မန်ယူ ဂိုးပြတ်နိုင်ပြီး ယူရိုပါလိဂ် နောက်တဆင့်တက် (ရုပ်သံဟိုက်လိုက်)

ဖေဖော်ဝါရီ ၂၆ ရက် မနက်ပိုင်းက ကစားသွားတဲ့ ယူရိုပါလိဂ် ရှုံးထွက် ဒုတိယအကျော့ပွဲစဉ်မှာ အင်္ဂလန် ပရီးမီးယားလိဂ်ကလပ် မန်ချက်စတာယူနိုက်အသင်းနဲ့ ဒိန်းမတ် မက်ဂျီလန်းတို့ ကစားတဲ့ပွဲမှာ မန်ယူက ၅ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ အိုးထရက်ဖို့ဒ်မှာ ကစားတဲ့ပွဲမှာ မက်ဂျီလန်းအသင်းက ပထမပိုင်း ၂၇ မိနစ်မှာ ဗွေဆော်ဦးဂိုး သွင်းယူပြီး ပွဲကို ဦးဆောင်ခဲ့ပါတယ်။ ဒီနောက် ၃၂ မိနစ်မှာ မက်ဂျီလန်း ကစားသမားတဦး ကိုယ့်ဂိုးကိုယ် သွင်းမိတဲ့အတွက် မန်ယူတို့ ၁ ဂိုး ရရှိခဲ့ပြီး ပထမပိုင်းကို ၁ ဂိုးစီသရေနဲ့ ပြီးဆုံးခဲ့ပါတယ်။ ပထမပိုင်းမှာ မန်ယူအသင်း ရုန်းကန်ခဲ့ရသလို မာတာကလည်း ရရှိတဲ့ ပင်နယ်တီကို ၀င်အောင် မသွင်းနိုင်ခဲ့ပါဘူး။ မန်ယူတိုက်စစ်မှူး မာရှယ် ၀င်မကစားနိုင်တာကလည်း အသင်းအတွက် တိုက်စစ်အားနည်းသွားခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ မန်ယူ ကစားကွက် ပိုမိုကောင်းမွန်လာပါတယ်။ မန်ယူအသင်းက လူငယ်ကစားသမားတချို့ကို ထုတ်သုံးခဲ့သလို ဒီလူငယ်ကစားသမားတွေ ခြေစွမ်းပြပြီး ဂိုးတွေ သွင်းယူခဲ့တာပါ။ ဒုတိယပိုင်းမှာ မန်ယူရဲ့ ဆယ်ကျော်သက် ကစားသမား မာကပ်ရှပ်ဖို့ဒ်က ၆၃ မိနစ်နဲ့ ၇၅ မိနစ်မှာ ၂ ဂိုးဆက်တိုက် သွင်းယူခဲ့သလို ဟာရဲရားနဲ့ ဒီပေးတို့ကလည်း ဂိုးတွေသွင်းယူခဲ့လို့ ပွဲအပြီးမှာ မန်ယူက ၅ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိသွားတာ ဖြစ်ပါတယ်။ ဒီပွဲမှာ မန်ယူအသင်း ဘောလုံးပိုင်ဆိုင်မှု အသာစီးရယူ ကစားခဲ့ပါတယ်။ ပထမအကျော့တုန်းက မက်ဂျီလန်းအသင်းက ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့သလို ဒုတိယအကျောမှာ မန်ယူက ဂိုးပြတ်နဲ့ အနိုင်ရသွားတဲ့အတွက် ၂ ပွဲပေါင်း ရလဒ် ၆ ဂိုး ၃ ဂိုးနဲ့ နောက်တဆင့်ကို တက်ရောက်သွားပါတယ်။

More News
Up