အန်အယ်လ်ဒီကိုကူညီပံ့ပိုးရင် တပ်မတော်နဲ့ပြည်သူသဟဇာတဖြစ်မယ် – ဦးကိုနီ

ဓာတ်ပုံ - ဦးကိုနီဖေ့စ်ဘွတ်ခ်
1.9K
ဧပြီ ၁ ရက်နေ့ဆို အစိုးရသစ်တက်မှာမို့ သီတင်းပတ် ၅ ပတ်သာကျန်တော့တယ်။ ရွေးကောက်ပွဲမှာ ပြည်သူတင်မြှောက်ခဲ့တဲ့ ကိုယ်စားလှယ်တွေဟာ တိုင်းပြည်ရဲ့ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး မဏ္ဍိုင် သုံးရပ်မှာ ဘယ်လောက်အတိုင်းအတာထိ လုပ်ကိုင်ခွင့်ရ၊ အခြေအနေတိုးတက်အောင် ပြုပြင်ပြောင်းလဲခွင့်ရှိကြမလဲ။ သူတို့အတွက် ဘယ်လို အဆီးအတားတွေ ရှိနေလဲ စတာတွေနဲ့ပတ်သက်လို့ တရားလွှတ်တော်ရှေ့နေ ဦးကိုနီကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းပါတယ်။
ဒီမိုကရေစီနိုင်ငံတွေက အစိုးရတွေဟာ ပြည်သူပြည်သားတွေအတွက် ဘယ်လို ကိုယ်စားပြု အာမခံပြီးအလုပ်လုပ်ကြသလဲဆိုတာ အဓိပ္ပာယ်ဖွင့်ပြောပြပေးပါ။
“ဒီမိုကရေစီနိုင်ငံတွေမှာ ဥပဒေပြုအဖွဲ့၊ ပထမထောက်ဖြစ်တဲ့ ဥပဒေပြုအဖွဲ့က တရားမျှတတဲ့ ဥပဒေတွေ ပြဌာန်းပေးဖို့၊ တနည်းအားဖြင့် ပြည်သူတွေရဲ့ ဘ၀ကို တရားဥပဒေနဲ့ လုံခြုံအောင် ကာကွယ်ပေးဖို့၊ ဒါဟာ အဓိကတာဝန်ပဲ။ အုပ်ချုပ်ရေးဌာန ဒီအစိုးရအဖွဲ့က သူတို့ကို ရွေးကောက် တင်မြှောက်ပေးထားတဲ့ ပြည်သူတွေရဲ့ဘ၀လုံခြုံမှုရှိအောင် လက်တွေ့ စီမံအုပ်ချုပ်ပေးဖို့ပဲ။ အေးချမ်းသာယာတဲ့ဘ၀တွေ၊ လုံခြုံတဲ့ဘ၀တွေကို၊ လွတ်လပ်တဲ့ဘ၀တွေကို ပိုင်ဆိုင်အောင် အဓိက လက်တွေ့အကောင်အထည်ဖော်ပေးရမှာက ဒါက အုပ်ချုပ်ရေးဌာနရဲ့အလုပ်။ တရားရေး ဌာနက အဲဒီအုပ်ချုပ်ရေးဌာနက ပျက်ကွက်လာတာတွေရှိရင် သို့မဟုတ် အုပ်ချုပ်ရေးဌာန ကနေပြီးတော့ ပြည်သူတွေအပေါ် တရားစွဲတင်လာတဲ့အမှုမျိုးတွေ ရှိလာရင် အဲဒီအပေါ်မှာ တကယ့် မှန်ကန်မျှတတဲ့ ဆုံးဖြတ်ချက်ကို ချမှတ်ပေးပြီးတော့ တရားဥပဒေစိုးမိုးရေးကို ထိန်းသိမ်းပေးဖို့ပဲ။ ဒီအလုပ်သုံးခုကို လုပ်ရပါတယ် ဌာနသုံးခုက။”
ရွေးကောက်ပွဲရလဒ်အရ အများစု အနိုင်ရတဲ့ပါတီက ဥပဒေပြုရေးမဏ္ဍိုင် လွှတ်တော်မှာ ကိုယ်စားလှယ်အများစုနဲ့ လွှမ်းမိုးထားတာတွေ့ရပါတယ်။ အဲဒီပါတီက အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် လွှတ်တော်တွင်း၊ လွှတ်တော်ပမှာ ဘာတွေလုပ်သင့်သလဲ။
