Home
မြန်မာသတင်း
ဒီမိုကရေစီ နိုင်ငံတည်ဆောက်ခြင်း (၂)
နေသွင်
·
February 20, 2016
ဒီမိုကရေစီ အသွင်ကူးပြောင်း အကြောင်း အထိုက်အလျှောက် ရေးသားကြပြီး ဖြစ်ပါတယ်။ ဒါပေမ့ယ် ခေတ်သစ် ထီးနန်းဆက်ခံ စနစ် (neopatrimonial) ကနေ ဒီမိုကရေစီ စနစ်ဆီကို အဘယ်ပုံချီတက်ရမည်ကို အလင်းပြမည့် စာပေတို့မှာ ရှားပါးဆဲပင်။ ကျန်ခဲ့တဲ့ ဆယ်စု တခုအတွင်း အထိုက်အလျှောက် ရှိခဲ့ပေမယ့် သဘောတရား လိုအပ်ချက်မှာ ရှိနေဆဲ ဖြစ်ရာ အကောက်အယူလွဲမှုများလည်း  နက်နက်ရှိုင်းရှိုင်း ရှိနေပါတယ်။ ဥပမာ “ခေတ်မီနိုင်ငံတော် (modern state) ကို တည်ဆောက်ဖို့ လာဘ်ပေးလာဘ်ယူ ကင်းဖို့ လိုတယ်” ဆိုတဲ့ အယူအဆမျိုး ဖြစ်ပါတယ်။ နိုင်ငံတချို့မှာ ကြုံတွေ့ခဲ့ရတဲ့ အကျင့်ပျက်ခြစားမှုရဲ့  ပြဿ  နာတွေ အကြောင်းလည်း အထိုက်အလျှောက် ရေးသားခဲ့ကြတယ်။ အကျင့်ပျက်ခြစားမှုနဲ့ အစိုးရစွမ်းဆောင်ရည် ညံ့ဖျင်းမှုတို့ ကြားမှာ အဆက်အစပ် ရှိပေမယ့် ထပ်တူပြုလို့ မရနိုင်ပါဘူး။ နိုင်ငံတနိုင်ဟာ လာဘ်ပေးလာဘ်ယူမှု အထိုက်အလျှောက် ကင်းစင်ပေမယ့် စွမ်းဆောင်ရည် မရှိပြန်ရင်လည်း ပြည်သူ့ အခြေခံ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်စွမ်းမှာ မဟုတ်ပါဘူး။ ဥပမာ အီဘိုလာ ကပ်ဘေးနဲ့ ကြုံခဲ့ရတဲ့ ဂီနီ၊ ဆီရာလီယွန်းနဲ့ လိုက်ဘေးရီးယားတို့မှာ ကျန်းမာရေး ၀န်ဆောင်မှုတွေကို မဖြည့်ဆည်း ပေးနိုင်တာဟာ အကျင့်ပျက် ခြစားမှု မဟုတ်ဘဲ စွမ်းဆောင်ရည် ကိစ္စက အဓိက ပိုကျပါတယ်။ အတိအကျ ပြောရရင် လူသားအရင်းအမြစ်နဲ့  ရုပ်ဝတ္ထုပိုင်း အရင်းအမြစ် မပြည့်စုံမှုနဲ့ ပိုဆိုင်သည်။ ဆရာဝန်၊ သူနာပြု၊ လျှပ်စစ်မီး အားပြည့်သော ဆေးရုံ၊ ရေကောင်းရေသန့် စသည့် လိုအပ်ချက်တွေကို ဆိုလိုပါတယ်။ နိုင်ငံတော်၏ စွမ်းဆောင်ရည် ခေတ်မီနိုင်ငံအကြောင်းပြောမယ်ဆိုရင် ဘယ်လောက်အထိ လာဘ်ပေးလာဘ်ယူ ကင်းစင်းသလဲ ဆိုတာထက် နိုင်ငံရဲ့ စွမ်းဆောင်ရည် (state capacity) ဘယ်လောက် မြင့်မားသလဲဆိုတာကို အာရုံပြုဖို့ လိုအပ်ပါတယ်။ ခေတ်မီ နိုင်ငံအကြောင်းပြောကြတဲ့အခါ နိုင်ငံတော်ရဲ့ ၀န်ဆောင်မှု နယ်ပယ်က ကျယ်ဝန်းပါတယ်။ စီးပွားရေး လူမှုရေး ကိန်းဂဏန်း စာရင်းအင်းများ ကောက်ယူထားရှိမှုကနေ သဘာဝကပ်ဘေး ကယ်ဆယ်ရေး၊ ရာသီဥတု ကြိုတင်ခန့်မှန်းတဲ့ စနစ်၊ လေကြောင်း ပျံသန်းမှု ထိန်းချုပ်ရေး စနစ်အထိ အပြန့်ကျယ်ပါတယ်။ ဒီလို ကျယ်ဝန်းသလောက်လည်း လူသားအရင်းအမြစ်ကို ကြီးကြီးမားမား ရင်းနှီးမြှုပ်နှံဖို့ လိုအပ်လာပါတယ်။ နိုင်ငံတော် ယန္တရားတွေ လည်ပတ်နိုင်အောင် ရုပ်ဝထ္ထုပိုင်း လိုအပ်ချက်များကို ဖြည့်ဆည်းပေးရတာလည်း ရှိပါတယ်။ ဆိုလိုတဲ့ သဘောက လာဘ်ပေးလာဘ်ယူ ကင်းစင်းရုံ သက်သက်နဲ့  မဖြစ်နိုင်တဲ့ ကိစ္စရပ်တွေ ရှိနေပါတယ်။ အားကောင်းသော နိုင်ငံတော် အရင်က ရှိခဲ့ဖူးတဲ့ အားကောင်းတဲ့ နိုင်ငံတော် (strong state) နဲ့ ပတ်သက်လို့လည်း ရှင်းလင်းတဲ့ သဘောတရား မရှိတာက နောက်ပြဿနာ တရပ်ပါ။ ယနေ့ ကာလမှာ နိုင်ငံတကာအလှူရှင်တွေက အစိုးရကောင်းတရပ်ကို ဘယ်ပုံ ဖန်တီးယူကြမလဲ နည်းလမ်းရှာကြတဲ့ အခါ ပွင့်လင်းမြင်သာမှု (transparency)၊ တာဝန်ယူမှု တာဝန်ခံမှု (accountability) ဘက်ကနေ ချဉ်းကပ်ကြတာရှိပါတယ်။  အခြေခံ အယူအဆကတော့ အစိုးရရဲ့  အကျင့်ပျက်ခြစားမှုတွေ ပွင့်ကျလာလေလေ စွမ်းဆောင်ရည်ပိုကောင်းတဲ့ အစိုးရအဖြစ် ပြောင်းလဲသွားအောင် ပြည်သူလူထုက တွန်းအားပေး တောင်းဆိုလာကြလိမ့်မယ် ဆိုတဲ့ အကောက်အယူ ဖြစ်ပါတယ်။ တနည်းပြောရရင် ဒီမိုကရေစီ ရေချိန် မြင့်လာလေလေ၊ လာဘ်ပေးလာဘ်ယူပြဿနာနဲ့ အစိုးရ စွမ်းဆောင်ရည် ညံ့ဖျင်းတဲ့ ပြဿနာကို အလိုလျှောက် ဖြေရှင်းပြီးသား  ဖြစ်သွားမယ်ဆိုတဲ့ အယူအဆ ဖြစ်ပါတယ်။ လူမှန်နေရာမှန် ဗျူရိုကရေစီ အဓိက ပြဿနာ တခုက ဒီနည်းနဲ့ ချဉ်းကပ်လို့ စွမ်းဆောင်ရည်မြင့်တဲ့ အစိုးရကို ဖန်တီးတည်ဆောက်နိုင်တဲ့ လက်တွေ့ သက်သေ မရှိသေးတာပါပဲ။ သမိုင်းမှာရော မျက်မှောက်ခေတ်မှာပါ လောက်လောက်လားလား လက်ညှိုးထိုးပြစရာ မရှိပါဘူး။ စွမ်းဆောင်ရည် မြင့်မားတယ်လို့ သတ်မှတ်ရမယ့် နိုင်ငံတွေ ( ဥပမာ တရုတ်၊ ဂျပန်၊ ဂျာမနီ၊ ပြင်သစ်၊ ဒိန်းမတ် ) တို့ကလည်း ၀က်ဘာရီယံ ဗျူရိုကရေစီ ယန္တယားတွေကို အာဏာရှင် စနစ်အောက်မှာ တည်ဆောက်ယူခဲ့ကြတယ်။ နောက်တဆင့် ဒီမိုကရေစီ နိုင်ငံ အဖြစ် ပြောင်းလဲသောအခါမှာ လူမှန်နေရာမှန် ဗျူရိုကရေစီ (meritocratic state apparatuses) ယန္တယားတွေက အခြေချနှင့်ပြီးသား ဖြစ်ခဲ့ကြတယ်။ ခေတ်မီ အစိုးရကို တည်ဆောက်ဖို့ အောက်ခြေပြည်သူလူထုရဲ့  နှိုးထတောင်းဆိုမှုနဲ့ စတင်ခဲ့ခြင်းမျိုး မဟုတ်ဘဲ ခေါင်းဆောင်တွေ ကိုယ်တိုင်က အခြေအနေအရပြောင်းလဲခဲ့ခြင်းမျိုး ဖြစ်ပါတယ်။ အခြေအနေ တရပ်ကတော့ နိုင်ငံတော် လုံခြုံရေး ကိစ္စ ( national security) နဲ့ ဆိုင်ပါတယ်။ ချားလ် တေလီ (Charles Tilly) ရဲ့  ထင်ရှားတဲ့ စကားအတိုင်း “စစ်ပွဲတွေက နိုင်ငံတွေကို ဖန်တီးပြီး၊ နိုင်ငံတွေက စစ်ကို ဖန်တီးသည်” လို့ အနှစ်ချုပ်နိုင်ပါတယ်။ ခေတ်သစ် ဥရောပ သမိုင်းသာမက တရုတ်ပြည် သမိုင်းကို ကြည့်ရင်လည်း ကျောသားရင်းသား မခွဲခြားဘဲ အရည်အချင်းအလိုက် နေရာပေးတဲ့ နိုင်ငံတော်ဖြစ်အောင် တည်ဆောက်ခဲ့ကြတဲ့ အတွေ့အကြုံတွေကို လေ့လာရင်လည်း ထိုနည်းအတိုင်း ကောက်ချက်ချနိုင်ပါတယ်။ အသပြာနှင့် ဒီမိုကရေစီ ခေတ်မီနိုင်ငံတော်နဲ့ ဒီမိုကရေစီ အကြား အဆက်အစပ်ကို လေ့လာရင် ထင်တာထက် ပိုရှုပ်ထွေးပါတယ်။ ၀င်ငွေအဆင့် နိမ့်၊ ပညာရေး အဆင့် နိမ့် သေးတဲ့ အခြေအနေတွင်  ဒီမိုကရေစီကလည်း ရောင်းကုန်တမျိုး ဖြစ်လေ့ဖြစ်ထ ရှိပါတယ်။ ပြန်ကြည့်တဲ့အခါ အမေရိကန် ပြည်ထောင်စုပင်လျင် ဒီအဆင့်ကို ဖြတ်သန်းခဲ့ရပါတယ်။ မဲဆန္ဒရှင်တွေကို လက်ငင်းအကျိုး မက်လုံးပေး စည်းရုံးတာက စနစ်တကျ လူထုရေးရာ မူဝါဒတွေကို ချပြ စည်းရုံးတာထက် မဲရဖို့ ပိုသေချာတဲ့ သဘောမျိုးကို ဆိုလိုပါတယ်။ သို့သော်လည်း  စီးပွားရေးကောင်းပြီး ၀င်ငွေကောင်းလာတာနဲ့ အမျှ အခြေအနေလည်း ပြောင်းလဲသွားပါတယ်။ ၀င်ငွေမြင့်တဲ့ မဲဆန္ဒရှင်တွေဟာ တဦးချင်း ငွေပေး စည်းရုံးတာကို စိတ်မ၀င်စားတော့ဘဲ စနစ်ကျတဲ့ လူထုရေးရာ မူဝါဒ အစီအစဉ်တွေကို ပိုပြီး စိတ်ဝင်စား လာပါတယ်။ ၀င်ငွေမြင့်လာတဲ့ အခြေအနေကို တွန်းပို့သော အရာမှာ ဈေးကွက် စီးပွားရေးစနစ် ဖြစ်တယ်။ ပြန်ချုပ်ရင် လူတဦးချင်း ၀င်ငွေနည်းတဲ့ အခြေအနေမှာ ဒီမိုကရေစီဟာ ရောင်းကုန် တခု ဖြစ်တတ်သော်လည်း ၀င်ငွေမြင့်လာတာနဲ့ အမျှ အရည်အချင်းမြင့် အစိုးရ ပေါ်ပေါက်စေဖို့ တွန်းအား ဖြစ်လာနိုင်ပါတယ်။ အမေရိကန် ပြည်ထောင်စု အမေရိကန် ပြည်ထောင်စုမှာ ၁၈၈၀ ပြည့်လွန်နှစ်များက စိုက်ပျိုးရေး အခြေပြု လူ့အဖွဲ့အစည်းအခြေကနေ မြို့ပြစက်မှုလက်မှု လူ့အဖွဲ့အစည်းအဆင့်ကို တက်လှမ်းတဲ့ အခါ အရည်အချင်းမြင့် အစိုးရကို တောင်းဆိုခဲ့ကြတယ်။ ဒီလို အောက်ခြေ လူထုရဲ့  လှုပ်ရှားမှုကြောင့် ၁၈၈၃ Pendleton အက် ဥပဒေ ပေါ်ပေါက်ခဲ့တယ်။ အနှစ်သာရက ပြည်ထောင်စု အစိုးရ ဗျူရိုကရေစီ ယန္တယားမှာ အရည်အချင်းအလိုက် လူမှန်နေရာမှန် တာဝန်ပေး ခန့်အပ်ဖို့ ပြဌာန်းချက် ဖြစ်ပါတယ်။ နောက်ပိုင်း သမတ ရုစဘဲ ( ၁၉၀၁-၀၉)၊ ၀ီလဆင် (၁၉၁၃-၂၁) တို့လို ခေါင်းဆောင်တွေက အပြောင်းအလဲကို အရှိန်မြှင့်ခဲ့ကြတယ်။ ပါတီ ခေါင်းဆောင်တွေ၊ နိုင်ငံရေး အဖွဲ့အစည်းတွေကလည်း  အရှိန်ကို တန့်မသွားအောင် မျိုးဆက်ချီ ဆက်လက် တွန်းအားပေး မောင်းနှင်ခဲ့ကြတယ်။ အိန္ဒိယနဲ့ ဘရာဇီးကဲ့သို့ ဒီမိုကရေစီ နိုင်ငံတို့ အနေနဲ့လည်း လက်ရှိ ကြုံနေရတဲ့ မျိုးရိုးအမွေခံ စနစ်၊ လာဘ်ပေးလာဘ်ယူ စနစ်တို့ကို အမေရိကန် လမ်းကြောင်းကို နမူနာယူပြီး ကျော်လွှားဖို့ပဲ ရှိပါတယ်။ ဆက်လက်ဖော်ပြပါမည်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024