ဇီကာဗိုင်းရပ်စ် သုတေသနအတွက် အီးယူက ယူရို ၁၀ သန်း ထည့်ဝင်

ဇီကာဗိုင်းရပ်စ် သုတေသနလုပ်ဖို့အတွက် ဥရောပသမဂ္ဂက ယူရိုငွေ ၁၀ သန်း (အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၇ သန်း) ထည့်ဝင်ကူညီမယ်လို့ ဘရားဇီးလ်နိုင်ငံဆိုင်ရာ ဥရောပသံတမန် Joao Gomes Cravinho က ကတိပြုပြောကြားပါတယ်။ ဘရာဇီးလ် ကျန်းမာရေးဝန်ကြီးနဲ့ အီးယူ ၂၄ နိုင်ငံက သံတမန်တွေ ဖေဖော်ဝါရီ ၁၆ ရက်နေ့ အစည်းအဝေးအပြီးမှာ ကြေညာခဲ့တာလို့ ဆင်ဟွာသတင်းက ဖော်ပြပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ထုတ်ပြန်ချက်အရ လက်ရှိ နိုင်ငံပေါင်း ၃၄ နိုင်ငံမှာ ဇီကာဗိုင်းရပ် ပျံ့နှံ့တွေ့ရှိနေပြီး အများစုဟာ အမေရိက၊ ကာရေဗီယန်နိုင်ငံတွေနဲ့ တခြားနိုင်ငံ ၇ ခုတို့ ဖြစ်တယ်လို့ ဆိုပါတယ်။ ဘရားဇီးလ် တနိုင်ငံတည်းတင် ဇီကာဗိုင်းရပ်စ် သံသယဖြစ်သူ ၄၇၀၀ ကျော် မှတ်ပုံတင်ထားပြီး လေးပုံတပုံကိုသာ လတ်တလော စစ်ဆေးလေ့လာရသေးတယ်လို့ ဆိုပါတယ်။ ဇီကာဗိုင်းရပ်စ် ဖြစ်တဲ့အပေါ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကျန်းမာရေးဆိုင်ရာ အရေးပေါ် အခြေအနေတရပ် ထုတ်ပြန်ခဲ့သလို မဟာဗျူဟာတုံ့ပြန်မှု မူဘောင်နဲ့ ပူးတွဲ ပူးပေါင်းဆောင်ရွက်ရေး စီမံချက် မဟာဗျူဟာကို ချမှတ်ခဲ့ပါတယ်။ ဒီမဟာဗျူဟာ အကောင်အထည်ဖော်ဖို့အတွက် အမေရိကန်ဒေါ်လာ ၅၆ သန်း သုံးစွဲရမှာဖြစ်ပြီး ၂၅ သန်းကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်၊ ပန်အမေရိကန် ကျန်းမာရေးအဖွဲ့၊ foe the Americas ဒေသဆိုင်ရာရုံးတို့က ထည့်ဝင်မှာဖြစ်ပြီး ၃၁ သန်းကို အဓိက အလှူရှင်နိုင်ငံတွေက ထည့်ဝင်မယ်လို့ ဆိုပါတယ်။ ဇီကာဟာ Aedes ခြင်အမျိုးအစားကနေ ဖြစ်ပွားတဲ့ ဗိုင်းရပ်စ်ဖြစ်ပြီး ၁၇၄၇ ခုနှစ်က ယူဂန်ဒါနိုင်ငံ ဇီကာသစ်တောမှာ ပထမဆုံး တွေ့ရှိခဲ့ပါတယ်။ ဒီဗိုင်းရပ်စ်ရောဂါဟာ လက်တင်အမေရိကနဲ့ ကာရေဗီယန်ဒေသမှာ ကျန်းမာရေး ခြိမ်းခြောက်နေပြီး အာရုံကြောချွတ်ယွင်းမှုပိုင်းဆိုင်ရာ ဖြစ်ပွားနိုင်ခြေနဲ့ ပတ်သက်လို့ စိုးရိမ်ပူပန်မှုတွေ မြင့်တက်နေပါတယ်။

More News
Up