ဆီးချိုဝေဒနာရှင်များအတွက် စွမ်းရည်ပြည့် အလိုအလျောက် ထိန်းချုပ်ပေးနိုင်မည့် ပန်ကရိယ

ဆီးချိုဝေဒနာရှင်များအဖို့ စားသုံးတဲ့ ကာဗိုဟိုက်ဒရိတ်ကို ချိန်ညှိဖို့၊ သွေးတွင်း သကြားပမာဏကို စောင့်ကြည့်ဖို့နဲ့ အင်ဆူလင်ထိုးဖို့ စတဲ့ ခန္ဓာကိုယ်တွင်းမှာ ဟန်ချက်ညီနေအောင် အမြဲအားထုတ်နေရပါတယ်။ ဒါဟာ ကျန်းမာစွာ နေထိုင်နိုင်အောင် အားထုတ်ရတဲ့ မဆုံးတဲ့ သံသရာတခုပါ။ ဒါပေမယ့် ခုဆိုရင် အင်ဂျင်နီယာဘာသာရပ်ရဲ့ တိုးတက်ဖြစ်ထွန်းမှုတွေက ဒီသံသရာကို အဆုံးသတ်စေတော့မှာပါ။ ဓာတ်ခွဲခန်း ၂ ခုက ဆီးချိုရောဂါကို အလွန်ခြားနားတဲ့ နည်းလမ်း ၂ ခုနဲ့ တိုက်ပွဲဝင်နေပါတယ်။ ဟားဘတ်တက္ကသိုလ်မှ ဆယ်စုနှစ် ၂ ခုကျော်ကြာ သုတေသနလုပ်ငန်းရဲ့ ရည်ရွယ်ချက်ကတော့ ဖန်တီးထားတဲ့ ပန်ကရိယကို ဖွံ့ဖြိုးအောင်လုပ်ပြီး ဆီးချိုရောဂါကို စောင့်ရှောက်သွားဖို့ ဖြစ်ပါတယ်။ “ဒီပန်ကရိယထဲမှာ ဆင်ဆာပါတဲ့အတွက် အသက်တမျှ အရေးကြီးတဲ့ အပြောင်းအလဲတွေကို တိုင်းတာပါတယ်။ ဒီနေရာမှာတော့ ဂလူးကို့စ်ပေါ့နော်။ ဒါကတော့ အပြောင်းအလဲဖြစ်အောင် နှိုးပေးတဲ့စက်ပေါ့။ အပြောင်းအလဲဖြစ်အောင် ထိန်းချုပ်ပေးတဲ့စနစ်ပါ။ ဒီနေရာမှာတော့ ဒါက အင်ဆူလင် ထိုးသွင်းပေးမယ့် အလုပ်လုပ်တယ်။ ဦးနှောက်လိုပဲ ထိန်းညှိပေးတဲ့ အလုပ်ကိုလုပ်တယ်။” အင်ဆူလင်ပန့်တွေနဲ့ ဆင်ဆာတွေက သိပ်မထူးဆန်းလှပေမယ့် ဒီ ၂ ခုကို တပြိုင်တည်း အလုပ်လုပ်ခိုင်းမယ့် အယ်လ်ဂိုရီသမ်ကို တိုးတက်တီထွင်ဖို့က သိပ်ခက်ပါတယ်။ ဒါပေမယ့် အကြိမ်ကြိမ်စမ်းသပ်ပြီး လူဖန်တီးတဲ့ ပန်ကရိယတွေကို ပထမဆုံး ထည့်သွင်းစမ်းသပ်ဖို့ဟာ သိပ်ကိုနီးစပ်လာပါပြီ။ “အဓိကကတော့ တွက်ချက်မှုတွေ လုပ်နိုင်တဲ့ လူနာပုံစံ မော်ဒယ်တခုသုံးပြီး ဖြစ်နိုင်ချေကို မှန်းဆဖို့ပါ။ ဒါမှ သွင်းလိုက်တဲ့ အင်ဆူလင်က ရှေ့မှာဆက်ဖြစ်မယ့် ဂလူးကို့စ်အပေါ် ဘယ်လိုသက်ရောက်မှုရှိလဲ၊ ပြီးခဲ့တဲ့ ဂလူးကို့စ်ရဲ့ အခြေအနေဟာ နောက် ၁ နာရီ ၂ နာရီအတွင်းမှာ ဘယ်လိုဖြစ်လာမလဲဆိုတာတွေပေါ့။” ဒွိုင်းကတော့ လာမယ့် ၅ နှစ်အတွင်း ဆီးချိုဝေဒနာရှင်တွေအတွက် စွမ်းရည်ပြည့် အလိုအလျောက် ထိန်းချုပ်စနစ်တခု ပေါ်လာတော့မယ်လို့ ဆိုပါတယ်။ ကိရိယာက တခုတည်း မဟုတ်ပါဘူး။ ဇီဝဆေးဝါး ကုမ္ပဏီတွေက