Home
မြန်မာသတင်း
ကချင်မူးယစ်ဆေးတိုက်ဖျက်ရေးကိစ္စ လွှတ်တော်တွင် အရေးကြီးအဆိုတင်မည်
DVB
·
February 23, 2016
ကချင်ပြည်နယ်အတွင်း အရပ်ဘက်အဖွဲ့အစည်းတွေ ဆောင်ရွက်နေတဲ့ ဘိန်းခင်းဖျက်ဆီးရေး လုပ်ငန်းကို အစိုးရဘက်က ကူညီပံ့ပိုးပေးဖို့ ပြည်ထောင်စုလွှတ်တော်မှာ အရေးကြီးအဆို တင်သွင်းမှုကို အစပျိုးလိုက်ပါတယ်။ ကချင်ပြည်နယ်မှာ ဘိန်းခင်းတွေ လိုက်လံဖျက်နေတဲ့ ကချင် အရပ်ဖက်လူထုအခြေပြုအဖွဲ့အစည်း ပတ်ဂျာဆန်အဖွဲ့က ဥက္ကဋ္ဌ ဦးတူးရော်တို့အဖွဲ့ဟာ နေပြည်တော်ကို သွားရောက်ပြီး ၀ိုင်းမော်မြို့နယ် အမျိုးဒီမိုကရေစီအဖွဲ့ချုပ်ပြည် သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလဂမ်ဇယ်ဂျုံးကို တင်ပြအကူအညီ တောင်းခဲ့တာဖြစ်ပါတယ်။ ဘိန်းခင်းဖျက်တဲ့ လူထုအခြေပြုအဖွဲ့အစည်းတွေကို အစိုးရအနေနဲ့ လက်ခံပြီး တားဆီး နှောင့်ယှက်မှုတွေ တာဝန်ယူဖြေ ရှင်းပေးဖို့ကိစ္စကို ပြည်ထောင်စု လွှတ်တော်မှာ ဆွေးနွေးနိုင်အောင် လုပ်ထုံးလုပ်နည်းအရ ဒီမနက် စာတင်လိုက်ပြီလို့ ဦးလဂမ်ဇယ်ဂျုံးက ဒီဗွီဘီကို ပြောပါတယ်။ သူက “လူထုအားလုံးပါဝင်တဲ့ ဒီဘိန်းစစ်ဆင်ရေးကို အစိုးရအနေနဲ့လည်း လက်ခံပေးဖို့၊ ဘိန်း စစ်ဆင်ရေးသွားတဲ့ ပြည်သူလူထုကို တားဆီးနှောင့်ယှက်နေတာတွေကို အစိုးရအနေနဲ့ တာဝန်ယူပြီး ဖြေရှင်းပေးဖို့ လုံခြုံရေးဖြေရှင်းပေးဖို့  အရေးကြီးအဆိုတင်သွင်းရတာ ဖြစ်ပါတယ်။  အဆိုပြုလွှာကို ဒီမနက် ၉ နာရီက လွှတ်တော်ကို တင်လိုက်တယ်။ သူတို့က အရေးကြီးအဆို ဆိုတော့ ဆွေးနွေးလို့ရပါပြီတဲ့၊ မနက်ဖြန်မှာ အဆိုတင် တယောက်ကထောက်ခံပြီးတော့မှ သဘက်ခါကျမှ ဒီအဆိုနဲ့ပတ်သက်ပြီး ပါဝင်ဆွေးနွေးချင်တဲ့သူတွေ ဆွေးနွေးပေါ့ အဲလိုလာမှာပါ။” ဒီအဆိုတင်ဖို့ ကြိုးပမ်းတဲ့အချိန်ဟာ ဘိန်းခင်းဖျက်တဲ့အဖွဲ့ကို တပ်ဘက်က ဘိန်းခင်းဧက သောင်းချီရှိတဲ့ ဆဒုံ-ကန်ပိုင်တီနယ်ဘက်ကို ထွက်ခွာခွင့်ပိတ်ပင်ထားတာ တပတ်နီးပါး ကြာမြင့်တဲ့အချိန်မှာ ကြိုးပမ်းချက်ဖြစ်ပါတယ်။ ဘိန်းခင်းဖျက်ဖို့သွားတဲ့ လူတွေကို ပိတ်ဆို့ထားရာကနေ ဒီကနေ့ ပြန်ဖွင့်ပေးလိုက်ပြီလို့ သတင်း ကြားပေမယ့် သူ့ဆီကို တိုက်ရိုက်အကြောင်းကြားလာတာ မရှိသေးကြောင်း၊ ဘယ်လိုဘဲဖြစ်ဖြစ် သူကတော့ ရေရည်အတွက် မျှော်ကိုးပြီး လွှတ်တော်မှာ တင်ထားတဲ့အဆိုကို ရုပ်သိမ်းမှာ မဟုတ်ဘူးလို့  ဆက်ပြီးပြောပါတယ်။ အရင်လွှတ်တော်အဟောင်းမှာလည်း လွှတ်တော်ကိုယ်စားလှယ်တွေက တင်ပြတာကို ၀န်ကြီး တွေ၊ ဒုဝန်ကြီးတွေ ဖြေကြားသွားတာ ရှိပါလျှက်နဲ့ လက်တွေ့မြေပြင်မှာ လုပ်ဆောင်ချက်က ကွာဟမှုတွေ ရှိနေတဲ့အတွက် နောက်နောင် အလားတူမဖြစ်ရအောင် အစိုးရကို တင်သွင်းရတာ လို့  ဦးလဂမ်ဇယ်ဂျုံးက ပြောပါတယ်။ ဒီအဆိုဖြစ်အောင် တိုက်တွန်းခဲ့တဲ့ ပတ်ဂျာဆန်အဖွဲ့ဥက္ကဋ္ဌ ဦးတူးရော်က အရေးကြီးအဆို တင်ရ တာဟာ ဘိန်းခြစ်ရာသီမကုန်ခင်မှာ ဘိန်းခင်းတွေ အမြန်ဖျက်ဆီးချင်လို့လည်း ပါဝင်တယ်လို့ ပြောပါတယ်။ သူက “ဒီကိစ္စတွေကို လတ်တလောကိစ္စတွေရော အားလုံးတင်ပြဖို့ ရောက်လာတာ ပေါ့နော်။ လောလောဆယ်လည်း ဟိုမှာ hot issue သိပ်အရေးကြီးနေတဲ့အခါကျတော့ ဘိန်းခင်းထဲမှာ ဘိန်းခြစ်တဲ့ရာသီကလည်း ရောက်နေပြီလေ။ ဘိန်းကလည်း စပြီးတော့ ခြစ်ယူနေကြပြီဆိုတော့ တရက်ဆိုရင်လည်း တရက် အရေးကြီးလာပြီ။ မတ်လ ၂၀ ၀န်းကျင်လောက်ဆိုရင်တော့ ခြစ်လို့ပြီးလောက်ပြီ။ အားလုံးခြစ်ယူလို့ ပြီးလောက်ပြီ။ ဘိန်းခြစ်တဲ့ရာသီကုန်သွားတယ်ပေါ့။ ဘိန်းခြစ်ရာသီကုန်မှ သွားရင်တော့ ဘာမှ မထူးဘူးလေ။ အဲဒီတော့ ဘိန်းကို အားလုံးမခြစ်ယူခင်မှာ ရှိတဲ့ဘိန်းခင်တွေ အကုန်လုံး ဖျက်ဆီးပစ်လိုက်ချင်တယ်။ အဲဒီဟာက ဟိုမှာရောက်နေတဲ့ လူထုရဲ့ဆန္ဒပဲ” လို့ ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024