ဆီးရီးယားပြည်တွင်းစစ် ၅ နှစ်အတွင်း လူသေအများဆုံး ကားဗုံးပေါက်ကွဲမှု ဖြစ် (ရုပ်သံ)

1.1K
ဆီးရီးယားနိုင်ငံ ဟုမ်းမြို့မှာ ဖေဖော်ဝါရီ ၂၁ ရက်နေ့က ကားဗုံးပေါက်ကွဲမှု ၂ ရပ်ကြောင့် လူအနည်းဆုံး ၄၆ ယောက် သေဆုံးပါတယ်။ ဒါဟာ ပြည်တွင်းစစ် ၅ နှစ်အတွင်း မြို့ထဲမှာ လူသေအများဆုံး တိုက်ခိုက်မှုလို့ စောင့်ကြည့်လေ့လာရေးအဖွဲ့က ပြောပါတယ်။
အစိုးရမီဒီယာက ပေါက်ကွဲမှုတွေနဲ့ ပတ်သက်ပြီး အတည်ပြုပါတယ်။ မြို့လယ် ဇာဟာရာခရိုင်က ပေါက်ကွဲမှုတွေကြောင့် အနည်းဆုံး လူအယောက် ၁၀၀ လောက်လည်း ဒဏ်ရာရခဲ့ကြတယ်လို့ ဗြိတိန်အခြေစိုက် ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့က ပြောပါတယ်။
အစိုးရလိုလားတဲ့ ရုပ်သံဌာနတွေက ပြသတဲ့ ရုပ်သံမှတ်တမ်းတွေထဲမှာ အပျက်အစီးတွေကြားက မီးကျွမ်းနေတဲ့ အလောင်းတွေ၊ ပျက်စီးသွားတဲ့ ဆိုင်ခန်းတွေ ကိုပြသထားပါတယ်။ ကားတွေ အများအပြား မီးလောင်ခဲ့ပြီး ဒဏ်ရာရသူတွေ လျှောက်သွားနေပုံကိုလည်း ပြသပါတယ်။
ဟုမ်းမြို့ အုပ်ချုပ်ရေးမှူးကို ကိုးကားပြီး လူအနည်းဆုံး ၂၅ယောက် သေဆုံးတယ်လို့ အစိုးရ ရုပ်သံက ကြေညာပါတယ်။ အစိုးရက အစ္စလာမ္မစ်နိုင်ငံ အမည်ခံ အိုင်အက်စ်သွေးကြွတွေကို စီးနင်းအပြီး နောက်နေ့မှာ တိုက်ခိုက်မှု ဖြစ်ခဲ့တာပါ။ ဒါပေမယ့် ဘယ်အဖွဲ့က တိုက်ခိုက်တယ် ဆိုတဲ့ တာဝန်ခံ ပြောဆိုမှု မရှိသေးပါဘူး။
အရင်လက အိုင်အဲ့စ်တွေရဲ့ တိုက်ခိုက်မှုကြောင့် ဒီမြို့မှာပဲ လူအနည်းဆုံး ၂၄ယောက် သေဆုံး ခဲ့ပါတယ်။ ဟုမ်းမြို့အတွင်း သူပုန်တွေ နောက်ဆုံးထိန်းချုပ်တဲ့နေရာကို အစိုးရသိမ်းဖို့ လမ်းကြောင်းရှာတဲ့ အနေနဲ့ အပစ်အခတ် ရပ်စဲရေး ဒီဇင်ဘာလက သဘောတူခဲ့ ပါတယ် အဲဒီနောက် ဗုံးနဲ့ တိုက်ခိုက်မှုကြောင့် လူ ၃၂ယောက် သေဆုံးခဲ့ ပါသေးတယ်။