မွမ်ဘိုင်းဗုံးခွဲမှုနှင့် ပတ်သက်ပြီး ထောင်ဒဏ်ကျခံခဲ့ရသည့် ဘောလိဝုဒ်ရုပ်ရှင်မင်းသား ပြန်လွတ်

အေအက်ဖ်ပီ
အိန္ဒိယနိုင်ငံ ဘောလိဝုဒ် ရုပ်ရှင်လောက ငွေကြယ်ပွင့် ရုပ်ရှင်မင်းသား စန်ဂျေး ဒွတ်သ်ဟာ ၁၉၉၃ မွမ်ဘိုင်းဗုံးခွဲမှုနဲ့ ပတ်သက်ပြီး ထောင်ဒဏ် ၅ နှစ် ကျခံနေရာက ဖေဖော်ဝါရီ ၂၅ ရက်နေ့မှာ ပူးနေးမြို့ ရာဝဒဗဟိုထောင်ကနေ ပြန်လွတ်လာပါတယ်။ အသက် ၅၆ နှစ်အရွယ် ရုပ်ရှင်မင်းသားက ဇနီးသည်နဲ့အတူ လေဆိပ်ကို မထွက်လာခင် ထောင်ကို အလေးပြုခဲ့ပါတယ်။ ဘောလိဝုဒ်ရဲ့ နာမည်အကြီးဆုံး ငွေကြယ်ပွင့်တွေထဲက တဦးဖြစ်သူ စန်ဂျေးဟာ ထောင်ထဲမှာ ကောင်းကောင်းနေခဲ့လို့ သတ်မှတ်ရက်မစေ့မီ ၈ လအလိုမှာ ပြန်လွတ်လာခဲ့တာပါ။ မွမ်ဘိုင်းတိုက်ခိုက်မှုအတွက် ပြစ်ဒဏ်စီရင်ခံရတဲ့ အမျိုးသားတွေဆီက တရားမဝင် လက်နက်တွေကို သူ့ဆီမှာ တွေ့ခဲ့လို့ ထောင်ဒဏ် ၆ နှစ် ပြစ်ဒဏ် စီရင်ခံခဲ့ရတာပါ။ အာမခံမရဘဲ အချုပ် ၁၈ လ ကျခဲ့ပြီးမှ ၂၀၁၃ မတ်လမှာ ထောင်ထဲထည့်ဖို့ တရားရုံးက အမိန့်ပေးခဲ့ပါတယ်။ သူဟာ မန်နာဘိုင် ရုပ်ရှင်ဇာတ်ကားမှာ ကောင်းတာလုပ်တဲ့ ဂိုဏ်းစတားတဦးအဖြစ် သရုပ်ဆောင်ခဲ့လို့ ကျော်ကြားခဲ့ပါသေးတယ်။ မွမ်ဘိုင်း တိုက်ခိုက်မှုတွေအတွင်း ရိုင်ဖယ်နဲ့ ပစ္စတို သေနတ်တွေ တရားမဝင် ပိုင်ဆိုင်မှုနဲ့ တရားစွဲခံရတာလည်း ဖြစ်ပါတယ်။ သူကတော့ မွမ်ဘိုင်းမှာ အဓိကရုဏ်းဖြစ်နေတုန်း သူ့မိသားစုနဲ့ သူ့ကိုယ်သူ ကာကွယ်ဖို့ ဒီလက်နက်တွေကို ဆောင်ထားတာလို့ ပြောပါတယ်။ သူဟာ မွမ်ဘိုင်းဗုံးခွဲမှုမှာ ပါဝင်တဲ့ လူအယောက် ၁၀၀ ထဲမှာ နာမည်အကြီးဆုံးပါ။ ဒီအမှုနဲ့ပတ်သက်ပြီး လူ ၁၂ ဦး သေဒဏ်ကျခံရပြီး တခြား အယောက် ၂၀ ကတော့ ထောင်ဒဏ်တသက်တကျွန်း ပြစ်ဒဏ် စီရင်ခံရပါတယ်။ စန်ဂျေးဟာ အောက်လွှတ်တော် ဝန်ကြီးဟောင်းနဲ့ ရုပ်ရှင်မင်းသားဟောင်း စူနီးလ်ဒွတ်သ်နဲ့ ရုပ်ရှင်မင်းသမီး နာဂစ်တို့ရဲ့သား ဖြစ်ပါတယ်။

More News
Up