယ်။ ရွေးကောက်ပွဲမတိုင်ခင်က တင်ဒါခေါ်ထားတယ်။ အဲဒီတော့ ခုနပြောတဲ့ တင်ဒါ process တွေက သူ့အချိန်နဲ့ သွားရတယ်ပေါ့နော်။ နိုင်ငံတကာ အဖွဲ့အစည်းတွေပါတယ်။ ကုမ္ပဏီတွေပါတယ်။ ဒီတင်ဒါတွေကို သူ့သတ်မှတ်ချိန်မှာ ဖွင့်ရမယ်ပေါ့နော်။ ဒါမျိုးတွေဖြစ်တယ်။ "နောက် ကျူးကျော်တွေ စာနာထောက်ထားစွာ စနစ်တကျ စီစဉ်ပြင်ဆင် ဆောင်ရွက်မှုမရှိဘဲ မြေနေရာရရှိရေးအတွက် အဓမ္မ ဖယ်ရှားနေတယ်။ ဒါကတော့ သက်သက်မဲ့ စွပ်စွဲတဲ့သဘောဖြစ်တယ်။ ဒါကတော့ မမှန်ဘူးပေါ့နော်။ ဒါကိုလည်း သက်ဆိုင်တဲ့ ၀န်ကြီးဌာနတွေ ကျနော်တို့ မီဒီယာကနေ ရှင်းပါလိမ့်မယ်။ "နောက်တခု လက်ပံတောင်းကိစ္စပေါ့နော်။ လက်ပံတောင်းကိစ္စက မေလပေါ့နော်၊ မေလမှာ သတ္တုရိုင်းထုတ်ဖို့ ရှိနေတယ်၊ အဲဒါကတော့ မေလမှာ သတ္တုရိုင်းထုတ်မယ်ဆိုရင်တော့ ဒီအစိုးရက မတ် ၃၀ ဆိုရင်ပြည့်ပြီ။ ၃၁ ဆို နောက်အစိုးရ ရောက်သွားပြီ။ ဧပြီ၊ မေ၊ ဒီဟာက နောက်အစိုးရလက်ထက်မှာ လုပ်ရမယ့်ကိစ္စ ဖြစ်တယ်ပေါ့နော်။ အဲဒီတော့ ကျနော်တို့က ဘာဖြစ်လာလဲဆိုတော့ အရေးကြီးအဆိုနဲ့ပတ်သက်လို့၊ အရေးကြီးအဆိုနဲ့ ပတ်သက်လို့ အင်ဖော်မေးရှင်းတွေ မှားတယ်။ တချို့ အကျိုးစီးပွားတွေ ပါတယ်လို့ သံသယရှိတယ်။ သူ့ဆီကို ဒီ information တွေ ဘယ်လိုရောက်လာလဲ။ source (သတင်းရင်းမြစ်) တွေကို ကျနော်တို့က သံသယရှိတယ်ပေါ့နော်။ "နောက်တချက်က ဒီအချိန်မှာပေါ့နော် အရမ်းကို ထရန်စစ်ရှင်းပေါ့နော် အကူးအပြောင်းမှာ ညင်သာချောမွေ့အောင် ကျနော်တို့က ပူးပေါင်းဆောင်ရွက်နေတဲ့ အပိုင်းပေါ့နော်။ ဒီအချိန်မှာ ဒါကို မေးမယ်မြန်းမယ်ဆိုရင် အရေးကြီးအဆို လိုသလားပေါ့။ တချို့ information တွေ မှားနေတယ်၊ တချို့ဟာတွေ ကျနော်တို့ ပြောမကောင်းလို့။ ပြောမကောင်းဘူးဆိုတာက spectrum လိုဟာမျိုးတွေကျတော့ ကျနော်တို့က သိတယ်။ အသေးစိတ်သိတယ်။ ပြောလို့မကောင်းလို့သာ မပြောတာပေါ့နော်။ အဲဒီနောက်မှာ ဘယ်လိုကနေ ဘယ်လို သူ့ကို ဂိုက်လိုင်းတွေ ရလာလဲတော့ မသိဘူးပေါ့နော်။ သို့သော် အဲဒီအပေါ်မှာလည်း ကျနော်တို့က transition (အကူးအပြောင်း) ကို ထိခိုက်မှာစိုးတယ်။ စိုးတဲ့အတွက်ကြောင့် ကျနော်တို့ အစိုးရအဖွဲ့ပေါ့နော် အစိုးရအဖွဲ့က လူကြီးတွေလည်း ဆွေးနွေးကြတယ်။ ဆွေးနွေးကြတော့ ကျနော် ပြောနိုင်သလောက် ပြောရမယ်ဆိုရင်ပေါ့နော်။ ဒီအရေးကြီးအဆိုပေါ့နော်။ ခုန မူးယစ်ဆေးဝါးတော့ ထားလိုက်တော့။ ဒေါ်ခင်စန်းလှိုင်ရဲ့ အဆိုနဲ့ပတ်သက်လို့ ဒီအဆိုကို တင်သွင်းတဲ့ ရည်ရွယ်ချက်ပေါ့နော်။ တင်သွင်းတဲ့ အချိန်ကာလပေါ့ အဲဒါတွေကလည်း ကျနော်တို့က အလေးထားပြီးတော့ စဉ်းစားရမယ့် အချက်တွေဖြစ်တယ်။ နောက်ဆုံး transition team တွေ တွေ့တဲ့အချိန်မှာ ဒါမျိုးပြောတာ မရှိဘူး။ အဲဒီတော့ မီဒီယာတွေမှာပါအောင် လွှတ်တော်ကြီးမှာပြောတယ် ဆိုတာက သူ့ရဲ့ရည်ရွယ်ချက်က ဘာလဲပေါ့နော်။ အဲဒီတော့ ကိုယ့်ရဲ့ လုပ်ဆောင်ရမယ့်ဟာတွေပေါ့နော်၊ အဲဒီ ကိုယ့်ရဲ့နယ်ပယ် ဒါတွေလည်း ရှိပါတယ်။ "ဒါမျိုးဆို အကုန်လုံးပေါင်းပြီးတော့ ခြုံငုံပြီးတော့ ပြောရမယ်ဆိုရင်တော့ပေါ့နော် အခု လွှတ်တော်ကိုယ်စားလှယ်တွေက ၅ နှစ်ပေါ့ တာဝန်ယူရမယ်။ အစိုးရအသစ် မပေါ်လာသေးဘူးပေါ့နော်။ အစိုးရအသစ် ပေါ်လာတဲ့အချိန်မှာ ခုနပြောတဲ့ check and balance တွေ သူတို့လုပ်ရဦးမယ်ပေါ့နော်။ တင်ဒါပရောဆက်တွေနဲ့ ပတ်သက်လို့လည်း ကျနော်တို့က ကိစ္စတခုကို သိချင်တယ်ဆိုရင် ၀န်ကြီးဌာနတွေကို စာနဲ့ပေါ့နော် မေးလို့လည်း ရပါတယ်။ ဒီ အကုန်လုံးကို စုပြုံပြီးတော့ ပြောလိုက်တဲ့အတွက် နှစ်ဦးနှစ်ဘက် misunderstanding (နားလည်မှုလွဲ) ဖြစ်စရာ အများကြီး ဖြစ်တယ်ပေါ့နော်။ ဖြစ်တော့ transition အကူးအပြာင်းလေးမှာ ကျနော်တို့က ခက်ခဲပါတယ်။ ခက်ခဲတယ်ဆိုတာ အထိအခိုက် မခံဘူးပေါ့။ မခံတဲ့ဟာလေးတွေမှာ ဒါမျိုးလုပ်တဲ့အတွက် ဒီဟာရဲ့ ရည်ရွယ်ချက်ပေါ့နော်၊ နောက်တချက်က ဒီ ဒေါ်ခင်စန်းလှိုင် အရေးကြီးအဆိုရဲ့ ရည်ရွယ်ချက်အပြင် နောက်ကွယ်က hiding agenda (နောက်ကွယ်က အစီအစဉ်) တွေ ဘာတွေရှိသလဲ ဆိုတဲ့ဟာတွေပါ ကျနော်တို့က တွက်ရတဲ့ အနေအထားမျိုး ဖြစ်လာတယ်ပေါ့နော်။ လောလောဆယ်တော့ ကျနော်တို့က အဲလောက်ထိပဲ ပြောနိုင်တယ်။” မနက်ဖြန် အရေးကြီးအဆိုကို လွှတ်တော်မှာ ဆွေးနွေးမယ်ဆိုရင် ဦးဇော်ဌေး ကျနော့်ကို ရှင်းပြသလို သက်ဆိုင်ရာ ၀န်ကြီးဌာနတွေကလည်း လွှတ်တော်မှာ တက်ရှင်းပြတဲ့၊ ရှင်းလင်းရတဲ့ အလေ့အထ ရှိတယ်မဟုတ်လား။ မနက်ဖြန်ကျရင် သွားကြမလား။ “အရင်တုန်းက ရှိတယ်။ အရင်လွှတ်တော် အရင်အစိုးရပေါ့နော်။ အဲဒီမှာ ကျနော်တို့က ဥပဒေပိုင်းဆိုင်ရာ အငြင်းပွားစရာလေး ဖြစ်နေတယ်။ အခုလည်း