Home
မြန်မာသတင်း
အမိုနီယမ်နိုက်ထရိတ် ဓာတုပစ္စည်းများ တင်သွင်းမှုကြောင့် ကသာဒေသခံများ စိုးရိမ် (ရုပ်သံ)
DVB
·
February 21, 2016
စစ်ကိုင်းတိုင်း ဒေသကြီး ကသာမြို့ ဧရာဝတီမြစ်ကူး ဇက်ဆိပ်ကမ်းမှာ ဖားကန့်ကို ပို့မယ့် အမိုနီယမ်နိုက်ထရိတ် ဓာတုပစ္စည်းတွေ အများပြား ဒီနေ့ တင်သွင်းလာတဲ့အတွက် အန္တရာယ်ဖြစ်မှာကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်။ ထိုင်းနိုင်ငံထုတ် အမှတ်တံဆိပ် ပါရှိတဲ့ အမိုနီယမ်နိုက်ရိတ် ဓာတုပစ္စည်းတွေကို သင်္ဘောကြီးတွေနဲ့ ရန်ကုန်မှ မန္တလေး၊ မန္တလေးမှ ကသာ ဇက်ဆိပ်ကမ်းကတဆင့် ကားကြီးတွေနဲ့ ဖားကန့် ကပစ ၁၃ (ကာကွယ်ရေးပစ္စည်းစက်ရုံ)  ကို ပို့ဆောင်မှာ ဖြစ်ပါတယ်။ ကသာဒေသခံ ဦးဟာကျူလီ (ကသာ) က ဒီအမိုနီယမ်နိုက်ထရိတ်အမျိုးအစားဟာ ရာသီဥတုပူပြင်းရင် မီးလောင်လွယ်တာကြောင့် ဒေသခံတွေက စိုးရိမ်နေကြတာလို့ ဒီဗွီဘီကို ပြောပါတယ်။ “ဒီအမိုနီယမ်နိုက်ထရိတ်ဆိုတာ အချိန်မရွှေး ရာသီဥတုပြင်းရင် မီးလောင်လွယ်တယ်ဗျာ၊ မီးလောင်လွယ်တော့ ဒါကို ကြောက်ကြတာပေါ့။ ဒါကို သယ်လာတာလည်း နည်းတာမဟုတ်တာ။ တန်ချိန် ၁၀၀၀ နဲ့ ၇ တန် ဆိုတော့ တကယ်မီးလောင်မယ်ဆိုရင်တော့ တမြို့လုံး ပြာကျသွားမှာပေါ့၊ အဲဒါ စိုးရိမ်တာပါ။” အခုလို အမိုနီယမ်နိုက်ထရိတ်တွေ တင်သွားလာတာနဲ့ ပတ်သက်ပြီး ကသာမြို့မ ရဲစခန်းကို မေးမြန်းရာမှာ ဒီပစ္စည်းတွေကို ကသာခရိုင်အတွင်း ခရိုင်နဲ့မြို့နယ် ထွေအုပ်တွေအပါအ၀င် ဌာနပေါင်းစုံက တာဝန်ရှိသူတွေ သွားရောက်စစ်ဆေးပြီးပြီ ဖြစ်တာကြောင့် ဒေသခံတွေအနေနဲ့ စိုးရိမ်စရာမရှိဘူးလို့ ရဲအုပ် မင်းသန်းထိုက်က ပြောပါတယ်။ “ကပစ ၁၃ က သူတို့ ဖားကန့်ကို တင်သွားမှာခင်ဗျာ။ အချက်အလက်တွေပါပြီးသား၊ ကာကွယ်ရေး ပစ္စည်းထုတ်လုပ်မှု တပ်ဖွဲ့စည်းပုံ တပ်တံဆိပ်တွေလည်း အကုန်ပါတယ်၊ တာဝန်ခံ ဗိုလ်ကြီး မင်းလွင်သူတဲ့ ပစ္စည်း လက်ခံသူ၊ ကိုယ်ပိုင်နံပါတ်တွေလည်း အကုန်ပါတယ်၊ အထောက်အထားတွေ အကုန်စုံပါတယ်။ သူတို့က စနစ်တကျ သယ်လာတာခင်ဗျာ။ ၁၂ ဘီးကားတွေနဲ့လေ၊ အစီး ၄၀ လောက် စုံပြီဆိုတာနဲ့ တန်းထွက်မှာပါခင်ဗျာ။ အဲဒီလောက်တော့ မဟုတ်ပါဘူး၊ လူတွေက ချဲ့ကားပြီးပြောတာပါ။ သေချာထုတ်ပိုးပြီးတော့ တရားဝင် စာတွေဘာတွေ ပါပြီးသား။ အမိုနီယမ်နိုက်ထရိတ်တွေပါ။ လက်နက်ခဲယမ်းတွေမှာ အသုံးပြုတဲ့ ယမ်းပေါ့။” ဓာတ်ပုံနှင့်ရုပ်သံ - သီဟဆွေ (ကသာ)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024