မက္ကဆီကိုတွင် ဇီကာဗိုင်းရပ်စ် ကူးစက်ခံ အမျိုးသမီးမှ မွေးသည့်ကလေး ကျန်းကျန်းမာမာရှိ

ဓာတ်ပုံ - Getty Images
မက္ကဆီကိုနိုင်ငံ ချီယာပတ်စ်ပြည်နယ်မှာ ဇီကာဗိုင်းရပ်စ် ကူးစက်ခံ အမျိုးသမီးက ကျန်းမာတဲ့ကလေးကို မွေးခဲ့လို့ ခြင်ကတဆင့် ကူးစက်တဲ့ ဇီကာဗိုင်းရပ်စ်နဲ့ ပတ်သက်တဲ့ စိုးရိမ်မှုကို အလေးထားမှု လျော့ကျခဲ့ပါတယ်။ ဇီကာ ဗိုင်းရပ်စ်ဟာ အာရုံကြော ပုံမမှန်ဖြစ်မှု ၂ ခုနဲ့ ပတ်သက်မှုရှိနိုင်တယ်ဆိုတဲ့ သံသယကြောင့် အမေရိကတိုက် ၂ ခုတလွှား စိုးရိမ်နေခဲ့ကြတာပါ။ ဘရာဇီးနိုင်ငံကတော့ မွေးကင်းစကလေး အယောက် ၄၀၀၀ ကျော် ဦးနှောက်ပုံမမှန် ဖြစ်မှုကြောင့် စိုးရိမ်တကြီး ဖြစ်ခဲ့ပါတယ်။ မက္ကဆီကိုနိုင်ငံအတွင်း ဇီကာဗိုင်းရပ်စ် ကူးစက်ခံ အယောက် ၈၀ ရှိခဲ့ပြီး ချီယာပတ်စ်နဲ့ အော့က်ကာစာ ပြည်နယ်တွေမှာ အများစု ကူးစက်ခဲ့ပါတယ်။ ဘရာဇီးနိုင်ငံအတွင်း ကလေးတွေ ဦးနှောက်ပုံမမှန်ဘဲ မွေးလာမှုရဲ့ တရားခံဟာ ဇီကာဗိုင်းရပ်စ် မဟုတ်ဘဲ ပိုးလောက်လန်း သတ်ဆေးသာ ဖြစ်နိုင်တယ်လို့ အာဂျင်တီးနားနိုင်ငံ ဆေးပညာရှင်တွေက ဆိုကြောင်း techtimes media က ဖော်ပြပါတယ်။ ဒီသတင်းကို ကမ္ဘာ့သုတေသနအဖွဲ့ကြီး global research က ပြန်လည်ဖော်ပြခဲ့ပါတယ်။ ဘရာဇီး ရေဖြန့်ဖြူးရေးစနစ်ထဲ ပိုးလောက်လန်းတွေ ပုံမမှန်ဖြစ်ပြီး မျိုးပွားမှု ပျက်စီးစေတဲ့ ဓာတုပစ္စည်း ဖီရာပရောက်ဆီဖင်ကို ဘရာဇီး ကျန်းမာရေးဝန်ကြီးဌာနက ၂၀၁၄ ခုနှစ်မှာ ထည့်ခဲ့တာပါ။ ဒီဆေးကို အစိုးရက လုပ်ငန်းလည်ပတ်တဲ့ စနစ်ထဲမှာ သုံးခဲ့ပြီး ခြင်ကောင်ရေ ပေါက်ပွားမှုကို ထိန်းချုပ်ခဲ့ပါတယ်။ ဇီကာဗိုင်းရပ်စ်ကို သယ်ဆောင်တဲ့ အေးဒိစ်ခြင်မျိုး ပေါများရာ ပါနမ်ဘူကို ပြည်နယ်ထဲက ဆည်တွေထဲကို ဒီဆေးထည့်ခဲ့ပါတယ်။ ဒီပြည်နယ်ဟာ ဘရာဇီးနိုင်ငံအတွင်း ဦးနှောက်ပုံမမှန်တဲ့ မွေးကင်းစကလေး မွေးဖွားမှု ၃၅ ရာခိုင်နှုန်းထိရှိတဲ့ ပြည်နယ်လည်း ဖြစ်ပါတယ်။ ကိုလံဘီယာနိုင်ငံမှာတော့ ဇီကာဗိုင်းရပ်စ် ကူးစက်ခံရမှု အများအပြား ရှိပေမယ့် မွေးကင်းစကလေး ဦးနှောက်ပုံမမှန်မှု တခုမှ မှတ်တမ်းတင်ထားတာ မတွေ့ခဲ့ရဘူးလို့ ဆိုပါတယ်။

More News
Up