စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြန်မှုကို ဆန့်ကျင်ဆန္ဒပြသူများနှင့် တူရကီရဲတပ်ဖွဲ့ ရုန်းရင်းဆန်ခတ် ဖြစ် (ရုပ်သံ)

တူရကီနိုင်ငံ အရှေ့တောင်ဘက်က ကာဒစ်ရှ်လူမျိုးတွေ နေထိုင်ရာ ခရိုင်ရဲ့ အကြီးဆုံးမြို့ ဒီယာဘာကီယာမှာ ရာနဲ့ချီတဲ့ ဆန္ဒပြသူတွေနဲ့ ရဲတွေ ဖေဖော်ဝါရီ ၂၁ ရက်နေ့က ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ပါတယ်။ နေ့ရောညပါ စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်မှုကို ဆန့်ကျင် ဆန္ဒပြသူတွေကို ရဲတွေက မျက်ရည်ယိုဓာတ်ငွေ့တွေနဲ့ မီးသတ်ပိုက်တွေသုံးပြီး လူစုခွဲခဲ့သလို ဆန္ဒပြသူတွေကလည်း ရဲတွေကို ကျောက်ခဲတွေနဲ့ ပြန်ပစ်ပေါက်ခဲ့ပါတယ်။ ဒီယာဘာကီယာမြို့တည်ရှိရာ ဆာရ်ခရိုင်မှာ နေ့ရောညပါ စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ထားတာ ၂၀၁၅ ဒီဇင်ဘာ ၂ ရက်နေ့တည်းကပါ။ အစိုးရနဲ့ ကာဒစ်စတန် လုပ်သားများပါတီ (ပီကေကေ) စစ်သွေးကြွတွေကြား ၂ နှစ်ခွဲ တည်မြဲခဲ့တဲ့ အပစ်အခတ်ရပ်စဲရေး ကျိုးပေါက်ခဲ့လို့ တူရကီနိုင်ငံရဲ့ အရှေ့တောင်ပိုင်းမှာ နှစ် ၂၀ အတွင်း အဆိုးဆုံး အကြမ်းဖက်မှုတွေ ပေါ်ပေါက်နေပါတယ်။ ၁၉၈၄ ခုနှစ်က စတဲ့ တူရကီ သူပုန်ထမှုကြောင့် လူအယောက် ၄ သောင်း သေဆုံးခဲ့ပြီးပါပြီ။ တူရကီစစ်တပ်က ပီကေကေ စစ်သွေးကြွတွေကို အမြစ်လှန်ဖို့ ကြိုးစားနေလို့ တိုက်ပွဲတွေက မြို့လယ်ကို ရွှေ့လာခဲ့ပါတယ်။ တူရကီ၊ အမေရိကန်နဲ့ ဥရောပသမဂ္ဂတို့က ပီကေကေတွေကို အကြမ်းဖက် အုပ်စုအဖြစ် သတ်မှတ်ထားပါတယ်။ ပီကေကေတွေကတော့ တူရကီရဲ့ ကာဒစ်ရှ် တိုင်းရင်းသား လူနည်းစု အတွက် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ ရရေး တိုက်ပွဲဝင်နေတာလို့ ပြောခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up