ဆမ်ဆောင်းမှ နောက်ဆုံးထုတ် S7 နှင့် S7 Edge စမတ်ဖုန်းများ မိတ်ဆက်

ဆမ်ဆောင်းစမတ်ဖုန်းတွေမှာ အကျော်ကြားဆုံးဖြစ်တဲ့ ဂလက်ဆီ S စီးရီး နောက်ဆုံးထုတ် S7 နဲ့ S7 Edge ကို ဖေဖော်ဝါရီ ၂၁ ရက်နေ့က ဆမ်ဆောင်းကုမ္ပဏီက ပြသခဲ့ပါတယ်။ ပြီးခဲ့တဲ့ generation တွေမှာ ဖြုတ်ထားခဲ့တဲ့ Feature တွေကို ဒီ S7 ဖုန်းတွေမှာ ပြန်ထည့်ထားပေးပြီး MicroSD ကတ် ပြန်သုံးခွင့်ပေးထားသလို ရေထဲမှာ နာရီဝက် အစိမ်ခံနိုင်တယ်လို့ ဆိုပါတယ်။ ဂိမ်းကစားလိုသူတွေအတွက် ဖုန်းရဲ့ စွမ်းဆောင်ရည်ကို မြှင့်ထားပေးပြီး အနောက်ကင်မရာကလည်း အလင်းရောင် နည်းနည်းမှာတောင် ရိုက်လို့ရအောင် အကောင်းဆုံး ကင်မရာကို ထည့်ထားပေးတယ်လို့ ဆမ်ဆောင်းက ဆိုပါတယ်။ ဒါပေမယ့် ဖုန်းရဲ့ဒီဇိုင်းကိုတော့ ပြီးခဲ့တဲ့နှစ်က ထုတ်ခဲ့တဲ့ S6 စီးရီးအတိုင်းပဲ ထုတ်လို့ အဲ့ဒါကပဲ ဈေးကွက်ထဲမှာ ပြဿနာရှိနိုင်တယ်လို့ ဈေးကွက်ကျွမ်းကျင်သူတွေက ဆိုပါတယ်။ ဒီဖုန်းသစ်ထဲမှာ အဆင့်မြင်တဲ့ Feature တွေဖြစ်တဲ့ ကင်မရာတို့၊ chipset တို့၊ MicroSD ကတ်တို့၊ ရေထဲအကျခံတာတို့ စတာတွေ ထည့်ထားပေးပေမယ့် ဖုန်းသုံးစွဲသူကို အမြင်နဲ့ စွဲဆောင်ရဦးမှာဖြစ်တယ်လို့ နည်းပညာ ကျွမ်းကျင်သူတွေက ဆိုပါတယ်။ အခုထုတ်တဲ့ဖုန်းက ကြည့်လိုက်ရင် အရင်နှစ်က ဖုန်းဒီဇိုင်းအဟောင်းအတိုင်းပဲ ဖြစ်နေတယ်လို့ ပြောဆိုတာပါ။ ဆမ်ဆောင်းစမတ်ဖုန်းအရောင်း ပြီးခဲ့တဲ့နှစ်က ကျဆင်းခဲ့ပြီး ဆမ်ဆောင်း ရှယ်ယာဈေးလည်း ၂ ရာခိုင်နှုန်း ကျခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်က Apple၊ ရှောင်းမီနဲ့ ဟာဝေးဖုန်း အရောင်းတွေ တက်ခဲ့တဲ့အချိန်မှာ ဆမ်ဆောင်းဖုန်းတွေ အရောင်းကျဆင်းခဲ့ပေမယ့် အရောင်းရဆုံး စမတ်ဖုန်းတွေအဖြစ်တော့ ဆက်လက်ရပ်တည်နေဆဲ ဖြစ်တယ်လို့ မိုဘိုင်းဖုန်း သုသေတနအဖွဲ့တွေက ဆိုပါတယ်။

More News
Up