အပစ်အခတ်ရပ်စဲရေးကို သဘောတူလက်ခံဟု ဆီးရီးယားအစိုးရနှင့် သူပုန်အဖွဲ့ ကြေညာ

5.1K
လာမယ့် ဖေဖော်ဝါရီ ၂၇ ရက်နေ့မှာ စတင်မယ့် ဆီးရီးယားစစ် အပစ်အခတ်ရပ်စဲရေးကို သဘောတူ လက်ခံတယ်လို့ ဆီးရီးယားအစိုးရနဲ့ အဓိက အတိုက်အခံ သူပုန်အဖွဲ့တို့က ဖေဖော်ဝါရီ ၂၄ ရက်နေ့က ကြေညာပါတယ်။
ဒီ ဆီးရီးယားစစ် အပစ်အခတ်ရပ်စဲရေး အစီအစဉ်ကို အမေရိကန်နဲ့ ရုရှားနိုင်ငံတို့ ဦးဆောင်ကြိုးစားနေကြပြီး ဆီးရီးယားအစိုးရကတော့ ထိုးစစ်တွေကို ရပ်ဆိုင်းမယ်လို့ ကြေညာထားပါတယ်။
အတိုက်အခံ သူပုန်တပ်ဖွဲ့တွေကတော့ ဆီးရီးယားအစိုးရ စစ်တပ်ရဲ့ အရပ်သားတွေအပေါ် ထိုးစစ်အခြေအနေကို စောင့်ကြည့်မယ်လို့ ပြောဆိုထားပါတယ်။
အခုလာမယ့် ၂၇ ရက်နေ့မှာ စတင်မယ်လို့ ကြေညာထားတဲ့ အပစ်အခတ် ရပ်စဲရေးမှာ အစွန်းရောက် အကြမ်းဖက်အဖွဲ့တွေဖြစ်တဲ့ အိုင်အက်စ် အကြမ်းဖက်တပ်ဖွဲ့နဲ့ ဆီးရီးယားသူပုန်တပ်ဖွဲ့တဖွဲ့ ဖြစ်တဲ့ အယ်လ် နက်စရာ တပ်ဦးတို့တော့ မပါဝင်ပါဘူး။
အယ်လ် နက်စရာတပ်ဦးဟာ အရင်က အယ်ကိုင်းဒါး အကြမ်းဖက်အဖွဲ့ရဲ့ လက်အောက်ခံ ဖြစ်ခဲ့ပြီး ဆီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်းဒေသ နယ်မြေအများအပြားကို သိမ်းပိုက်ထားတာပါ။
၅ နှစ်နီးပါး ကြာလာပြီဖြစ်တဲ့ ဆီးရီးယားစစ်အတွင်း လူ ၂ သိန်းခွဲကျော် သေဆုံးခဲ့ပြီး ဆီးရီးယားပြည်သူ ၁၁ သန်းကျော်ဟာလည်း နေရပ်ရင်းကို စွန့်ခွာပြီး ထွက်ပြေးနေကြရပါတယ်။