ထိုင်းမင်းသမီး သီရိဒုံ အသုံးပြုရန် တည်ဆောက်ခဲ့သည့် ကန်ဒေါ်လာ ၄ သောင်းကျော်တန် ရေအိမ်

ဓာတ်ပုံ - KT/Aisha Down
ထိုင်းနိုင်ငံမှ တော်ဝင်မင်းသမီး မဟာချက်ကရီသီရိဒုံ ကမ္ဘောဒီးယားနိုင်ငံကို လာရောက် လည်ပတ်ချိန်မှာ အသုံးပြုဖို့ အမေရိကန်ဒေါ်လာ ၄ သောင်းကျော် တန်ဖိုးရှိတဲ့ ရေအိမ်ကို တည်ဆောက်ပေးခဲ့ရတယ်လို့ ခမာတိုင်းမ်သတင်းမှာ ဖော်ပြပါတယ်။ အဆောက်အဦကို ထိုင်းကုမ္ပဏီ အက်စ်စီဂျီက တည်ဆောက်ပေးခဲ့တာဖြစ်ပြီး အခန်းတွင်းမှာ မီးအပြင်အဆင်နဲ့ လေအေးပေးစက်စနစ်တွေ ပါဝင်တယ်လို့ ဆိုပါတယ်။ အက်စ်စီဂျီ ဘိလပ်မြေနဲ့ ဆောက်လုပ်ရေးသုံးပစ္စည်း ကုမ္ပဏီမှ မန်နေဂျာ ဖူဆက်က “ကုန်ကျစရိတ် ဘယ်လောက်သုံးတယ်ဆိုတာ ကျနော်မသိပါဘူး။ တကယ်လို့ သိရင်တောင် ကျနော်ပြောခွင့်မရှိပါဘူး” လို့ ဆိုပါတယ်။ အဲဒီအဆောက်အဦငယ်ဟာ ကမ္ဘောဒီးယားနိုင်ငံ၊ ရတနာဂီရိခရိုင်၊ဘန်ရိခ်လုံ ကန်အနီးမှာ တည်ဆောက်ခဲ့တာဖြစ်ပြီး ၃ ရက်တာ အလည်အပတ်ခရီးစဉ်မှာ အသုံးပြုဖို့ တည်ဆောက်ခဲ့တာလို့ သတင်းမှာ ဖော်ပြပါတယ်။ မူလက အဆောက်အဦကို မင်းသမီး တကြိမ်အသုံးပြုခဲ့ပြီးချိန်မှာ ထိုင်းနိုင်ငံကို ပြန်လည်သယ်ဆောင်သွားဖို့ စီစဉ်ထားခဲ့ပေမယ့် မင်းသမီးက ထားခဲ့တာမို့ ရုံးခန်းအဖြစ် အသုံးပြုသွားမယ်လို့ ဖူဆက်က ဆိုပါတယ်။ “တကယ်လို့ ခင်ဗျားတို့မှာ ဘုရင်ရှိတယ်ဆိုရင် ဒီလို တော်ဝင်ရေအိမ်ကို သာမန်လူတွေအနေနဲ့ အသုံးပြုနိုင်လိမ့်မှာ မဟုတ်ဘူး။” ဘန်ရိခ်လုံကန်ဒေသမှ အကြီးအကဲဖြစ်သူ ချပ်ခ်က ဆောက်လုပ်ရေးလုပ်သားတွေရဲ့ အဆိုအရ ဒါဟာ အမေရိကန်ဒေါ်လာ ၆ သောင်းလောက် ကုန်ကျမယ်လို့ ခန့်မှန်းကြပေမယ့် ကုန်ကျငွေဟာ ၄ သောင်းထက်တော့ မနည်းနိုင်ဘူးလို့ ပြောပါတယ်။ ကမ္ဘောဒီးယားနိုင်ငံ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးအဖွဲ့ ဒါရိုက်တာ ချန်နီအော်ကတော့ “သာမန် ကျေးလက်ဒေသက ရေအိမ်တလုံးအတွက် ကုန်ကျငွေ အမေရိကန်ဒေါ်လာ ၂၀၀ ကနေ ၃၀၀ ကြားပဲရှိတယ်။ ဒါပေမယ့် ချမ်းသာကြွယ်ဝသူတယောက်အတွက် ဆိုရင်တောင် ကျနော်တို့ ၁၀၀၀ လောက်ထိ သုံးရကောင်း သုံးနိုင်တယ်” လို့ ပြောပါတယ်။ ဒီရေအိမ်အဆောက်အဦကို လ၀က်ကျော်ကြာအောင် တည်ဆောက်ခဲ့ရပြီး ဘာကြောင့် ခုလို သောင်းနဲ့ချီ ကုန်ကျငွေသုံးရတယ် ဆိုတာကို ချပ်ခ်ရော အော်ပါ ရှင်းရှင်းလင်းလင်း မပြောကြပါဘူး။ ဘန်ရိခ်လုံကန် အပန်းဖြေဒေသ အနီးတ၀ိုက်ကို မင်းသမီးလာရောက်မယ့်နေ့ မတိုင်ခင် ဖေဖော်ဝါရီ ၂၁ ရက်နေ့တည်းက သွားလာခွင့် ပိတ်ထားခဲ့တာဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

More News
Up