စစ်သင်တန်းသားချင်း နှိပ်စက်မှု ရုပ်သံဖိုင်ကိစ္စ အရေးယူတော့မည် (ရုပ်သံ)
DVB
·
February 19, 2016
ပြီးခဲ့တဲ့ရက်သတ္တပတ်အတွင်း အင်တာနက်လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံနေတဲ့ ရုပ်သံ ဗွီဒီယိုပါ စစ်သင်တန်းသားအချင်းချင်း ပြင်းပြင်းထန်ထန် အပြစ်ပေးနေတဲ့ ဖြစ်ရပ်ဟာ အမှန်တကယ် ဖြစ်ပွားခဲ့တာဖြစ်ပြီး ဖြစ်စဉ်မှာ ပါဝင်သူတွေနဲ့ တာဝန်ရှိသူတွေကို အရေးယူမယ်လို့ စစ်တပ်ပိုင် မြ၀တီသတင်းဌာနက ရေးသားဖော်ပြပါတယ်။
ဘယ်ဒေသက စစ်သင်တန်းကျောင်းမှာ ဖြစ်ခဲ့တာလဲဆိုတာ သတင်းမှာ ဖော်ပြမထားဘဲ ဖြစ်စဉ်မှာ ပါဝင်သူတွေကို စစ်စည်းကမ်းနဲ့အညီ အရေးယူမယ်လို့ပဲ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ရက်သတ္တပတ်အတွင်း စစ်နည်းပညာသင်တန်းကျောင်းတခုမှာ စီနီယာသင်တန်းသားက ဂျုနီယာသင်တန်းသားကို ရိုက်ပုတ်ထိုးကြိတ် ကန်ကျောက်ပြီး နှိပ်စက်နေတဲ့ ဗွီဒီယိုဖိုင် အွန်လိုင်းပေါ်တက်လာပြီး အွန်လိုင်းပရိသတ်ကြား ဝေဖန်ပြစ်တင်မှုတွေ အကြီးအကျယ် ထွက်ပေါ်ခဲ့ပါတယ်။