အိန္ဒိယတွင် လူနေရပ်ကွက်ထဲ ကျားသစ်ဝင်သောင်းကျန်း၊ ၂ ဦးဒဏ်ရာရ (ရုပ်သံ)

အိန္ဒိယနိုင်ငံမြောက်ပိုင်း ဥတ္တရာခန်းပြည်နယ်က သစ်တောအရာရှိတွေဟာ ဖေဖော်ဝါရီ ၁၈ ရက်နေ့က လူနေရပ်ကွက်ထဲ ရောက်လာတဲ့ ကျားသစ်တကောင်ကို ဖမ်းခဲ့ရပြီး ဒီကျားသစ်ကြောင့် လူ ၂ ဦး ဒဏ်ရာရခဲ့ပါတယ်။ သားရိုင်းကျားသစ်ဟာ လူနေရပ်ကွက်ထဲကို ဖေဖော်ဝါရီ ၁၆ ရက်နေ့က ဝင်လာခဲ့တာ ဖြစ်ပြီး ပီသိုရာဂါမြို့ပတ်လည်မှာ လှည့်လည် ဟိန်းဟောက်နေခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ အာဏာပိုင်တွေဟာ ကျားသစ်ကို မေ့ဆေးနဲ့ပစ်အပြီး ပိုက်ကွန်နဲ့ ထောင်ဖမ်းနိုင်ခဲ့ကြပါတယ်။ ကျားသစ်ကို သစ်တောဌာနဆီ ယူသွားပြီး တောထဲ ပြန်လွှတ်ပေးမယ်လို့ အရာရှိတွေက ပြောပါတယ်။ ကျားသစ်တွေရဲ့ စားကျက်မြေတွေ လျော့ပါးလာလို့ ကျားသစ်တွေက လူနေရပ်ကွက်တွေထဲ ဝင်လာပြီး လူတွေနဲ့ ကျွဲနွားတွေကို တိုက်ခိုက်ကြတာပါ။ အရင်အပတ်ကလည်း ကျောင်းဝင်းတခုထဲ ကျားသစ်တကောင်ဝင်ခဲ့ပြီး လူလေးဦး ဒဏ်ရာရခဲ့ပါသေးတယ်။ အိန္ဒိယ ကျားသစ်တွေရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို သုံးဖို့ အမဲလိုက်ခံရတာနဲ့ လူနေရပ်ကွက်ထဲ လမ်းမှားပြီး ရောက်လာလို့ သတ်ဖြတ်တာတွေ တိုးလာနေလို့ မျိုးသုဉ်းမယ့် အန္တရာယ်နဲ့ ရင်ဆိုင်နေရပါတယ်။ ကျားသစ်နဲ့ ကျားတွေရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေဟာ တရုတ်နဲ့ တခြား အာရှနိုင်ငံတွေမှာ အကြီးအကျယ် ဝယ်လိုအား ကောင်းနေတယ်လို့ သားရိုင်းရေးရာ ပညာရှင်တွေက ပြောပါတယ်။ သားရေကို ပွဲတော်တွေမှာ ဝတ်ဆင်ဖို့နဲ့ အရိုးတွေ၊ ကိုယ်ခန္ဓာ အစိတ်အပိုင်းတွေကိုတော့ တိုင်းရင်းဆေးဖော်ဖို့ သုံးကြတာပါ။ ဆင်၊ ကျားသစ်နဲ့ တောင်ခြင်္သေ့လို သားရိုင်းတိရစ္ဆာန်တွေဟာ အိန္ဒိယနိုင်ငံရဲ့ လူနေဒေသတွေဆီကို စားစရာရှာဖို့ မကြာခဏ သင်းကွဲရင်း လမ်းမှားပြီး ရောက်လာလေ့ ရှိပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up