“လွှတ်တော်အပနိုင်ငံရေးဆိုတာကတော့ ပြည်သူအားလုံးနဲ့ဆိုင်တဲ့ နိုင်ငံရေး။ လွှတ်တော်တွင်း နိုင်ငံရေးဆိုတာကတော့ အရွေးခံရတဲ့ လွှတ်တော်အမတ်တွေထဲမှာ အုပ်စုအားပြိုင်မှုအပေါ်မှာ လုပ်ရတဲ့နိုင်ငံရေးပေါ့။ အဲဒီတော့ လောလောဆယ်တော့ ဗမာနိုင်ငံရဲ့လွှတ်တော်မှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ထက်ဝက်ကျော် ပြတ်ပြတ်သတ်သတ်ရထားတဲ့အတွက် လွှတ်တော်တွင်း အားပြိုင်တဲ့နိုင်ငံရေးမျိုးကတော့ နည်းပါလိမ့်မယ်။ တပ်မတော်နဲ့အားပြိုင်မှု၊ တပ်မတော် ကိုယ်စားလှယ်တွေနဲ့ အားပြိုင်မှုရှိလာရင်တောင် ဒီဘက်က အသာစီးရှိတယ်ပေါ့ဗျာ။ သို့သော် လည်းပဲ တပ်မတော်နဲ့ လက်ရှိအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့ လွှတ်တော်တွင်းမှာ အားပြိုင်သည် ဖြစ်စေ၊ မပြိုင်သည်ဖြစ်စေ၊ တကယ်လို့ ပြည်သူလူထုလိုလားတဲ့၊ တရားမျှတတဲ့ဥပဒေတွေကို ပြဌာန်းပေးတာမျိုးမရှိဘူးဆိုရင်၊ မတရားတဲ့ဥပဒေတွကို ဖျက်သိမ်းပေးတာမျိုး မရှိဘူးဆိုရင်၊ တနည်းအားဖြင့် တရားဥပဒေစနစ်ကို အကောင်အထည်ဖော်ပြီးတော့မှ ပြည်သူတွေရဲ့ ဘ၀လုံခြုံမှုကို ကာကွယ်ပေးတာမျိုး မလုပ်ဘူးဆိုရင် ပြည်သူလူထုက လွှတ်တော်ပြင်ပနိုင်ငံရေး ဆိုတဲ့ ပြည်သူ့လှုပ်ရှားမှု ပုံစံနဲ့ လွှတ်တော်ပေါ်မှာ ဖိအားပေးဖို့ တောင်းဆိုဖို့၊ ဆန္ဒတွေ ထုတ်ဖော်ဖို့ ဒါတွေလုပ်လို့ရတယ်။ အဲဒါကတော့ ကျနော်တို့ လွှတ်တော်ပြင်ပနိုင်ငံရေးလို့ ခေါ်တယ်။ အဲဒီတော့ လောလောဆယ် လွှတ်တော်အသစ်ဟာ သူ့ရဲ့လုပ်ငန်းတာဝန်တွေ ကောင်းစွာ မစနိုင်သေးတဲ့အခါကျတော့ ပြည်သူလူထုက စောင့်ကြည့်နေတဲ့ အနေအထားမှာပဲ ရှိသေးတယ်။ တကယ်လို့ မကျေနပ်ဘူးဆိုရင်တော့ အဲဒီလွှတ်တော်ပြင်ပနိုင်ငံရေး၊ ပြည်သူ တရပ်လုံးရဲ့ နိုင်ငံရေးဟာ ပေါ်လာမှာပါပဲ။
ရွေးကောက်ပွဲမှာ မဲပေးခဲ့ကြသူတွေက သူတို့သဘောကျတဲ့ ခေါင်းဆောင်က ဦးဆောင်ပြီး တိုင်းပြည်ကို အုပ်ချုပ်တော့မယ်လို့ ထင်နေကြတယ်။ အုပ်ချုပ်ရေးမဏ္ဍိုင်က တကယ်က ဘယ်သူ့လက်အောက်မှာရှိလဲ။ တကယ့်တကယ်အုပ်ချုပ်မှာက ဘယ်သူလဲ။
“တကယ့်အုပ်ချုပ်ရေးမဏ္ဍိုင်က ဘယ်သူ့အောက်မှာရှိရမလဲဆိုတဲ့ဟာကို အမှန်တကယ်သဘောနဲ့ တရားဥပဒေသဘော နှစ်ခုခွဲပြီးပြောရမယ်။ အမှန်တကယ် နိုင်ငံ့အုပ်ချုပ်ရေးဟာ ပြည်သူ့ဆန္ဒနဲ့ အညီ ပြည်သူရွေးကောက်တင်မြှောက်ထားတဲ့သူတွေရဲ့ အောက်မှာပဲရှိရမယ်။ ဆိုလိုတာက တော့ ဗျာ တည့်တည့်ပြောရရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို အပြတ်အသတ် ပြည်သူလူထု ထောက်ခံပေးလိုက်တာက လာမယ့် ၅ နှစ်ကို ဒေါ်အောင်ဆန်းစုကြည်က တိုင်းပြည်ကို ဦးဆောင်အုပ်ချုပ်တာကို လိုချင်လို့ ပေးလိုက်တာပဲ။ အဲဒါက အမှန်တကယ်ကိစ္စ။ တရားဥပဒေနဲ့ ပြောရလို့ရှိရင် ပြည်သူလူထုက ဒေါ်အောင်ဆန်းစုကြည်ကို တိုင်းပြည်ကို အုပ်ချုပ်ဖို့ဆိုတဲ့ စေတနာနဲ့၊ စိတ်နေစိတ်ထားနဲ့ ရွေးကောက်တင်မြှောက်လိုက်သော်လည်းပဲ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၅၉ (စ) က သွားပြီးတော့ ဟန့်တားထားတဲ့အတွက် လက်တွေ့ ဒေါ်အောင်ဆန်းစုကြည်ဟာ တိုင်းပြည်ကို သမ္မတအနေနဲ့အုပ်ချုပ်ဖို့ အခက်အခဲ အများကြီးဖြစ်နေ တယ်။ အဲဒီတော့ ဒီအခက်အခဲကို လွန်မြောက်သွားအောင် တနည်းမဟုတ်တနည်း ဖြေရှင်းပေးရမယ်။ ကျနော်တို့ပြော နေတဲ့ ၅၉ (စ) ဆိုင်းငံ့တာပဲဖြစ်ဖြစ်၊ ပြင်ဆင်တာပဲဖြစ်ဖြစ်၊ တနည်းနည်းနဲ့ ဒေါ်အောင်ဆန်းစုကြည်တိုင်းပြည်ကို အုပ်ချုပ်နိုင်အောင် လမ်းဖွင့်ပေးရင် ဒါ ပြည်သူ့ဆန္ဒအတိုင်း အမှန်တကယ်တိုင်းပြည်ကို အုပ်ချုပ်တဲ့ပုံစံဖြစ်သွားမယ်။ တကယ်လို့ အဲဒီလိုမဟုတ်ဘူး တရားဥပဒေနဲ့ ဆက်ပြီးတော့ ဟန့်တားထားမယ်ဆိုရင် အဲဒီလို ဟန့်တားဖို့ ကျိုးစားနေတဲ့လူဟာ ပြည်သူ့ဆန္ဒကို ဆန့်ကျင်တဲ့လူ ဖြစ်သွားလိမ့်မယ်။ မတည်ငြိမ်တဲ့နိုင်ငံရေး အနေအထားကို ရောက်သွားလိမ့်မယ်။ ပြည်သူလူထုက သူတို့ဖြစ်စေချင်တဲ့လူ၊ သူတို့ အုပ်ချုပ်စေချင်တဲ့လူ တိုင်းပြည်ကို အုပ်ချုပ်ခွင့်မရဘူးဆိုရင် ရအောင် ဆက်ပြီးတော့မှ လွှတ်တော်ပြင်ပနိုင်ငံရေးမျိုးနဲ့ လှုပ်ရှားလာတာကို ကြုံရလိမ့်မယ်ခင်ဗျ။”
အစိုးရအဖွဲ့က ဒီပုဒ်မ ၅၉ (စ) ကိစ္စ ပြေလည်သွားသည်ပဲထားပါတော့။ သူတို့နှစ်သက်တဲ့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း သမ္မတဖြစ်တယ်ပဲထားပါတော့။ အခုလက်ရှိ ဖွဲ့စည်းပုံအရဆိုရင် ပြည်ထဲရေးဝန်ကြီး၊ နယ်စပ်ရေးရာလုံခြုံရေးဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီးဌာန တွေကိုလည်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အောက်မှာရှိတော့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့အစိုးရ အုပ်ချုပ်လို့ရပါ့မလား။ ကာကွယ်ရေးဦးစီးချုပ်လက်အောက်ကနေ အုပ်ချုပ်တာ မဟုတ်ဘူးလား။ ဘယ်လိုနားလည်ရမလဲ။
“မှန်တယ်ခင်ဗျ။ အဲဒါက ကျနော်တို့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ အခက်ခဲဆုံးအပိုင်းပါပဲ၊ အကျပ်တည်းဆုံး အပိုင်းပါပဲ။ လွှတ်တော်မှာလည်း တပ်မတော်က ၂၅ ရာခိုင်နှုန်းယူထားတယ်။ ဒါပေမယ့် ၂၅ ရာခိုင်နှုန်းယူထားတဲ့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဖို့ကိစ္စသာ မတတ် နိုင်တာ၊ ကျန်တဲ့ဥပဒေတွေ ပြဌာန်းတာကိုကျတော့ လွှတ်တော်က လုပ်လို့ရတယ်။ တကယ့် အုပ်ချုပ်ရေးဘက်မှာလည်းပဲ တကယ့်အရေးအကြီးဆုံးဌာနဖြစ်တဲ့ လက်နက်ကိုင်ဆောင် ခွင့်ရှိတဲ့ အဖွဲ့တွေကို သမ္မတရဲ့အောက်မှာ မပေးဘဲနဲ့ ကာကွယ်ရေးဦးစီးချုပ်က ချုပ်ကိုင်ထားတဲ့အတွက် သမ္မတဟာ အုပ်ချုပ်ရေးဌာနရဲ့ အကြီးအကဲလို့ ပြောနေသော်လည်းပဲ လက်တွေ့တိုင်းပြည်ကို သူကိုယ်တိုင် အုပ်ချုပ်ဖို့ကတော့ အတော်အခက်အခဲရှိတယ်။ ဒါဟာ ဒီမိုကရေစီနိုင်ငံ မဟုတ်သေး ဘူး၊ ဒီမိုကရေစီစနစ်ကို မရောက်သေးဘူးဆိုတာရဲ့ ထင်သာမြင်သာပြယုဂ်ပဲ၊ သက်သေပဲ။ အဲဒီတော့ ကျနော်တို့ရဲ့ဖွဲ့စည်းပုံက သမ္မတဟာ အုပ်ချုပ်ရေးဌာနရဲ့ အကြီးအကဲလို့ ပြောတယ် ခင်ဗျ။ ဥပမာ ပုဒ်မ ၁၆ ဆိုရင် နိုင်ငံတော်ရဲ့အကြီးအကဲရော၊ အုပ်ချုပ်ရေးဌာနရဲ့ အကြီးအကဲရော သမ္မတဖြစ်တယ်လို့ သူက ဆိုတယ်။ ပြီးတော့တခါ ပုဒ်မ ၅၈ မှာ နိုင်ငံသားအားလုံးရဲ့ အထွဋ်အထိပ်ပုဂ္ဂိုလ်တဲ့ သမ္မတကို ပြောထားတယ်။ ပြီးတော့တခါ ပုဒ်မ ၁၉၉ မှာ နိုင်ငံတော် သမ္မတဟာ အုပ်ချုပ်ရေးဌာနရဲ့ အကြီးအကဲ၊ အစိုးရအဖွဲ့ရဲ့ အကြီးအကဲလို့ဆိုတယ်။ အဲဒီတော့ နေရာများစွာမှာ သမ္မတကို အကြီးအကဲလို့ ဆိုထားတယ်၊ ပြောထားတယ်။ ပြီးတော့လည်းပဲ အဲဒီအကြီးအကဲဖြစ်တဲ့ နိုင်ငံတော်သမ္မတဟာ နိုင်ငံတော်အုပ်ချုပ်ရေးနဲ့ ပတ်သက်လို့ ပြည်ထောင်စုလွှတ်တော်ကို တာဝန်ခံရမယ်ဆိုပြီး တာဝန်လည်း တင်ထားပေးတယ်။ အဲဒီတော့ နာမည်လည်း သမ္မတဆိုတဲ့နာမည်၊ အကြီးအကဲဆိုတဲ့နာမည်လည်းပေးတယ်၊ ခင်ဗျားတာဝန် ယူရမယ်လို့လည်း ပြောထားတယ်။ ဒါပေမယ့်လို့ တကယ့်တကယ်ကျတော့ တိုင်းပြည်ကို အုပ်ချုပ်ကာ သမ္မတမဟုတ်ဘူး၊ ကာကွယ်ရေးဦးစီးချုပ်ဖြစ်နေတယ်။ အဲဒီတော့ အုပ်ချုပ်နိုင်တဲ့ အခွင့်အာဏာကိုတော့ ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ခန့်ထားတဲ့ ပုဂ္ဂိုလ်တွေကို ပေးထားပြီးတော့ တာဝန်ကျတော့ သမ္မတကို ယူခိုင်းတယ်။ လုပ်ပိုင်ခွင့်ကို တခြားတယောက်ကို ပေးထားတယ်။ တာဝန်ကျတော့ မဆိုင်တဲ့လူကို လာခံခိုင်းထားတယ်။ အဲဒါဟာ အဆီအငေါ် မတည့်တဲ့ဖွဲ့စည်းပုံအခြေခံဥပဒေကြီးပါပဲ။ ဒါဟာ ကျနော်တို့ အမြန်ဆုံးပြင်ရမယ့် အနေအထား ပါပဲ။ အမြန်ဆုံးပြင်နိုင်မှပဲ ချောမွေ့တဲ့အုပ်ချုပ်ရေးစနစ် ပေါ်ပေါက်လာမှာပါ။
အဲဒီတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အစိုးရအဖွဲ့ဖွဲ့စည်းမယ်ဆိုရင် တပ်က အုပ်ချုပ်တယ် ဆိုရင် သမ္မတက ကာကွယ်ရေးဦးစီးချုပ်ကို ပြောင်းလဲခန့်အပ်ပြီးတော့ အုပ်ချုပ်လို့ရော မရဘူးလား။
“အဲဒါလည်းပဲ အခက်အခဲရှိနေတယ်။ လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေ ၃၄၂ မှာ ကာချုပ်ကို ခန့်ပုံခန့်နည်း ပြဌာန်းထားတယ်။ ကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီရဲ့ ထောက်ခံချက်ဖြင့် သမ္မတက ခန့်ရမည်လို့ ပြောထားတယ်။ ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီရဲ့ ထောက်ခံချက် ဆိုတော့ အဲဒီ ကာလုံမှာက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ၆ မဲရှိနေတယ်။ အဲဒီတော့ ကာကွယ်ရေးဦးစီးချုပ်ကို ကာကွယ်ရေးဦးစီးချုပ်ကရွေးပြီး သမ္မတက ခန့်ပေးရမယ့် ပုံမျိုးဖြစ်နေ တယ်။ အဲဒီတော့ ဒါလည်းပဲ ကျနော်တို့တိုင်းပြည်မှာ အဆင်မပြေသေးပါဘူး။ အဲဒီတော့ အဓိကကတော့ တကယ့်ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ်ကို သေသေချာချာ အကောင်အထည်ဖော်ဖို့ ဆိုလို့ရှိရင်တော့ ကျနော်တို့ မကြာမတင်ကာလမှာ အဲဒီဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ပစ်ဖို့ လိုပါတယ်။ အဲဒါ မပြင်နိုင်ဘူးဆိုရင်တော့ အုပ်ချုပ်ရေးမှာ အခက်အခဲတွေ အမျိုးမျိုး ကြုံတွေ့ နေရမှာပါပဲ။
အစိုးရသစ်လက်ထက်မှာ တရားရေးမဏ္ဍိုင်ကရော ထူးထူးခြားခြား တိုးတက်ပြောင်းလဲလာမယ် ဆိုတဲ့ အချက်အလက်တွေ တွေ့ရလား။
“လောလောဆယ် အစိုးရသစ်လက်ထက် မရောက်သေးတဲ့အတွက် အဲဒါတော့ ပြောဖို့ခက်ပါ တယ်။ လက်ရှိအနေအထားကတော့ တရားရေးမဏ္ဍိုင်သည် လုံးဝ အုပ်ချုပ်ရေးမဏ္ဍိုင်ရဲ့ အောက်မှာပဲ ရှိနေပါတယ်။ အဓိက တရားရေးမဏ္ဍိုင်ရဲ့ထိပ်ပိုင်းတွေအားလုံးကို သမ္မတက ခန့်ပြီးတော့ လွှတ်တော်မှာ ငြင်းခွင့်မရှိဘူး။ လွှတ်တော်က အတည်ပြုပေးရမယ်လို့ ဆိုထားတဲ့ အတွက် တကြောင်းပေါ့။ နောက်ပြီးတော့လက်တွေ့လည်းပဲ ကျနော်တို့ တရားစီရင်ရေးစနစ်ဟာ ၁၉၆၂ တော်လှန်ရေးကောင်စီ အာဏာသိမ်းပြီးကတည်းက အုပ်ချုပ်ရေးဌာနရဲ့ လက်ကိုင်တုတ် အဖြစ် သုံးလာတာဟာ ဒီကနေ့ထိ သုံးနေတုန်းပဲ။ ဒီကနေ့ထိ တရားရုံးတွေ အားလုံးဟာ အုပ်ချုပ်ရေးဌာနရဲ့ အလိုကျပဲ လုပ်ပေးနေတယ်။ အုပ်ချုပ်ရေးဌာနက လူတယောက်ကို ပုဒ်မ ၅ ခုနဲ့တရားစွဲလည်း အဲဒီ ၅ ခုစလုံးနဲ့ တရားရုံးကလက်ခံပြီး ၅ ခုစလုံးနဲ့ အပြစ်ပေးတယ်။ တကယ်တော့ ဒီလူဟာ တခုပဲကျူးလွန်တယ်၊ ပြုလုပ်မှုက တခုပဲပြုလုပ်တယ်။ ကိုအေးနိုင်တို့ လည်း မြင်ပါတယ်ဗျာ တရားရုံးတွေမှာ ပုဒ်မတွေ အများကြီးနဲ့တရားစွဲထားတယ်။ လုပ်တာက တခု၊ စွဲတာက အများကြီး။ အဲဒီတော့ အဲဒါတွေဟာ ကျနော်တို့ တရားစီရင်ရေးစနစ်လည်းပဲ ဒီမိုကရေစီစံနှုန်းနဲ့ လုံးဝမညီသေးဘူးဆိုတာကို ပြနေတာပါပဲ။ အများကြီးပြောင်းရပါဦးမယ်။”
ခုနမေးခွန်းလေးပြန်ကောက်ရရင် အုပ်ချုပ်ရေးကို ရွေးကောက်ခံမဟုတ်တဲ့အဖွဲ့အစည်းတခု တပ်မတော်က ကိုင်ထားတော့လေ၊ လူထုကနေ ရွေးချယ်တင်မြှောက်လိုက်တဲ့ ကိုယ်စားလှယ် တွေက ဘာအလုပ်တွေ လုပ်ကြမှာတုန်း။
“လူထုရွေးကောက်တဲ့သူကတော့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးကို အကောင်အထည်ဖော်တဲ့ အလုပ်တွေကျတော့ လုပ်နိုင်တယ်။ ဥပမာ-ကျန်းမာရေးတို့၊ ပညာရေးတို့၊ တည်ဆောက်ရေးတို့ ဒါတွေအားလုံးလုပ်လို့ရတယ်။ လက်တွေ့ ပြည်သူလူထုဘ၀ကို လုံလုံခြုံခြုံဖြစ် အောင် အုပ်ချုပ်တဲ့ အခန်းကဏ္ဍမှာသာ မပါနိုင်တာ။ အဲဒီတော့ အရေးအကြီးဆုံးကဏ္ဍပေါ့ဗျာ ပြည်သူလူထုရဲ့ ဘ၀လုံခြုံမှုကို အာမခံတဲ့ ကိစ္စကိုကျတော့ သူ့မှာလုပ်နိုင်တဲ့အခွင့်အာဏာ မရထားဘူး ဖြစ်နေတယ်။”
သမာသမတ်ကျတဲ့ တရားစီရင်ရေး။ လူကြည်ညိုတဲ့ တရားစီရင်ရေးစနစ်ဖြစ်အောင် အခုအတိုင်းဆို တက်လာမယ့်အစိုးရက စွမ်းပ့ါမလား။ အကန့်အသတ်ရှိမှာပေါ့နော်။
“ကျနော်တို့ ပြုပြင်ပြောင်းလဲရေးက ကျနော်ထင်တာပေါ့နော် ကျနော့်ရဲ့ တသီးပုဂ္ဂလ အယူအဆကတော့ အခုမှ စရလိမ့်မယ်လို့ ထင်တယ်။ ပြီးခဲ့တဲ့ ၅ နှစ်ဟာ အဟောင်းပါပဲ။ ကျနော်တို့ မူပြောင်းပြီးတော့ လူဟောင်းက မူဟောင်းနဲ့ပဲ ပြန်အုပ်ချုပ်တဲ့သဘောပါ။ အဲဒီတော့ ရွေးကောက်ပွဲပြီးပြီဆိုတော့ လွှတ်တော်အသစ်ပေါ်လာပြီ။ မကြာခင် အစိုးရအဖွဲ့အသစ် ပေါ်လာတော့မယ်။ အဲဒီ အစိုးရအဖွဲ့ကလည်း အပြည့်အ၀ အလုပ်လုပ်နိုင်တဲ့ အဖွဲ့မျိုးတော့ မဟုတ်ဘူး။ အကန့်အသတ်နဲ့ လုပ်နိုင်တဲ့အဖွဲမျိုးပဲ။ သို့သော်လည်းပဲ အဲဒီအနေအထားကနေ တဆင့် ရှေ့ကိုတိုးပြီးတော့ တကယ့်စစ်မှန်တဲ့ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်နိုင်အောင်၊ တကယ့်စစ်မှန်တဲ့ ဒီမိုကရေစီစနစ်၊ ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်၊ ဒီမိုကရေစီတရားစီရင်ရေးစနစ် ပေါ်လာအောင် ဆက်ပြီးတော့ ကြိုးပမ်းအားထုတ်သွားဖို့ အများကြီးလိုဦးမယ်။ နိုင်ငံသားအားလုံး လည်းပဲ တာဝန်မပြီးသေးပါဘူး။ သူတို့ ရွေးကောက်တင်မြှောက်ပြီးယုံနဲ့မရသေးဘူး၊ လက်တွေ့ အလုပ်လုပ်နိုင်အောင် ဆက်ပြီး ကျနော်တို့ တွန်းအားတွေ၊ ဖိအားတွေ ပေးနေရဦးမှာပါပဲ။”
ဒီမိုကရေစီနိုင်ငံတွေမှာ အချုပ်အခြာအာဏာကို ဘယ်သူတွေက ပိုင်လဲ။ ဘယ်လိုအကြံပြုစရာ ရှိမလဲခင်ဗျ။
“ဒီမိုကရေစီနိုင်ငံမှာ အချုပ်အခြာအာဏာကို ပြည်သူလူထုက ပိုင်ပါတယ်။ နိုင်ငံတော်အာဏာရဲ့ ပင်ရင်းပိုင်ရှင်က ပြည်သူဖြစ်ပါတယ်။ အဲဒီနိုင်ငံတော်အာဏာကို ပိုင်ရှင်ဖြစ်တဲ့ ပြည်သူတွေ ရွေးကောက်တင်မြှောက်ထားတဲ့သူတွေပဲ ခံယူကျင့်သုံးခွင့်ရှိတယ်။ ဥပဒေပြုအာဏာကို ပြည်သူတွေရွေးတဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ချည်းပဲ ဆောင်ရွက်ရပါလိမ့်မယ်။ အဲဒီတော့ တပ်မတော်သား ၂၅ ရာနှုန်း လုံးဝ ထွက်သွားတော့မှ တကယ့်စစ်မှန်တဲ့ ဒီမိုကရေစီ ပါလီမန်ဖြစ်ပါလိမ့်မယ်။ အလားတူပဲ အုပ်ချုပ်ရေးဌာနမှာလည်း တပ်မတော်တခုလုံးဟာ၊ ကာကွယ်ရေးဦးစီးချုပ်အပါအ၀င် တပ်မတော်တခုလုံးဟာ အစိုးရအဖွဲ့အောက်ကိုရောက်ရမယ်။ သမ္မတရဲ့အောက်မှာ ကာကွယ်ရေးဝန်ကြီးရှိရမယ်။ ကာကွယ်ရေးဝန်ကြီးအောက်မှာမှ ကာကွယ်ရေးဦးစီးချုပ်ရှိရမယ့် အနေအထားရောက်အောင် ပြင်ဆင်နိုင်မှ တကယ့်ဒီမိုကရေစီ ညီညွတ်တဲ့အုပ်ချုပ်ရေးစနစ် ပေါ်ပေါက်လာမယ်။ အလားတူ တရားရေးကိုလည်း သမ္မတက အမည်စာရင်းသာ တင်သွင်းပြီးတော့မှ လွှတ်တော်ကနေ သေသေချာချာ စိစစ်ပြီးတော့ ခန့်အပ်တဲ့ တရားသူကြီးတွေက လွတ်လွတ်လပ်လပ်၊ အစိုးရ မဟုတ်ရင်လည်း မဟုတ်ဘူး ဆိုတာ ပြတ်ပြတ်သားသား ဆုံးဖြတ်နိုင်တဲ့ လွတ်လပ်တဲ့ တရားစီရင်ရေးစနစ်မျိုးကို ထူထောင်နိုင်မှသာ ဒီမိုကရေစီစံနှုန်းနဲ့ ညီညွတ်တဲ့ တရားစီရင်ရေးစနစ် ဖြစ်လာပါလိမ့်မယ်ခင်ဗျ။”
အန်အယ်လ်ဒီက ဥပဒေပြုအာဏာတော့ လွှတ်တော်မှာရနေကြတယ်ပေါ့။ တကယ်ကို ၁၀၀ ရာနှုန်း ရနေပြီလို့ ပြောလို့ရလားခင်ဗျ။
“သာမန် ၅၁ ရာခိုင်နှုန်းနဲ့ ဆုံးဖြတ်ပြဌာန်းလို့ရတဲ့ကိစ္စအားလုံး ဆောင်ရွက်လို့ရပါပြီ။ သို့သော်လည်းပဲ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်နိုင်တဲ့အာဏာ မရသေးပါဘူး။ ဒါကြောင့် အပြည့်အ၀ရတယ်လို့ ကျနော်တို့ မဆိုနိုင်သေးပါဘူး။”
ရွေးကောက်ပွဲပြီးကတည်းကဆို ဒေါ်အောင်ဆန်းစုကြည်နဲ့ ကာချုပ်နဲ့ တတိယအကြိမ် တွေ့ကြပြီးပြီ။ ဧပြီ ၁ ရက်နေ့မတိုင်ခင် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အပေးအယူ အလျော့ အတင်းတွေနဲ့ နိုင်ငံရေးလမ်းကြောင်းအရသွားမှပဲရမယ့်အနေအထားမှာ သူတို့နှစ်ဦးကို ဘာအကြံပြုပြောကြားစရာရှိမလဲ။
“အဲဒီ အပေးအယူဆိုတဲ့စကားပေါ့ဗျာ။ အဲဒီ အပေးအယူဆိုတဲ့စကားနဲ့ ကျနော်တို့ ရှေ့ကို သွားရမယ်ဆိုတဲ့နေရာမှာ ကျနော်က အပေးအယူဆိုတဲ့ဟာကို သိပ်မကြိုက်ဘူးဗျ။ ညှိနှိုင်း ဆွေးနွေး ပြီးတော့မှ တိုင်းပြည်တိုးတက်ရာတိုးတက်ကြောင်းကို လုပ်သွားရမယ်လို့ ကျနော်က အဲလိုတိုက်တွန်းအကြံပြုချင်တယ်။ အပေးအယူဆိုတော့ တောင်းရတော့မယ် တဖက်က၊ တဖက်က ပေးရတော့မယ်။ ဥပမာ ကျနော်တခုပြောပြမယ်ဗျာ ဒါ မဟုတ်တော့ မဟုတ်ပါဘူး၊ ကောလာဟလပါ၊ ကဲ ရန်ကုန်တိုင်း ၀န်ကြီးချုပ်ကို တောင်းတယ်လို့ ကြားတယ်ဗျာ။ မဟုတ်လောက်ဘူးနော် ဒါ ကျနော်က ဥပမာ ပြောပြတာ။ ကောင်းပြီ ရန်ကုန်တိုင်းဝန်ကြီးချုပ် ရာထူးကို ပေးပါလို့တောင်းတယ်၊ ဒီက ပေးရမယ်ဆိုပါစို့၊ ဒါက အပေးအယူ။ ဟုတ်ပြီ ရန်ကုန်တိုင်းကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အုပ်ချုပ်စေချင်လို့ ရန်ကုန်သူရန်ကုန်သား အားလုံးက သူတို့မဲကို ပုံအောပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ပေးလိုက်တယ်။ အဲဒီတော့ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ပဲဖြစ်ဖြစ်၊ သို့မဟုတ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေနဲ့ပဲ ဖြစ်ဖြစ် ရန်ကုန်တိုင်းရဲ့အုပ်ချုပ်ရေးကို တပ်မတော်ကို သူ ဘယ်လိုမှ ပေးလို့မရဘူး။ ပေးပိုင်ခွင့် မရှိဘူး။ အဲဒီလိုပေးလိုက်တာနဲ့ ပြည်သူ့ရဲ့ဆန္ဒကိုကျော်သွားတာ ဖြစ်တော့မယ်။ ဒါကြောင့်မို့လို့ တောင်းတဲ့သူကလည်း ဒါမျိုး တောင်းလို့မရဘူး။ ပေးတဲ့သူကလည်း ပေးဖို့အခွင့်အာဏာ သူ့မှာ မရှိဘူး။ ဒါကြောင့် အပေးအယူဆိုတာက သူ့မှာ ပေးလို့ရတာရှိတယ်၊ ပေးလို့မရတာရှိတယ်။ အဲဒီတော့ ပေးလို့မရတာတွေကို တောင်းပြီးတော့မှ ဟာ အပေးအယူမရှိတဲ့ကိစ္စဆိုပြီးတော့မှ အကြောင်းပြပြီးတော့မှ တိုင်းပြည်ရဲ့ တိုးတက်ရာ တိုးတက်ကြောင်းကို နောက်ပြန်ဆွဲမယ် ဆိုရင်တော့ ဒါ နည်းနည်းလေး ကျနော်တို့ ရည်မှန်းချက် ကျနော်တို့သွားချင်တဲ့ Goal ကို သွားဖို့တော့ အခက်အခဲကြုံရမှာပဲ။ ဒါကြောင့်မို့လို့ အပေးအယူပုံစံထက် တိုင်းပြည်အကျိုးကိုဆိုတဲ့ စိတ်စေတနာနဲ့ ညှိနှိုင်းတိုင်ပင်ပြီးလုပ်ရမယ်။ တိုတိုနဲ့ တည့်တည့်ပြောရရင် ပြည်သူတရပ်လုံးက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ပုံပြီးတော့ မဲအောလိုက်ပြီ။ တိုင်းပြည်ကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အုပ်ချုပ်ဖို့ ပြည်သူက ဆန္ဒပြုလိုက်ပြီ။ အဲဒီတော့ အဲဒီပြည်သူ့ဆန္ဒကို တတ်နိုင်သမျှ ထောက်ခံလိုက်လျောပြီးတော့မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ကူညီပံ့ပိုးပေးမယ်ဆိုရင် တပ်မတော်လည်းပဲ ပြည်သူ့ဆန္ဒကိုလိုက်လျောတဲ့ တပ်မတော်ဆိုတဲ့ အမြင်မျိုး ရလာမယ်။ တပ်မတော်နဲ့ပြည်သူလည်း သဟဇာတဖြစ်မယ်။ တိုင်းပြည်လည်း ဖွံ့ဖြိုးတိုးတက်သွားမယ်။ အဲဒီလိုမဟုတ်ဘဲ ကာကွယ်ရေး ဦးစီးချုပ်က ဖွဲ့စည်းပုံအခြေခံကြီးကို ကိုင်ပြီးတော့မှ ကျုပ်ကတော့ ဥပဒေနဲ့အညီပဲလို့ ပြောရင် အဲဒါ ပြည်သူ့ဆန္ဒကို ဖွဲ့စည်းပုံကိုကိုင်ပြီး ပြည်သူ့ဆန္ဒကို ဆန့်ကျင်တဲ့ သဘောဖြစ်သွားမယ်။ ပြည်သူ့ဆန္ဒနဲ့ ဖွဲ့စည်းပုံ ဘာအရေးကြီးသလဲဆိုရင် ဘယ်နိုင်ငံမှာမဆို ပြည်သူ့ဆန္ဒထက် အရေးကြီးတာ ဘာမှ မရှိဘူး။ အဲဒီပြည်သူက ဟောဒီ ၂၀၀၈ ဖွဲ့စည်းပုံ တအုပ်လုံးမကြိုက်ဘူးဆိုရင်တော့ ဖျက်ပစ်ဖို့ပဲ ရှိတယ်။ ဖွဲ့စည်းပုံကို ဖက်ထားလို့မရဘူး၊ ပြည်သူ့ဆန္ဒကိုပဲ ကျနော်တို့က အဓိကယူရမယ်။ ဒီသဘောတရားကို အားလုံးနားလည်မယ် ဆိုရင်တော့ ကျနော်တို့တိုင်းပြည် အရှေ့ကို အလျင်အမြန်တိုးတက်သွားမှာပဲခင်ဗျ။”