ပန်ဝါမြို့တွင် အင်အားပြင်းပေါက်ကွဲမှုဖြစ်၊ ကလေးငယ် ၁ ဦးသေ၊ ၂ ဦးဒဏ်ရာရ
နော်နိုရင်း
·
February 23, 2016
ကချင်ပြည်နယ် ပန်ဝါမြို့ရှိ နေအိမ်တစ်လုံးမှာ ပြင်းထန်တဲ့ ပေါက်ကွဲမှု တခုဖြစ်ပွားပြီး စာမေးပွဲဖြေမည့် ဆဌမတန်း ကျောင်းသူတဦးသေဆုံးပြီး ကလေး ၂ ဦး ဒဏ်ရာရရှိသွား ပါတယ်။
ဖေဖော်ဝါရီ ၂၂ ရက် မနေ့ည သန်းခေါင်ကျော်အချိန်မှာ ပန်ဝါမြို့ ၂ ရပ်ကွက်၊ ပန်ဝါ-ချီဖွေ ကားလမ်းမဘေးရှိ ကျောက်ခွဲမိုင်းတွေ သိုလောင်ထားတဲ့ နေအိမ်တခုမှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ တာပါ။
ပေါက်ကွဲမှုကြောင့် အဆိုပါနေအိမ်အနီးတ၀ိုက်မှာ ညအိပ်နေတဲ့ မောင်နှမ ၃ ဦး ထိခိုက်ပြီး ဆဌမတန်းကျောင်းသူ တဦးပွဲချင်းပြီး သေဆုံးသွားပြီး ညီမနဲ့ အစ်ကိုဖြစ်သူတို့ကတော့ ဒဏ်ရာ အပြင်းအထန်နဲ့ ပန်ဝါမြို့တဖက်ကမ်း တရုတ်ပြည်က ဆေးရုံမှာ ဆေးကုသမှုခံယူနေရ တယ်လို့ ပန်ဝါမြို့ခံ ဦးယင်းခေါ့က ဒီဗွီဘီကို ပြောပါတယ်။
“ပိုင်ရှင်တွေက မရှိဘူး။ သူတို့က အဲဒီမိုင်းတွေကို အခန်းတခန်းစာကို သိုလှောင်ထားတာ။ ကျောက်မိုင်းခွဲတဲ့ မိုင်းတွေ ၁၀ ပေခန်းတခန်းစာလောက်ကိုအပြည့်ထည့်ထားတာ။ အဲဒါည ၁၂ နာရီခွဲမှာ ထပေါက်ကွဲသွားတာ။ တော်တော်လေးအရှိန်ပြင်းတယ်။ ပန်ဝါကနေ အနီးတ၀ိုက် ငလျင်လှုပ်သလို ဖြစ်သွားတယ်။ အဲဒီနားတ၀ိုက် အိမ်တွေ ဘာမှယူစရာမရှိဘဲ အမှုန့်လို ဖြစ်သွားတယ်။ ပန်ဝါမှာ အစိုးရကျောင်းတွေ၊ ဘာသာရေးဘုရားကျောင်းတွေရော မြေကြီး တအားကြီးတုန်ခါသွားတဲ့အတွက် မှန်တွေကွဲတယ်။ မျက်နှာကျက်ပြိုသွားတဲ့ ဟာတွေ ဖြစ်တယ်။ အဲလိုဖြစ်တဲ့အချိန်မှာ ၆ တန်းသမီးက ပွဲချင်းပြီးဆုံးသွားတယ်။ဒီနေ့ သဂြိုလ်လိုက်ပြီ။ သူ့အောက် က တယောက်နဲ့ သူအထက်ကတယောက် ဆေးရုံရောက်တယ်။ ”
ထိခိုက်သေဆုံးတဲ့ကလေးငယ်တွေရဲ့မိဘတွေဟာ အခင်းဖြစ်ပွားချိန်မှာ တရုတ်ပြည်ဖက် သွားရောက်အလုပ်လုပ်ကိုင်နေကြပြီး သားသမီး ၃ ဦးကတော့ အိမ်မှာကျန်ရစ်ခဲ့တာဖြစ်ပါတယ်။
အစိုးရပြန်ကြားရေးကလည်း ဒီပေါက်ကွဲမှုကြောင့် နေအိမ်တွင် အနက်၅ ပေ၊ အကျယ် ၁၀ ပေ ခန့် ချိုင့်ခွက်ဖြစ်ပေါ်ပြီး နေအိမ်ပေါက်ကွဲပျက်စီးသွားကြောင်း ပတ်ဝန်းကျင်ရှိ နေအိမ် ၃ လုံးပေါ်ကို အပိုင်းအစများလွင့်စင်သွားကြောင်း၊ ကျား ၁ ဦး၊ မ ၂ ဦး စုစုပေါင်း ၃ ဦး ထိခိုက်ဒဏ်ရာရရှိကာ ပန်ဝါပြည်သူ့ဆေးရုံသို့ ရောက်ရှိပြီး နံနက် ၁ နာရီ ၁၅ မိနစ်တွင် မ ၁ ဦး ကွယ်လွန်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။
ပေါက်ကွဲမှုအရှိန်ကြောင့် ပန်ဝါမြို့တွင်း (၄)ဖာလုံ ပတ်လည်ခန့် ရှိ နေအိမ်တွေ၊ ဌာနဆိုင်ရာ အဆောက်အဦတွေရဲ့ မှန်ပြတင်းပေါက်တွေ၊ မှန်တံခါးတွေ၊ လျှပ်စစ်မီးသီးနဲ့ မီးချောင်းတွေ ကွဲ လျှပ်စစ်မီး ပြတ်တောက်သွားတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။