အမေရိကနိုင်ငံတွေမှာ ဇီကာဗိုင်းရပ်ပြန့်ပွားမှုကို လက်ဦးမှုရှိရှိ၊ ကာကွယ်တားဆီးဖို့ ကျူးဘားနိုင်ငံကလည်း ကြိုးစားနေပါတယ်။ သမ္မတ ရောင်းကတ်ထရိုရဲ့ အနီးကပ် ညွန်ကြားမှုနဲ့ ကျူးဘားတပ်ဖွဲ့ဝင် ၉ ထောင်ကျော်ကို ခြင်နှိမ်နှင်းရေးအစီအမံတွေကို ဆောင်ရွက်နေကြတာပါ။
လောလောဆယ် ကျူးဘားနိုင်ငံမှာ ဇီကာဗိုင်းရပ် ကူးစက်မှုမရှိသေးပေမယ့် ဇီကာဗိုင်းရပ် ကာကွယ်နှိမ်နှင်းရေးလုပ်ငန်းတွေကို ကျန်းမာရေးဝန်ကြီးဌာနအပါအ၀င် ကျူးဘားတပ်ဖွဲ့ဝင် တွေအားလုံး တက်တက်ကြွကြွဆောင်ရွက်နေကြတယ်လို့ တပ်ဖွဲ့ဝင်တဦးက ပြောဆိုပါတယ်။
ဇီကာဗိုင်းရပ်စတင်ဖြစ်ပွားမှုကို တွေ့ရှိခဲ့တဲ့ ဘရာဇီးနိုင်ငံမှာတော့ ဇီကာဗိုင်းရပ်စ်နဲ့ ဆက်စပ်တယ်လို့ ယုံကြည်ရတဲ့ မိုက်ခရိုဆီဖလီရောဂါ ဖြစ်ပွားသူ ၅၀၀ ရှိတယ်လို့ ဘရာဇီးအစိုးရက အတည်ပြုထားပါတယ်။
ဇီကာဗိုင်းရပ်စ်ကူးစက်ခံရမှု လို့ သံသယရှိတဲ့ နောက်ထပ် ကူးစက်မှု ၃၉၀၀ ကိုလည်း မိုက်ခရို ဆီဖလီရောဂါ ဟုတ်မဟုတ် စစ်ဆေးနေပါတယ်။ ဟာဗားနားမြို့ခံတဦးကတော့ ကျူးဘား အစိုးရရဲ့ ကြိုးစားအားထုတ်မှု ထိရောက်တယ်လို့ပြောဆိုပါတယ်။ ဇီကာဗိုင်းရပ်စ်ကူးစက်မှုကို ခပ်ပေါ့ပေါ့သဘောထားတဲ့ လူတချို့ကတော့ ခြင်နှိမ်နှင်းရေးအစီအစဉ်တွေကို သိပ်လိုက် မလုပ်ချင်တာမျိုး တွေ့ရပေမယ့် ခြင်နှိမ်နင်းရေးအစီအစဉ်တွေဟာ ပုံမှန်လုပ်နေကြ အစီအစဉ် တွေ ဖြစ်တဲ့အတွက် ပြည်သူတိုင်း ပူးပေါင်းဆောင်ရွက်ရမှာဖြစ်တယ်လို့ ပြောဆိုပါတယ်။
အဓိကကတော့ တောင်အမေရိကန်နိုင်ငံတွေမှာဖြစ်ပွားနေပြီး ကနေဒါနဲ့ ချီလီနိုင်ငံကလွဲရင် ကျန်အမေရိကန်နိုင်ငံတွေအားလုံးကို ကူးစက်နိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ပြောဆိုထားပါတယ်။