လေဆင်နှာမောင်းပေါ်မှ လေယာဉ်ပျံသန်းစဉ် ခရီးသည်တဦး ရိုက်ကူးခဲ့သည့် ရုပ်သံ

ဖေဖော်ဝါရီ ၂၃ ရက်နေ့က ဒန်ဟော်ဇ်မန် အမည်ရ အမျိုးသားတဦးဟာ အမေရိကန်နိုင်ငံ နယူးအောလင်းပြည်နယ်ပေါ် လေယာဉ်နဲ့ ဖြတ်သန်းချိန်မှာ ကြုံတွေ့ခဲ့ရတဲ့ လေဆင်နှာမောင်းကို ရုပ်သံဗွီဒီယိုဖိုင်နဲ့ မှတ်တမ်းတင်ခဲ့တယ်လို့ ယူပီအိုင်သတင်းမှာ ဖော်ပြပါတယ်။ လေဆင်နှာမောင်း တိုက်ခတ်နေချိန်မှာ ရိုက်ကူးခဲ့တဲ့ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ လေယာဉ်တောင်ပံအောက်က လေပြင်းနဲ့ လျှပ်စီးတွေကိုပါ တွေ့မြင်ရတာပါ။ သူဟာ အဲဒီရုပ်သံဗွီဒီယိုဖိုင်ကို ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက် စာမျက်နှာပေါ်မှာ မျှဝေခဲ့ပြီး “လေဆင်နှာမောင်းပေါ်မှ ပျံသန်းခြင်း - အရမ်းထိတ်လန့်စရာကောင်းတယ်” လို့ ရေးခဲ့တာပါ။ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ လေယာဉ်ဟာ လေကြမ်းတွေကြား ခက်ခက်ခဲခဲ ပျံသန်းနေရပြီး စိုးရိမ်ထိတ်လန့်မှုတွေကြားကပဲ ဘေးကင်းစွာ ဆင်းသက်နိုင်ခဲ့တယ်လို့ ဒန်ဟော်ဇ်မန်က ဖေ့စ်ဘွတ်ခ်ကနေတဆင့် အတည်ပြုခဲ့ပါတယ်။ သူက မှတ်ချက်တခုမှာ “ကျနော် မြေပြင်ဆီ ချောချောမောမောပဲ ပြန်ရောက်ခဲ့ပါတယ်။ ဒါဟာ ကျနော့်ဘ၀မှာ တကြိမ်သာကြုံရဖူးတဲ့ အံ့သြစရာ အတွေ့အကြုံ တခုပါပဲ။ လေယာဉ်မှူးအတွက်တောင် ဒါဟာ ထူးဆန်းနေပါတယ်” လို့ ရေးခဲ့ပါတယ်။ အမေရိကန်နိုင်ငံတောင်ပိုင်း တလျှောက်မှာ ပြင်းပြင်းထန်ထန် တိုက်ခတ်ခဲ့တဲ့ မုန်တိုင်းတွေကြောင့် လူဝီစီးယားနား၊ မစ္စစ္စပီ၊ အယ်လ်ဘားမားနဲ့ ဖလော်ရီဒါပြည်နယ် တချို့နေရာတွေမှာ ထိခိုက်မှုတွေ ဖြစ်ခဲ့တာပါ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up