ဘာစီလိုနာကို ရင်ဆိုင်ရန် အသင့်ဖြစ်ဟု အာဆင်နယ်နည်းပြ ပြော

စပိန်ထိပ်သီး ဘာစီလိုနာအသင်းနဲ့ ရင်ဆိုင်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးက ပြောပါတယ်။ အာဆင်နယ်ဟာ ဖေဖော်ဝါရီ ၂၃ ရက် ဒီည ချန်ပီယံလိဂ်ရှုံးထွက် ပထမအကျော့ပွဲစဉ်အဖြစ် ဘာစီလိုနာကို အိမ်ကွင်းမှာ လက်ခံယှဉ်ပြိုင်ရမှာပါ။ ဘာစီလိုနာဟာ လောလောဆယ် ၃၂ ပွဲတိတိ ရှုံးပွဲမရှိသေးတဲ့အသင်း ဖြစ်သလို ချန်ပီယံလိဂ်မှာ ဗိုလ်စွဲဖို့ ရေပန်းစားတဲ့ အသင်းထဲမှာလည်း ပါဝင်နေပါတယ်။ အာဆင်နယ်နည်းပြကတော့ ဘာစီလိုနာကို ရင်ဆိုင်ဖို့ ပြင်ဆင်ရတာဟာ ဟားစီးတီးနဲ့ ကစားဖို့ ပြင်ဆင်ရတာလောက် မခက်ခဲဘူးလို့လည်း ဆိုထားပါတယ်။ အာဆင်နယ်ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက ဟားစီးတီးကို အိမ်ကွင်းမှာ လက်ခံယှဉ်ပြိုင်ရာ ဂိုးမရှိသရေ ကျထားပါတယ်။ ဘာစီလိုနာက ရေပန်းစားတဲ့အသင်းဖြစ်တော့ အသင်းသားတွေကို ယုံကြည်မှုတွေ တိုးလာအောင်နဲ့ အာရုစူးစိုက်မှု ပိုရအောင် လုပ်နိုင်ပါတယ်လို့ နည်းပြ ၀င်းဂါးက ပြောပါတယ်။ ဟားစီးတီးနဲ့ပွဲတုန်းက အနားပေးထားတဲ့ ကွင်းလယ်ကစားသမား အိုဇေးနဲ့ တိုက်စစ်မှူး ဆန်းချက်တို့ ဘာစီလိုနာနဲ့ပွဲမှာ ပြန်ပါလာမှာ ဖြစ်ပါတယ်။ အာဆင်နယ်ဟာ ၂၀၁၁ ဘောလုံးရာသီ ရှုံးထွက် ပထမအကျော့ အိမ်ကွင်းပွဲစဉ်မှာ ဘာစီလိုနာကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရထားဖူးပါတယ်။

More News
Up