Home
မြန်မာသတင်း
တားဆီးခံနေတဲ့ မူးယစ်တိုက်ဖျက်ရေးအဖွဲ့က ခွင့်မပြုလည်း ဒီကနေ့ဘိန်းခင်းတွေဆီထွက်မည်
DVB
·
February 23, 2016
ကချင်ပြည်နယ်  ၀ိုင်းမော်မြို့နယ် စတုန်း၊ ချီဖွေလမ်းဆုံမှာ တားဆီးခံနေရတဲ့ ကချင်လူထု အခြေပြု မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ဟာ ဒီကနေ့ ၂ နာရီကစပြီး တားဆီးမှုကြားက ဆက်လက်ထွက်ခွာ မယ်လို့  အဖွဲ့ရဲ့ပြောခွင့်ရသူ တဦးဖြစ်တဲ့ ဦးလမာယော်က ပြောပါတယ်။ ကချင်လူထုအခြေပြု မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ဟာ ၀ိုင်းမောမြို့နယ် ဆဒုံးနဲ့ ကန်ပိုင်တီဒေသကကို ဘိန်းခင်းဖျက်ဖို့ သွားရောက်ဖျက်စီးဖို့ထွက်ခွာချိန် အခုလ ၁၆ ရက်နေ့ကတည်းက အစိုးရတပ်ကနေပြီး တားဆီးခဲ့တာဖြစ်ပါတယ်။ ချီဖွေ-ဆဒုံးလမ်းခွဲ မှ ကျော်ဖြတ်ခွင့်ပေးနိုင်ဖို့ရန် ကချင်လူထုအခြေပြုမူးယစ်ဆေးတိုက်ဖျက်ရေး အဖွဲပအနေနဲ့ အာဏာပိုင်အဖွဲ့အစည်းတွေနဲ့ အကြိမ်ကြိမ်တွေ့ဆုံဆွေးနွေးခဲ့ပြီး ဖြစ်ပါတယ်။ မနေ့ကနေ နောက်ဆုံးအကြိမ် အာဏာပိုင်တွေနဲ့ အကြိတ်အနယ်ဆွေးနွေးခဲ့ကြပေမယ့် အဲဒီနေရာကနေ ကျော်ဖြတ်ခွင့်မပေးတဲ့အတွက် ဒီနေ့နေလယ် ၂ နာရီမှာ ဘုရားသခင်ထံ ဆုတောင်းအပ်နှံပြီး ဘိန်းခင်းများရှိရာကို  မည်သို့ပင်တားဆီးမှုတွေရှိနေပါစေ ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့ကြတာဖြစ်တယ်လို့ ဦးလမာယော်က ပြောပါတယ်။ “ဒီနေ့ ၂ နာရီမှာ မြစ်ကြီးနား၊ ၀ိုင်းမောဒေသမှာရှိတဲ့ ကချင်လူထုတွေအားလုံး တားဆီး ပိတ်ပင်ခံထားရတဲ့ နေရာလမ်းခွဲကိုသွားပြီးမှ ဆုတောင်းပွဲလုပ်ကြမှာ။ ဆုတောင်းပွဲပြီးရင် တခါတည်း patJasan အဖွဲ့ ၃၀၀၀ လောက်က ဘိန်းခင်းရှိတဲ့နေရာကို တွန်းလှန်ပြိးမှ ထွက်သွားမယ်။” ဒီလိုတားဆီးမှုကြားကထွက်ခွာမှာဖြစ်တဲ့အတွက် ပဌိပက္ခတွေဖြစ်လာနိုင်ပေမယ့် အသခံဖို့အထိ ပြင်ဆင်ထားတယ်လို့လည်း ပြောပါတယ်။ “သူတို့ ပစ်ရင်လည်း ကျနော်တို့က သေရမှာပါပဲ။ ဒါပေမယ့် အသေခံရဲတယ်။ ကျနော်တို့ နိုင်ငံမှာ ဒီလိုညင်းပန်းနှိပ်စက် တရားမမျှတဖြစ်နေတာအတွက် ကျနော်တို့က ရဲရဲဝင့်ဝင့်ရင်ဆိုင်သွားဖို့ပဲ ရှိပါတယ်။ တကမ္ဘာလုံးက ဆိုးကျိုးလို့ သတ်မှတ်ထားတဲ့ မူးယစ်ဆေးဝါး နှိမ်နှင်းတာကို တားဆီးတယ်ဆိုကတည်းကနေ ကျနော်တို့ ဘိန်းကြောင့် လူမျိုးတုန်းသွားမယ့် အခြေအနေမှာ ရှိတယ်ဗျာ။  အစိုးရလုပ်ရမယ့်အလုပ်ကို ပြည်သူလူထုကလုပ်တယ်တဲ့အခါမှာ တားဆီးတယ် ဆိုတော့ အဲဒီဘိန်းခင်းတွေ၊ မူးယစ်ဆေးတွေ ဘယ်သူလုပ်နေသလဲဆိုတာ ရုပ်လုံးကြွပေါ်လာတယ်လို့ပဲ မြင်ပါတယ်။” ကချင်လူထုအခြေပြု မူးယစ်ဆေးတိုက်ဖျက်ရေးအဖွဲ့ဟာ ဇန်န၀ါရီလဆန်းပိုင်းကစပြီး ပူတာအို၊ ဆွပရာဘွန်၊ ဖားကန့်၊ တနှိုင်း၊ချီဖွေ၊ ၀ိုင်းမော်၊ ကန်ပိုင်တီ၊ စတုန်း အစရှိတဲ့ဒေသတွေက ဘိန်းခင်းပေါင်း ၃ ထောင်ကျော်လောက် ဖျက်စီးခဲ့ပြီးဖြစ်ပါတယ်။ ကချင်ပြည်နယ်မှာရှိတဲ့ မူးယစ်ဆေးဝါးပြဿ နာကို ကချင်လူထုက အများဆုံး ဒဏ်ခံနေရ တာကြောင့် ကချင်တမျိုးသားလုံး လှုပ်ရှားမှုအနေနဲ့ ဘိန်းခင်းဖျက်ဆီးရေးလုပ်ငန်းတွေ ဆောင်ရွက်နေတာဖြစ်ပြီး ဒီလုပ်ငန်းစဉ်မှာ လူထုအင်အား စုစုပေါင်း ၄ ထောင်ကျော် ပါဝင်နေပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024