ဆွေးနွေးနေကြတယ်ပေါ့နော်။ ဥပဒေပညာရှင်တွေ၊ ကျွမ်းကျင်တဲ့သူတွေ။ အခုဟာက လွှတ်တော်အသစ်နဲ့ အစိုးရအဟောင်းပေါ့နော်။ အဲလိုဖြစ်နေတယ်။ လွှတ်တော်အသစ် အစိုးရအသစ် မဟုတ်သေးဘူး။ လွှတ်တော်အသစ် အစိုးရဟောင်း ဖြစ်နေတယ်။ အရင်တုန်းကတော့ ကျနော်တို့က လွှတ်တော်အသစ်၊ အစိုးရအသစ်ပေါ့နော် ဒီလိုသွားခဲ့တာ။ အဲဒီတော့ အခုလက်ရှိ အစိုးရက လွှတ်တော်ဟောင်းမှာ သူတို့က ကျမ်းကျိန်ထားတဲ့ဟာ ဖြစ်နေတယ်။ အဲဒီတော့ ဥပဒေကြောင်းအရ၊ ဥပဒေကြောင်းအရ လူကြီးတွေလည်း ဆွေးနွေးဆောင်ရွက်နေတာတွေ ရှိတယ်။ ဥပဒေပညာရှင်တွေပေါ့နော် ဥပဒေဆိုင်ရာ ရှုထောင့်၊ အခြေခံဥပဒေ၊ သက်ဆိုင်ရာဥပဒေ၊ နည်းဥပဒေတွေနဲ့ အညီပေါ့နော်။ ဒါပေမယ့် ယေဘုယျပေါ့ဗျာ ဒါကတော့ လူကြီးတွေ သူတို့လုပ်ပါလိမ့်မယ်။ အခု ယေဘုယျခြုံပြီး ပြောရမယ်ဆိုရင်တော့ ဒီလုပ်တဲ့ဟာတွေမှာ ကျနော်တို့က ဥပဒေနဲ့ မညီဘူးပေါ့နော်၊ ဥပဒေနဲ့ မညီဘူးဆို ထောက်လို့ရတယ်။ နောက်တချက်က အခုနပြောတဲ့ ဥပဒေအပြင် သက်ဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေ၊ စည်းမျဉ်းစည်းကမ်းတွေနဲ့ မညီဘူးဆိုတဲ့ အဲလိုမျိုးထောက်တဲ့ point of view ပေါ့နော် ဥပဒေစိုးမိုးရေးထောင့်ကနေ ကြည့်ပြီးတော့ လုပ်တဲ့ဟာပြောတယ်။ အခု သူပြောတဲ့ဟာကို ယေဘုယျခြုံပြီး ကြည့်လိုက်တဲ့အခါ ကျနော်တို့ ဥပမာပြောရရင် ဆိုရှယ်မီဒီယာ ဖေ့စ်ဘွတ်ခ်လိုနေရာမျိုးမှာ ရေးချင်ရာရေး၊ တင်ချင်ရာတင်တဲ့ ပုံစံမျိုး ရမ်းသန်းမန်းသန်းနဲ့ ပြောနေတာတွေရှိတယ်။ တချို့ဟာတွေကျတော့ တော်တော်ကြီးကို မှားနေတယ်ပေါ့နော်။ မှားနေတော့ ကျနော်တို့က ဖြေမယ်၊ မဖြေဘူး၊ သွားပြီး ရှင်းမယ်၊ မရှင်းဘူးဆိုတာကတော့ ဒါကတော့ လူကြီးတွေ လုပ်လိမ့်မယ်ပေါ့ဗျာ။ ဒါပေမယ့် ကျနော်ခုနပြောတဲ့ သဘောက နံပါတ် ၁ ဒီအချိန်ကာလသည် အထိခိုက်မခံတဲ့ transition ကူးပြောင်းရေးကာလ ဖြစ်နေတယ်။ ဒီအချိန်မှာ နှစ်ဦးနှစ်ဘက် နားလည်မှုပေါ့နော်၊ အဓိကကတော့ ဆိုလိုတာကတော့ ကျနော်တို့ တစိုက်မတ်မတ်ပြောနေတဲ့ နားလည်မှု အရေးကြီးပါတယ်။ အဲဒီ နားလည်မှုတွေ လွဲမှားသွားမယ်ဆိုရင် နောက်ထပ် မကောင်းဘူးပေါ့။ "အဲလိုအနေအထားမျိုးတွေ ဖြစ်လာရင်။ ဖြစ်လာနိုင်တယ်ပေါ့နော်၊ ဖြစ်လာနိုင်တဲ့အတွက် ဒီဟာတွေက ဥပမာ ဒီဘက်ကဟာတွေကို ဘယ်လိုဘယ်လိုလဲဆိုတာ ဦးစွာပေါ့နော် နည်းလမ်းအမျိုးမျိုးနဲ့ စုံစမ်းလို့ရပါတယ်။ အဲလိုမျိုး လုပ်ရမယ့်အပိုင်းပေါ့နော်၊ ကုန်စင်အောင် လုပ်ပြီးပြီလားဆိုတဲ့အပေါ်မှာ ကျနော်တို့က သံသယရှိတယ်။ နောက် ခုနပြောတဲ့ အကျိုးစီးပွားနဲ့ဆိုင်တဲ့ စီမံကိန်းတွေကို တားမြစ်တာမျိုးတွေ ပါလာတဲ့အခါမှာတော့ စဉ်းစားစရာ ဖြစ်လာတာပေါ့နော်၊ စဉ်းစားစရာဖြစ်နေတယ်။ အဲဒီတော့ ဒီရဲ့နောက်ကွယ်က၊ ဒီအရေးကြီးအဆိုရဲ့ နောက်ကွယ်က hiding agenda (နောက်ကွယ်ကအစီအစဉ်) တွေ၊ hiding interests (နောက်ကွယ်က အကျိုးစီးပွား) တွေပေါ့နော် ဒါတွေကိုလည်း ကျနော်တို့က အခု ထည့်ပြီးတော့ သုံးသပ်နေတယ်ပေါ့နော်။ "ခြုံပြီးပြောလိုက်မယ်ဆိုရင်တော့ အရေးကြီးအဆို၊ အထူးသဖြင့် ဒေါ်ခင်စန်းလှိုင်ရဲ့ အရေးကြီးအဆိုနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ကတော့ အချက်အလက် မပြည့်စုံဘူး။ နံပါတ် ၂ ကတော့ information အမှားတွေပါတယ်။ နံပါတ် ၃ အချက်ကတော့ ခုနပြောတဲ့ hiding interest တွေပေါ့နော်။ အဲဒီနောက်ကွယ်က အကျိုးစီးပွားတွေ ဒါတွေပါနေတယ်လို့ ယူဆတယ်။” မူးယစ်ဆေးဝါးဆိုင်ရာ အရေးကြီးအဆိုအတွက် အစိုးရဘက်ကို ဖိတ်ထားတာ မလာတာကို လွှတ်တော်ချယ်နယ် တိုက်ရိုက်ထုတ်လွှင့်မှုမှာ နိုင်ငံသားတွေက တွေ့တော့ ‘အစိုးရက ဘာလို့ မလာတာလဲ၊ လွှတ်တော်ကို အလေးမထားတာလား’ ဆိုတဲ့ တွေးဆချက် ပေါ်စေတယ်။ ဒီအပေါ် သမ္မတရုံးက ဘယ်လိုတုံ့ပြန်ချင်ပါသလဲခင်ဗျာ။ “အဲဒါလည်း ကျနော်တို့ အချိန်တန်ရင် အခု ဥပဒေကြောင်းအရပေါ့နော် ကိစ္စတွေ ပြီးပြတ်ရင် လူထုကို ပြောမှာဖြစ်ပါတယ်။ သတင်းစာတွေ၊ မီဒီယာတွေမှာလည်း ရှင်းတာလင်းတာ လုပ်မှာဖြစ်ပါတယ်။ အခုလောလောဆယ်တော့ ဥပဒေကြောင်းအရ ဆွေးနွေးညှိနှိုင်းနေဆဲပေါ့နော်။ အဲဒီတော့ ကျနော်တို့ကတော့ အခုလောလောဆယ် အခုန ဥပဒေကြောင်းအရ လာရခြင်း၊ မလာရခြင်းအပိုင်းနဲ့ ပတ်သက်လို့တော့ အခြေခံဥပဒေ၊ ကျန်တဲ့ဥပဒေတွေနဲ့ ကျနော်တို့ လေ့လာသုံးသပ်ပြီးတော့ ပြန်ပြီးတော့ ဆွေးနွေးနေတဲ့အပိုင်းပဲ ဖြစ်ပါတယ်။ အဲဒီတော့ အဲဒါနဲ့ပတ်သက်ပြီးတော့ ပြောလို့မရသေးဘူး။ သို့သော် ပြောလို့ရတာကတော့ ခုန ဒေါ်ခင်စန်းလှိုင် အရေးကြီးအဆိုကို ပြောလို့ရတယ်။ အဲဒီအတွက် ကျနော်က ပြောတယ်ပေါ့။”

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024