ဘဏ်တိုးနှုန်းလျှော့ချပေးရန် တောင်းဆိုနေမှုနှင့်ပတ်သက်ပြီး မေးမြန်းချက်
ရွှေအောင်
·
August 2, 2011
ပြည်တွင်းရှိ အစိုးရဘဏ်တိုးနှုန်းတွေဟာ အာဆီယံဒေသတွင်းနိုင်ငံတွေနဲ့ နှိုင်းစာရင် မြင့်နေတာမို့ လျှော့ချပေးဖို့ ပြည်တွင်းလုပ်ငန်းရှင်တချို့က တောင်းဆိုနေကြပါတယ်။
မြန်မာနိုင်ငံရဲ့ အစိုးရဘဏ်တွေရော၊ ပုဂ္ဂလိကဘဏ်တွေမှာပါ အပ်ငွေအတွက် ရတဲ့အတိုးနှုန်းက တနှစ်ကို ၁၂ ရာခိုင်နှုန်းဖြစ်ပြီး ချေးငွေအတွက် ပေးရတဲ့ အတိုးနှုန်းက တနှစ်ကို ၁၇ ရာခိုင်နှုန်း ဖြစ်ပါတယ်။
ဒီလို ဘဏ်တိုးနှုန်း လျှော့ချပေးဖို့ တောင်းဆိုနေကြတာနဲ့ ပတ်သက်လို့
မြန်မာ့ဓန စီးပွားရေးမဂ္ဂဇင်း အယ်ဒီတာချုပ် ဆရာသီဟစောကို မေးမြန်းထားပါတယ်။
နိုင်ငံမှာရှိတဲ့ ဘဏ်တွေကတော့ အတိုးနှုန်းတွေ များနေတယ်ပေါ့။ အဲဒါ အတိုးနှုန်းတွေ လျှော့ချပေးဖို့ အကြံပြုတယ်တို့ ကြားနေရတယ်။ ဘဏ်အတိုးနှုန်းက ဘယ်လိုဖြစ်လို့လဲ။ အတိုးနှုန်းများနေတော့ ဘယ်လိုတွေ လုပ်ရ ကိုင်ရခက်လို့လဲ ဆရာ။
“များတယ်ဆိုတာ သူများနိုင်ငံထက်ယှဉ်ရင်တော့ များတာပေါ့။ သူများနိုင်ငံက ပုံမှန်အားဖြင့် လေးရာခိုင်နှုန်း၊ ငါးရာခိုင်နှုန်း၊ ခြောက်ရာခိုင်နှုန်း အဲဒီလိုသွားတယ်။ ကျနော်တို့က ဟိုအရင်ကတည်းက ရှစ်ရာခိုင်နှုန်း၊ ၁၀ ရာခိုင်နှုန်း၊ ၁၂ ရာခိုင်နှုန်း အဲလိုမျိုးရှိတယ်။ သူများနိုင်ငံထက် နှိုင်းယှဉ်ရင်တော့ များတယ်လို့ ပြောလို့ရတယ်။ ကိုယ့်ဟာနဲ့ကိုယ်တော့ ပုံမှန်လည်ပတ်နေတယ်။”
အဲဒီလိုများနေတော့ သူတို့က အာဆီယံ စံချိန်စံညွှန်းပေါ့။ တခြားနိုင်ငံတွေလိုပဲ ထားသင့်တယ်လို့ ပြောနေတာက ဘာဖြစ်လို့လဲဆရာ။ လူတွေက အလုပ်မလုပ်တော့ဘဲ ဘဏ်မှာငွေအပ်ပြီးတော့ ဘဏ်တိုးကိုပဲ ထိုင်စားနေမှာဆိုးလို့လား။ ဘာကြောင့်အဲလိုပြောနေတာလဲ။
“အတိုးနှုန်း နည်းတယ်၊ များတယ်ဆိုတာက ပြီးခဲ့တဲ့ နှစ် ၂၀ တုန်းလောက်က ငွေကြေးဖောင်းပွမှုက ၂၀၊ ၃၀ တို့ ရောက်ခဲ့တယ်။ ဥပမာ ငွေဖောင်းပွမှုက ၂၀ ရောက်နေရင် ဘဏ်မှာ ၁၂ ကျပ်ပဲ ရမယ်ဆိုရင် ဘယ်သူပိုက်ဆံ စုချင်မလဲ။ အပြင်က ငွေကြေးဖောင်းပွမှုက များနေတော့ ဘဏ်မှာ ပိုက်ဆံက ရှုံးတောင်ရှုံးတယ်။ အဲဒီအပိုင်းရှိတယ်။ အခတော့ အကြောင်းကြောင်းတွေကြောင့်မို့ ငွေဖောင်းပွမှုက ၁၀ အောက်ကို ရောက်သွားတယ်။ ဒါက အကောင်းဘက်က ကြည့်မယ်ဆိုရင်တော့ ငွေကြေးဖောင်းပွမှု နိမ့်ကျသွားတဲ့သဘောရှိတယ်။ အဲဒီအခါကျရင် ဘဏ်မှာသွားအပ်ရင် မရှုံးဘူးပေါ့။ ဒီတိုင်းထိုင်စားလောက်အောင်လည်း မရသေးပါဘူး။ ဒါပေမယ့် သူများတွေက ဘာကိုတွက်လည်းဆိုရင် ဥပမာ ထိုင်းမှာရှိတဲ့ လူတယောက်က သူ့မှာ ၆ရာခိုင်နှုန်းနဲ့ရမယ်။ သူက ဗမာပိုက်ဆံလွှဲပြီးတော့ ၁၂ ရာခိုင်နှုန်းရတယ်ဆိုရင် သူ့နေရာကကြည့်ရင် ဟုတ်တာပေါ့။ အဲဒီလိုမျိုးအမြင်နဲ့ မြင်တာလည်းရှိတယ်။ အဲဒီတခုတည်းကြည့်လို့ မရဘူး။ ကျနော်တို့က အာဆီယံနဲ့ ညှိဖို့ဆိုတာ အကုန်လုံး တပြေးညီဖို့ မလွယ်ပါဘူး။ ကိုယ့်နိုင်ငံနဲ့ ကိုယ့်အခြေအနေနဲ့ ထင်ဟပ်ပြီးတော့ အကျိုးရှိအောင် လုပ်ရတာပေါ့။ ကိုယ်ကလုပ်ချင်တိုင်း လိုက်လုပ်လို့ ချက်ချင်းကြီး တပြေးညီတော့ မဖြစ်ဘူး။”
တခြားနိုင်ငံတွေ ဝင်လာပြီးတော့ ကိုယ့်ပြည်တွင်းဘဏ်တွေမှာ ပိုက်ဆံတွေလာအပ်တယ်တို့ဆိုတာ တကယ်ကော ဖြစ်နိုင်ပါ့မလား။
“အနည်းအကျဉ်းတော့ ရှိမှာပေါ့။ ဘယ်သူမှ အထုတ်လိုက်လဲပြီးတော့ လာပြီးတော့မထားဘူး။ အဲဒါကို လဲတာလည်း အပြင်မှာပဲ လဲကြတာလေ။ သဘောက နိုင်ငံခြားက ဒေါ်လာငွေ တသိန်း ယူလာပြီးတော့။ မြန်မာကျပ်နဲ့ ထားမယ်ဆိုရင် မြန်မာကျပ်နဲ့လဲ၊ အပြင်နှုန်းထားနဲ့ လဲပြီးတော့မှ ထား၊ ထားပြီးတော့မှ ပြန်ထွက်သွားတဲ့ တန်ဖိုးကို ဒေါ်လာပြန်လဲ။ အဲဒီ ငွေကြေးဖောင်းပွမှုပြဿနာကို ရင်ဆိုင်ရမယ်။ အမ်အက်ဖ်တီဘီတို့၊ အမ်အိုင်စီတို့ နိုင်ငံခြားငွေ ဘဏ်တွေရှိတယ်။ အဲဒီမှာအပ်တဲ့အတိုင်း နှုန်းပေးတာမဟုတ်ဘူး။ ဘဏ်မှာ ထားရင် ထားထားတာတောင်မှ ငွေသေစာရင်းထားတာတောင်မှ ပိုက်ဆံပေးရသေးတယ်။ အတိုးကလည်း မပေးသလောက်ပဲ။ အဲလိုလာထားမှာ မဟုတ်ဘူး။”
အဲဒါဆိုရင် ဘဏ်အတိုးနှုန်း လျှော့ချဖို့ကို စီးပွားရေးလုပ်ငန်းရှင်တွေ တောင်းဆိုတာ ဘာကြောင့်လဲ။
“အလိုအလျောက်လျော့စေချင်တာ။ ဥပမာဆိုရင် ဘဏ်ကနေ ပိုက်ဆံချေးတာပေါ့။ လုပ်ငန်းရှင်တယောက်ပဲဖြစ်ဖြစ်၊ လယ်သမားပဲဖြစ်ဖြစ်။ သူက အခု ၁၇- ၁၈ ပေးနေတာ။ သူက ၁၀ သာပေးရမယ်ဆိုရင် သက်သက်သာသာ လိုချင်တာပေါ့။ ဒါပေမယ့် ဘဏ်ကလည်း သူကပြန်ပြီးတော့ ငွေထားသူတွေကို ၁၂ ရာခိုင်နှုန်းပေးပြီးတော့ သူက ၁၇ ရာခိုင်နှုန်းပြန်ချေးမှ သူစားရတဲ့ပိုက်ဆံက အများကြီး စားရတာမဟုတ်ဘူး။ ဘဏ်ကလူကလည်း ချက်ချင်းလုပ်ရတာမဟုတ်ဘူး။ ငွေရှိတဲ့လူကလည်း ပိုက်ဆံတွေ လျှော့ချလို့ရှိရင် ဘယ်ရှိတော့မလဲ။ ငွေချေးတဲ့လူကတော့ အတိုးသက်သာချင်တာပေါ့။ အဲဒီသဘောပါ။”