နိုင်ငံရေးမုန်တိုင်းထန်ခဲ့သည့် စစ်တပ်အကြီးအကဲ မှတ်ချက်အပေါ် အစ္စရေးဝန်ကြီးချုပ် ကာကွယ်

ဓာတ်ပုံ - ရိုက်တာ
အစ္စရေးစစ်တပ် အကြီးအကဲရဲ့ မှတ်ချက်စကားကြောင့် အစ္စရေးမှာ နိုင်ငံရေးမုန်တိုင်း ထန်ခဲ့လို့ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက သူ့စစ်တပ် အကြီးအကဲကို ဖေဖော်ဝါရီ ၂၁ ရက်နေ့မှာ ကာကွယ် ပြောဆိုလိုက်ပါတယ်။ လတ်တလော ပါလက်စတိုင်း ဓားထိုးမှုတွေနဲ့ ပတ်သက်ပြီး မိန်းကလေးက ကတ်ကြေးနဲ့ ထိုးခဲ့ရင်တောင် သူ့စစ်သားတွေက ကျည်ကတ်အခွံဖြစ်တဲ့ထိ တုံ့ပြန်ဖို့ ဒု-ဗိုလ်ချုပ်ကြီး ဂါဒီ အိုင်စန်ကော့တ်က ပြောခဲ့တယ်ဆိုတဲ့ ကောလာဟလကြောင့် နိုင်ငံတကာ ဝေဖန်မှုတွေကို ရင်ဆိုင်ခဲ့ရပါတယ်။ တကယ်တမ်းက အိုင်စံကော့တ်က စစ်ရေးထိတွေ့မှု စတာနဲ့ ပတ်သက်လို့ အထက်တန်းကျောင်းမှာ မိန့်ခွန်းပြောခဲ့တာပါ။ တကယ်လို့ ၁၃ နှစ်သမီးက ကတ်ကြေးကိုင်ပြီး စစ်သားတွေနဲ့ ရင်ဆိုင်တာ ရှိခဲ့ရင် စစ်သားတွေက ဒီလို မိန်းကလေးကို ကျည်ကတ်ကုန်တဲ့အထိ ပစ်တာ မလိုချင်ဘူး၊ မိန်းကလေးက တကယ့်ကို သည်းကြီးမည်းကြီး တိုက်ခဲ့ရင်တောင် လုပ်ငန်းဆောင်ရွက်ရာမှာ လိုသလောက်အားကိုသာ စစ်သားတွေကို သုံးစေချင်တယ်လို့ အိုင်စံကော့တ်က ပြောခဲ့တာပါ။ အစ္စရေးရဲ့ လက်ယာယိမ်း အစိုးရအဖွဲ့ဝင်တယောက်က နိုင်ငံတကာ ဝေဖန်ရေးသမားတွေက ဒီစကားကို အဓိပ္ပာယ်ကောက် လွဲခဲ့တာ ဖြစ်နိုင်တယ်လို့ ပြောပါတယ်။ လူငယ်တွေ အများအပြားပါတဲ့ တိုက်ခိုက်သူတွေအပေါ် အင်အား အလွန်အကျွံ သုံးနေတယ်ဆိုတဲ့ စကားကိုလည်း စွပ်စွဲချက်သာ ဖြစ်တယ်လို့ အတည်ပြုပြီး ပြန်လည် ငြင်းဆိုခဲ့ပါတယ်။ ဒီအရေးနဲ့ ပတ်သက်တဲ့ နိုင်ငံရေး စကားရည်လုပွဲတွေကိုလည်း အခွံသက်သက်လို့ နေတန်ယာဟုက ခေါ်ဆိုလိုက်ပါတယ်။ စစ်ရေးထိတွေ့မှု စည်းမျဉ်းထဲမှာ စစ်သားတွေဟာ လူ့အသက်တွေ အန္တရာယ် ဖြစ်လောက်တဲ့ အချိန်မှာမှ ပစ်ခတ်နိုင်တယ်လို့ သတ်မှတ်ထားတယ်၊ အစ္စရေးဗိုလ်ချုပ်က ဒီစည်းမျဉ်းကို ညွှန်းဆိုတာသက်သက်သာ ဖြစ်တယ်လို့ နေတန်ယာဟုက ပြောပါတယ်။ တိုက်ခိုက်သူတွေလို့ စွပ်စွဲခံရသူတွေ မြေပေါ်လဲကျနေတာတောင်မှ သေနတ်နဲ့ အချက်ပေါင်းများစွာ အပစ်ခံရပုံကို ရိုက်ကူးထားတဲ့ ရုပ်သံတွေလည်း ပေါ်ထွက်ခဲ့လို့ ဒီအရေးက ငြင်းခုန်စရာ ဖြစ်ခဲ့တာပါ။ အစ္စရေးကတော့ စစ်သားနဲ့ အရပ်သားတွေရဲ့ အသက်တွေ ဘေးကျရောက်နေချိန်မှာ ဒီလို အင်အားသုံးတာက လိုအပ်တယ်လို့ ပြောပါတယ်။ ကျန်ခဲ့တဲ့ နိုဝင်ဘာလက ဂျေရုဆလင်မြို့မှာ ပါလက်စတိုင်း မိန်းကလေး ၂ ဦးက သက်ကြီး အမျိုးသားတဦးကို ရဲရှေ့မှာတင် ကတ်ကြေးနဲ့ထိုးခဲ့လို့ ရဲက ပစ်ခတ်ခဲ့တဲ့အတွက် တဦးသေဆုံးပြီး နောက်တဦး ဒဏ်ရာရခဲ့ပါတယ်။ မိန်းကလေးက မြေပေါ်မှာ မလှုပ်မရှား လဲကျနေချိန်မှာ အရာရှိက မိန်းကလေးကို အချက်ပေါင်းများစွာ ဆက်လက် ပစ်ခတ်ခဲ့ပုံကို လုံခြုံရေးကင်မရာက ရိုက်ကူးထားတဲ့ ရုပ်သံထဲမှာ ပြထားခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up