ဆင်ရိုင်းတွေကို လိမ္မာယဉ်ပါးအောင် လေ့ကျင့်ပေးသည့် ထိုင်းဆင်စခန်းက မြန်မာဆင်ဦးစီးများ (ရုပ်သံ)

ဧက ၆၀ နီးပါး အကျယ်အ၀န်းရှိတဲ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့အနီးက ဘန်ချန်း ဆင်စခန်းဟာ နိုင်ငံခြားသား ခရီးသွားဧည့်သည်တွေကို ဆွဲဆောင်မှုရှိတဲ့ နေရာတခု ဖြစ်ပါတယ်။ ဆင်ရိုင်းတကောင်ကို ၃ လအတွင်း လိမ္မာယဉ်ပါးလာအောင် သင်ပေးနိုင်တဲ့ ဘန်ချန်းဆင်စခန်းမှာ မြန်မာနိုင်ငံသား အများစု ဦးစီးလုပ်ကိုင်နေကြပါတယ်။ ဘန်ချန်းဆင်စခန်းဟာ ထိုင်းနိုင်ငံ ချင်းမိုင်မြို့နဲ့ ကီလိုမီတာ ၄၀ အကွာမှာ တည်ရှိပါတယ်။ ဒီဆင်စခန်းမှာဆိုရင် ဆင် ၄၉ ကောင်ရှိပြီး ဆင်ထိမ်းတဲ့ ဆင်ဦးစီး ၄၉ ယောက် ရှိပြီး အဲ့ဒီအထဲက ၄၇ ယောက်က မြန်မာပြည်သားတွေ ဖြစ်ပါတယ်။ သူတို့တွေ အားလုံးရဲ့ တနေ့တာ လုပ်ငန်းတွေကို စီမံခန့်ခွဲပေးတဲ့သူ ဆင်ဦးစီးတွေရဲ့ ခေါင်းဆောင်တဦး ရှိပါတယ်။ သူဟာ ဖားမွေ ဖြစ်ပါတယ်။ ဧက ၆၀ နီးပါး အကျယ်အဝန်းရှိတဲ့ ဒီဆင်စခန်းတခုလုံးကို စီမံခန့်ခွဲနေသူလည်း ဖြစ်ပါတယ်။ ဆင်စခန်းပိုင်ရှင်ကတော့ ထိုင်းနိုင်ငံသား မစ်တာ အီတိဖုန်း ဖြစ်ပါတယ်။ “ကျနော်နာမည်က ဖားမွေပါ။ ကယောလိုပေါ့။ မြန်မာလိုက မောင်ပျော်၊ အင်္ဂလိပ်လိုက ဒီမှာ happy boy၊ ကျနော်ဆင်ထိန်းလာတာ ၁၁ နှစ်လောက် ရှိသွားပြီပေါ့။” တိရိစ္ဆာန်အမျိုးအစားအထဲမှာ ဆင်လိုအကောင်ကြီးတွေကို လိမ္မာပါးနပ်လာအောင် သင်ပေးနိုင်ဖို့က မလွယ်ဘူးဆို အားလုံးအသိဘဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဖားမွေအတွက်တော့ ဆင်ရိုင်းတွေကို ပဲခူးရိုးမမှာ ကိုယ်တိုင်ဖမ်းခဲ့သလို ဆင်ရိုင်းတကောင်ကို ၃ လအတွင်း လိမ္မာအောင်သင်ပေးနိုင်ပါတယ်။ “ဒီလို ဆင်တကောင်ကို အိပ်တာ၊ ထတာတို့ အလုပ်လုပ်နိုင်အောင် ၃ လ အချိန်ယူရတယ်။ တချို့လူတွေက ၁ နှစ်လောက် ကြာတယ်။ ကျနော်က နေ့ကောညကော သင်တော့ ၃ လလောက်ကြာတယ်”လို့ ဆင်ဦးစီးခေါင်းဆောင် ဖားမွေက ပြောပါတယ်။ ဒီစခန်းထဲကဆင်တွေထဲမှာ အသက်ကြီးဆုံးဆင်က ၅၆ နှစ်နဲ့ အငယ်ဆုံးက ၂ နှစ်ကျော် ရှိပါတယ်။ ဆင်တကောင်ရဲ့ တန်ဖိုးဟာ ဘတ် ၁၀ သိန်းနဲ့ အထက်မှာဘဲ ရှိပါတယ်။ ထူးခြားတာတခုက ဒီဆင်စခန်းဟာ သူများတွေလို ပန်းချီဆွဲတာ ဘောလုံးကန်တာတွေ သင်ပေးတာ မဟုတ်ပါဘူး။ “အဲဒါ လူလုပ်တယ်လို့ ခေါ်တယ်။ ဆင်နဲ့ အဝေးနေပြီး လုပ်ခိုင်းကြည့် သူ ဘယ်တော့မှ မလုပ်ဘူး။ လူက ဘေးမှာ နေပြီး ပန်းချီဆွဲတယ်ဆို ဒီမှာ ကိုင်ပြီး ဆွဲတယ်လေး ဒီမှာတော့ ဆင်စီးတတ်အောင် တက်တတ်အောင် ကိုင်တတ်အောင် သင်ပေးတယ်။ ဘယ်နိုင်ငံခြားသား ဖြစ်ဖြစ်ပေါ့နော်။ သူတို့ တတ်ပြီဟေ့ဆိုရင် ထမင်းပြန်စားခိုင်းတယ်။ ထမင်းဟင်းတွေ အကုန် free ဘဲ နေ့လယ် ၁ နာရီဆိုလို့ရှိရင် တောင်ကိုပတ် ပြီးတော့ အင်္ဂလိပ်နဲ့ ဆင်နဲ့ ရေပြန်ချိုးတယ်”လို့ ဆင်ဦးစီးခေါင်းဆောင် ဖားမွေက ဆက်ပြောပါတယ်။ ဒီကိရိယာဟာ ဆင်ဦးစီးတိုင်းဆောင်ထားရမယ့် ချွန်း ဖြစ်ပါတယ်။ ကားမောင်းသူ သော့ ရှိရသလို ဆင်ဦးစီးဟာလည်း ချွန်းရှိဖို့ အရေးကြီးပါတယ်။ “ဒီတခုကို ဘယ်သုံးရလဲဆိုတော့ ဆင်ကို ဟိုချိတ်၊ ဒီချိတ်ပေါ့။ ဘာဖြစ်လို့လဲ ဆိုတော့ သူတို့က တိရိတ္ဆန်တွေလေး သူတို့ကို ကြက်ဥလို ကိုင်လို့ မရဘူး။ သူတို့က မြက်စားတယ်လေး ဒါပေမယ့် သူတို့ အပြစ်မရှိရင် ဒီပစ္စည်းကိုင်ပြီးကျနော် အရမ်း မလုပ်ပါဘူး။ သူတို့ ဟိုဖက်သွားတဲ့ ကျနော်တို့က ဒီဖက်သွားချင်ရင် ဒီဖက်ကို ချိတ်တယ်”လို့ ဆင်ဦးစီးခေါင်းဆောင် ဖားမွေက ပြောပါတယ်။ ချင်းမိုင်တခုလုံးမှာ ဆင်စခန်း ၃၀ ကျော် ရှိပါတယ်။ ဒီစခန်းမှာ အခုလို နွေရာသီကာလမှာဆိုရင် နေ့စဉ် နိုင်ငံခြားသား ၆၀ လောက်လာရောက် လေ့လာပါတယ်။ ဘန်ချန်းဆင်စခန်းပိုင်ရှင် အီတိဖုန်း က “အရင်တုန်း လူတွေဟာ ဆင်ကို အလုပ်ကြမ်းလုပ်ဖို့ သုံးကြတယ်ဆိုတာ သိကြမှာပါ။ တောထဲမှာ ဆင်တွေကို သစ်လုံးတွေ ဆွဲခိုင်းတာတွေ၊ ဒါပေမယ့် အခြေအနေနဲ့ အချိန်အခါ ပြောင်းလဲလာတဲ့အခါမှာ ဆင်တွေဟာ အလုပ် မလုပ်ရတော့ဘူး။ ဆင်အကြောင်းကို သိချင်လို့ လာလေ့လာတဲ့ ဧည့်သည်တွေကို ဒီမှာ ဆင်ရဲ့ တနေ့တာလုပ်ရှားမှုတွေနဲ့ အတူတူ အနီးကပ် လေ့လာကြတယ်”လို့ ပြောပါတယ်။ သူတို့ဆင်ထိန်းတဲ့အခါမှာ ကရင်စကားသုံးတာ များပါတယ်။ ဒါပေမယ့်ဆင်တွေဟာ ကိုယ်နဲ့ သိကျွမ်းလာပြီးဆိုရင်တော့ ဘယ်စကားကိုမဆို နားလည်နိုင်စွမ်းရှိတယ်လို့ ပြောပါတယ်။ ဆင်စခန်းတခုလုံးမှာ မရှိမဖြစ်တဲ့ ဆင်ဆေးခန်းကလေးပါ။ ဆင်အတွက်လိုအပ်တဲ့ ဆေးဝါးတွေနဲ့ တခြားအသုံး အဆောင်ပစ္စည်းတွေကို ဆင်ဆေးခန်းမှာဘဲ ထားပါတယ်။ “ဒါကတော့ ဆင်ခြေသည်းကို ဖြတ်ဖို့ သုံးတဲ့ပစ္စည်း ခြေသည်းရှည်လာရင် သစ်ငုတ်၊ ကျောက်ခဲတွေ တိုက်မိရင် အနာဖြစ်တတ်တယ်လေ။ ဒါကတော့ပါ ဆင်ရောဂါ ရှိလား သိအောင် ဒီအပ်ကို သုံးပြီး သွေးတွေ စစ်တယ်”လို့ ဆင်ဦးစီးခေါင်းဆောင် ဖားမွေက ပြောပါတယ်။ နောက်တခုက ဒီစခန်းမှာ ဆင်သင်္ချိုင်းဆိုတာ ရှိပါတယ်။ ဒီစခန်းဖွင့်ထားတာ ၇ နှစ်ဘဲ ရှိပါသေးတယ်။ အခုဆိုရင် ဒီသင်္ချိုင်းမှာ ဆင်လေးကောင်ကို သင်္ဂြိုဟ်ထားပြီး ဖြစ်ပါတယ်။ အိုနာလို့ သေတာ၊ မွေးမွေးချင်းသေနဲ့ တကောင်နဲ့တကောင်တိုက်ခိုက်တဲ့ အချိန်မှာ သေတာလို့ ပြောပါတယ်။ ဖားမွေရဲ့ပါရမီက ဆင်ကိုမြင်တာနဲ့ အသက်ဘယ်လောက်ရှိတယ်ဆိုတာကို ပြောနိုင်ပါတယ်။ နောက်ထူးခြားချက်တခုက အာရှဆင်တွေဟာ မှတ်ဉာဏ် ကောင်းတယ်လို့ ဆင်ဦးစီးခေါင်းဆောင် ဖားမွေက ဆိုပါတယ်။ “အာဖရိကဆင်က ခေါင်းတလုံးဘဲ ရှိတယ် သင်ရတာ မှတ်ညဏ် မရှိဘူး။ ခေါင်းက သေးတယ်။ နားရွက်က ကျယ်တယ်။ သင်လို့လဲ မရ၊ စီးလို့လဲ မရဘူး အလှပြဖို့ဘဲ ရှိတယ်။ အာရှဆင်ကတော့ ဘယ်မှာ ကွာသွားလဲဆိုတာ ဒီမှာ ခေါင်းနှစ်လုံး ရှိတယ်။ နမောင်းထိပ်မှာ တခုဘဲ ရှိတယ်။ အာဖရိကဆင်က နှာမောင်းထိပ်မှာ ကဏန်းကောင်လက်လိုမျိုး နှစ်ခွ ရှိတယ်။ နောက် အာဖရိကဆင်က အအေးကို မကြိုက်ဘူး အပှုကို ကြိုက်တယ်။ အာရှဆင်ကတော့ အပူမခံနိုင်ဘူး။ တအားပှုရင် လေဖြတ်တဲ့ဆင်တွေတော့ ရှိတယ်။” ဆင်ဦးစီးတွေအများစုက အသက် ၂၆ နှစ်ကနေ ၃၀ အကြားလူငယ်တွေ ဖြစ်ပါတယ်။ သူတို့တွေဟာ ၁ လမှာ ၄ ရက်ဘဲ နားခွင့် ရှိပြီး တလမှာ ဘတ်ငွေ ၈ ထောင်ကနေ ၉ ထောင်ဝန်းကျင်မှာဘဲ ရကြပါတယ်။ ဒီအလုပ်ဟာ အန္တရာယ်ရှိတယ်ဆိုတာ သိနေကြပေမယ့် ဒါကို ရှောင်လွဲနိုင်အောင် နှလုံးသားထဲက ဆင်နဲ့ထပ်တူခံစားနိုင်ဖို့က အရေးကြီးတယ်လို့ ဆင်ဦးစီးတဦး ကိုမျိုးဆန်းဦးက ပြောပါတယ်။ “ဆင်ဦးစီးဆိုတာ ဆင်အကြောင်းကို သိရမယ်။ သူနဲ့ စိတ်ထပ်တူထပ်မြရှိရမယ်။ သူရေဆာလား၊ အစာဆာနေလား၊ ပင်ပန်းနေလား အဲ့လိုမျိုးတွေပါ့။” ဖားမွေနဲ့အတူ ဘန်ချန်ဆင်စခန်းမှာရှိတဲ့ မြန်မာပြည်သားတွေအားလုံးဟာ ဒေါ်အောင်ဆန်းစုကြည် အစိုးရတက်လို့ နိုင်ငံရေး အပြောင်းအလဲတွေဖြစ်လာမယ်ဆိုရင် ကိုယ့်ဒေသကို ပြန်ကြဖို့ ဆုံးဖြတ်ထားကြပါတယ်။ ဖားမွေဟာဆိုရင်လည်း ကယားပြည်နယ်မှာ ကိုယ်ပိုင်ဆင်စခန်းပြန်ဖွဲ့ဖို့ ရည်ရွယ်ထားတယ်လို့ ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up