ဘူတန်ဘုရင်မွေးနေ့ပွဲတွင် ရိုးရာ၊ ဂီတ၊ အက၊ ယဉ်ကျေးမှုပြပွဲများ ဆင်နွှဲ (ရုပ်သံ)

ဘူတန်နိုင်ငံရဲ့ဘုရင် ဂျစ်မီခေစာ နမ်ဂေး ဝမ်ချုပ်ရဲ့ ၃၆ နှစ်ပြည့် မွေးနေ့ပွဲကို မြို့တော် သင်ပူမှာ ဖေဖော်ဝါရီ ၂၁ ရက်နေ့က ဆင်နွှဲနေတာပါ။ ရိုးရာ ဂီတ၊ အကတွေနဲ့ ယဉ်ကျေးမှုပြပွဲ ကျင်းပ ဆင်နွှဲခဲ့ပါတယ်။ ရိုးရာဝတ်စုံတွေ ဝတ်ထားတဲ့ ထောင်နဲ့ချီတဲ့ ပွဲကြည့်သူတွေဟာ ချန်လစ်မစ်တန် အားကစားရုံဆီကို ပွဲကြည့်ဖို့ လာခဲ့ကြတာပါ။ ဘာသာရေးပွဲစဉ်၊ စစ်ရေးပြအခမ်းအနား၊ ကပွဲနဲ့ ဂီတဖျော်ဖြေပွဲတွေအပြင် ရိုးရာနပမ်းပွဲလည်း ပါဝင်ပါတယ်။ ကျောင်းသားတွေနဲ့ စစ်ဘက်အရာရှိတွေပါတဲ့ စစ်ရေးပြအဖွဲ့က ဘုရင့်ကို ဂုဏ်ပြုတဲ့ ကြေညာစာတမ်းတွေ ကိုင်ဆောင်ထားခဲ့တာကို အရာရှိတွေက တက်ရောက် ကြည့်ရှုခဲ့ပေမယ့် ဘုရင်ကတော့ ဒီပွဲကို မတက်ရောက်ပါဘူး။ ၅ ဆက်မြောက် နဂါးဘုရင် ဝမ်ချုပ်ဟာ သူ့ဖခင်က အာဏာကို ၂၀၀၆ မှာ လွှဲပေးအပြီး ပါလီမန်ရွေးကောက်ပွဲ ကျင်းပဖို့နဲ့ တိုင်းပြည်မှာ ဒီမိုကရေစီစနစ်ကို ကျင့်သုံးဖို့ ပြုပြင်ပြောင်းလဲရေး လုပ်ခဲ့သူပါ။ ဒါပေမယ့် အိန္ဒိယနဲ့ တရုတ်နိုင်ငံကြားက ဟိမဝန္တာနိုင်ငံလေး ဘူတန်မှာ ဘုရင်စနစ်ဟာ ပဋိပက္ခများတဲ့ ဒေသအတွင်း တည်ငြိမ်ရေး ကူညီရာမှာ အသက်သွေးကြော ဖြစ်နေခဲ့တယ်လို့ ရှုမြင်ခံနေရပါတယ်။ ၂၀၀၆ ခုနှစ်ကမှ နန်းတက်တဲ့ ဘူတန်ဘုရင်ရဲ့ ရုပ်ပုံတွေကို နိုင်ငံတလွှား အိမ်တိုင်းမှာ ချိတ်ဆွဲထားတာ တွေ့ရတာပါ။ ဘုရင်ဟာ အကြွင်းမဲ့အာဏာပိုင် ဘုရင်စနစ်ကနေ ဒီမိုကရေစီနည်းလမ်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရဆီ အာဏာလွှဲပေးဖို့ သဘောတူခဲ့ပါတယ်။ ဘူတန်နိုင်ငံမှာ ပထမဆုံး ရွေးကောက်ပွဲကို ၂၀၀၈ ခုနှစ်က စတင်ကျင်းပပါတယ်။ ဘူတန်ဘုရင်ဟာ စီးပွားရေးတိုးတက်မှုပုံစံကို စုစုပေါင်း ပြည်တွင်းပျော်ရွှင်မှုနဲ့ တိုင်းတာခဲ့လို့ လူသိများပါတယ်။ ဒီစံပြပုံစံဟာ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ဝတ္ထုဆိုင်ရာ ကြွယ်ဝမှုကြားက ဟန်ချက်ကိုရှာဖို့ ရည်ရွယ်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up