စပိန်တွင် အငှားယာဉ်မောင်းများ ကားဟွန်းတီး၊ မီးရှူးမီးပန်းပစ်ဖောက် ဆန္ဒပြ (ရုပ်သံ)

စပိန်နိုင်ငံ မြို့တော် မဒရစ်မှာ ထောင်နဲ့ချီတဲ့ အငှားယာဉ်မောင်းသမားတွေ ဖေဖော်ဝါရီ ၁၈ ရက်နေ့က ကားဟွန်းတီး၊ မီးရှူးမီးပန်းတွေ ပစ်ဖောက်ရင်း ဆန္ဒပြနေကြပါတယ်။ အူဘာ လက်ကိုင်ဖုန်း အပလီကေးရှင်းကတဆင့် အငှားယာဉ်ငှားဖို့ စာရင်းပေးတဲ့ ဝန်ဆောင်မှုကို ဆန့်ကျင် ဆန္ဒပြတာ ဖြစ်ပါတယ်။ အူဘာလိုမျိုး ပုဂ္ဂလိက လူတဦးချင်း ကားမျှစီးတဲ့ စီးပွားရေးတွေက ဈေးကွက်ကို ပြိုင်ဆိုင်တာ မတရားဘူးလို့ သူတို့က ပြောပါတယ်။ အူဘာနဲ့ အလားတူ ဝန်ဆောင်မှုတွေဟာ ပုဂ္ဂလိက ကားပိုင်ရှင်တွေက လမ်းကြုံ တားစီးမယ့် ဖောက်သည်တွေကို ရှာပေးတာပါ။ ဒါကြောင့် ကမ္ဘာတလွှား ဆန္ဒပြမှုတွေ ရင်ဆိုင်နေရပါတယ်။ စပိန်မှာတော့ တရားရုံးစနစ်ရဲ့ သတ်မှတ်ချက်ကြောင့် အူဘာလို ဝန်ဆောင်မှုတွေ လုပ်ငန်းလည်ပတ်ခွင့် မရှိပါဘူး။ အူဘာနဲ့ တခြား ကုမ္ပဏီကြီးတွေက မိသားစု ၇ သောင်းလောက်ကို လူမွဲစာရင်း ကြေညာရအောင် လုပ်လိမ့်မယ်လို့ ဒေသခံ အငှားယာဉ်အသင်း ဥက္ကဋ္ဌက ပြောပါတယ်။ သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုတွေကို ပိုပြီး အကြီးအကျယ် ယှဉ်ပြိုင်နိုင်အောင် ဖွင့်ပေးဖို့ စည်းမျဉ်းတွေ လျှော့ချပေးမယ့် ဆုံးဖြတ်ချက်ကို စပိန် စည်းမျဉ်းအေဂျင်စီ CNMC က လာမယ့် သီတင်းပတ်မှာ ထုတ်ပြန်ဖို့ မျှော်လင့်ထားပါတယ်။ ဒါကြောင့် လိုင်စင်လိုအပ်ပြီး နီးနီးကပ်ကပ် စောင့်ကြည့်တဲ့ စည်းမျဉ်းတွေအောက်မှာ အလုပ်လုပ်ရတဲ့ အငှားယာဉ်မောင်းတွေက ဒီလိုစည်းမျဉ်းကို ဆန့်ကျင် ကန့်ကွက်နေကြပါတယ်။

More News
Up