ရေနံအကျပ်အတည်း ဖိလစ်ပိုင်လုပ်သား ၅ သောင်းကို ရိုက်ခတ်

972
အရှေ့အလယ်ပိုင်းဒေသက စွမ်းအင်အကျပ်အတည်းကြောင့် လာမယ့်မတ်လကျရင် ဆော်ဒီအာရေဗျနိုင်ငံရောက် ဖိလစ်ပိုင်လုပ်သား ၅ သောင်းကျော်အပေါ် ရိုက်ခတ်လိမ့်မယ်လို့ ပြည်ပအလုပ်သမားအခွင့်အရေးကာကွယ်မှုအဖွဲ့က ပြောဆိုကြောင်း မနီလာသတင်းစဉ်က ဖော်ပြပါတယ်။
Migrante-KSA အဖွဲ့ရဲ့ ကနဦးစစ်တမ်းအရ အဓိကသက်ရောက်မယ့် လုပ်သားတွေဟာ ဆောက်လုပ်ရေးနဲ့ စက်မှုလုပ်ငန်းတွေအတွက် ဆော်ဒီအစိုးရက ငှားရမ်းထားတဲ့ အကြီးဆုံးကန်ထရိုက်တာကုမ္ပဏီနှစ်ခု (Saudi Oger Ltd. နဲ့ Bin Laden Co.) က လုပ်သားတွေဖြစ်တယ်လို့ ဆိုပါတယ်။
အစောပိုင်းက နိုင်ငံပိုင် အမျိုးသားရေနံစက်မှုလုပ်ငန်း Saudi Aramco က ဘဏ္ဍာရေးအကျပ်အတည်းကြောင့် အလုပ်သမား ၄ ပုံတပုံကို အနားပေးဖို့ သတိပေးခဲ့ပါတယ်။
ဒီကုမ္ပဏီကြီးနှစ်ခုမှာ လုပ်သူတွေအဖို့ အလုပ်လုပ်ခွင့်လိုင်စင်သက်တမ်း ထပ်တိုးပေးမှာမဟုတ်ကြောင်း၊ လစာငွေကို လအတန်ကြာစောင့်ဆိုင်းရဖို့၊ အလုပ်ချိန်နာရီလျော့ကျဖို့ကိစ္စတွေ မနှစ်ကတည်းက သတိပေးခဲ့တယ်လို့ Migrante အဖွဲ့က ပြောပါတယ်။
အခုအခါမှာ ဆောက်လုပ်ရေးနဲ့ စက်မှုလုပ်ငန်းတွေမှာ ထောင်နဲ့ချီတဲ့လုပ်သမားတွေ အလုပ်လက်မဲ့ဖြစ်ပွားနေပါတယ်။ အလုပ်သမားတွေဟာ အလုပ်သမားနစ်နာမှုတွေအတွက် သက်ဆိုင်ရာကုမ္ပဏီတွေကို တရားစွဲဆိုဖို့ စောင့်ဆိုင်းနေကြပါတယ်။