ဒီကိရိယာတွေကို အဆင့်မြှင့်ပေးဖို့ ကမ်းလှမ်းထားပါတယ်။ မန်ဆာချူးဆက်တက္ကသိုလ်နဲ့ ၂ မိုင်အကွာမှာတော့ သိပ္ပံပညာရှင်တွေဟာ ဆီးချိုရောဂါကို ကုသနိုင်ဖို့ အတူတကွ ကြိုးပမ်းနေကြပါတယ်။ သူတို့က ကြွက်မှာ အောင်မြင်အောင် စမ်းသပ်ပြခဲ့ပြီးပါပြီ။ ဒီပန်ကရိယမှာ ဆဲလ်စု အခက်အလက်လေးတွေနဲ့ ဖွဲ့စည်းထားပြီး ဒီဆဲလ်တွေက သွေးတွင်း သကြားဓာတ်ကို စောင့်ကြည့်ကာ အင်ဆူလင်ထုတ်ပြီး ထိန်းညှိပေးပါတယ်။ ဆီးချိုအဆင့် ၁ သမားတွေမှာ ခုခံအားစနစ်က ဒီဆဲလ်တွေကို သတ်ပစ်ပါတယ်။ ဒီ အင်ဂျင်နီယာအဖွဲ့က ဂျယ်လီလို ပစ္စည်းတမျိုးသုံးပြီး ကိုယ်ခံအားက မတိုက်နိုင်အောင် ဒီဆဲလ်တွေကို ၀ှက်ထားနိုင်မယ့်နည်းကို ကြံဆခဲ့ပါတယ်။ “ကျနော်တို့ တီထွင်လိုက်တာက ကိုယ်ဖျောက်ဝတ်ရုံလို ဆောင်ရွက်မယ့် ပစ္စည်းသစ်တမျိုးပါ။ ဒါကြောင့် ဒီပစ္စည်းက ဆဲလ်တွေကို ဖုံးအုပ်ထားပေမယ့် လုပ်ငန်းဆောင်တာတွေလုပ်ပြီး ရှင်သန်ခွင့် ပေးထားသလို ခုခံအားစနစ်က မတိုက်ခိုက်အောင်လည်း ကာကွယ်ပေးမှာပါ။” ပြီးခဲ့တဲ့နှစ်တွေအတွင်း ဆဲလ်အခက်အလက်တွေ ခွဲစိတ်အစားထိုးခြင်းနဲ့ ပင်မဆဲလ်ကနေ ဆဲလ်အခက်အလက်တွေ ထုတ်လုပ်ခဲ့ရာမှာ အလားအလာကောင်းတွေ ရှိခဲ့ပါတယ်။ ဒါပေမယ့် ဒီဆဲလ်တွေကို ကိုယ်ခံအားက မတိုက်နိုင်အောင် ကာကွယ်ရာမှာ အကြီးအကျယ် အခက်ကြုံခဲ့ရပါတယ်။ “ခုဆိုရင် ပင်မဆဲလ်ကနေ လူသားဆဲလ် အခက်အလက်တွေ ထုတ်ယူပြီး ဆီးချိုရှိတဲ့ ကြွက်တွေကို တကယ်ကုသနိုင်တယ်ဆိုတာ ပြသခဲ့ပြီးပါပြီ။ လူဝံ၊ မျောက်ဝံတွေရဲ့ ၀မ်းခေါင်းထဲမှာ ဒီအလုံးလေးတွေကို ထည့်သွင်းတဲ့အခါ တစ်ရှူးဒဏ်ရာရတာတွေ မတွေ့ရတဲ့အတွက် ဒါတွေသုံးပြီး လူတွေကို ကုနိုင်တဲ့ အရေးပါတဲ့ခြေလှမ်းဖြစ်တယ် ဆိုတာလည်း ကျနော်တို့ ပြသခဲ့ပြီးပါပြီ။” ကြွက်နဲ့ လူဝံ၊ မျောက်ဝံတွေမှာ စမ်းသပ်အောင်မြင်ထားပေမယ့် လူကို စမ်းသပ်ဖို့က နှစ်တွေအများကြီး လိုပါသေးတယ်။ ဒီလမ်းကြောင်း ၂ ခုစလုံးက လာမယ့်နှစ်တွေမှာ အောင်မြင်ဖို့ အလားအလာ အများဆုံးပါ။ စမ်းသပ်စခန်းနှစ်ခုစလုံးက ပညာရှင်တွေကတော့ နောင်အနာဂတ်မှာ ဆီးချိုရောဂါသည်တွေအဖို့ ဒီရောဂါကြောင့် ဘ၀မှာ ဖိစီးမှုတွေ မဖြစ်နိုင်တော့ပါဘူးလို့ ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up