Home
မြန်မာသတင်း
ကချင်လူထုအခြေပြုအဖွဲ့၏ ဘိန်းခင်းဖျက်မည့်ခရီးစဉ် တားဆီးခံရ
နန်းမြနဒီ
·
February 17, 2016
ကချင်ပြည်နယ် ၀ိုင်းမော်မြို့နယ် ဆဒုံးနဲ့ ကန်ပိုင်တီဒေသက ဘိန်းခင်းတွေ ဖျက်ဆီးဖို့ သွားနေတဲ့ ကချင်လူထုအခြေပြုမူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ဟာ  လမ်းခုလပ်မှာ အစိုးရတပ်က လုံခြုံရေးအကြောင်းပြချက်နဲ့ တားဆီးတာကြောင့် ခရီးစဉ်ရပ်ထားရပါတယ်။ မြစ်ကြီးနားခရိုင် လူထုအခြေပြုမူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတူးရော်က “ကျနော်တို့ကို တားမြစ်ရတဲ့အကြောင်းက  အချက် ၂ ချက် ရှိတယ်၊ တစ်အချက်က ဘိန်းခြံပိုင်ရှင်တွေက ခုခံမယ့်အနေအထားရှိနေလို့ လုံခြုံရေး စိတ်မချ ရလို့၊ နောက်တချက်က  ကျနော်တို့ လူမှုအခြေပြု မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့က တရားဝင်မဟုတ်ဘူး၊ အစိုးရရဲ့ တာဝန်ဖြစ်တယ်၊ ဌာနဆိုင်ရာအဖွဲ့ပေါင်းစုံကပဲ  တိုက်ဖျက်နှိမ်နင်းမယ်လို့ ပြောပါတယ်။ ဒါပေမယ့် ကျနော်တို့ကတော့ ရည်ရွယ်ထားတဲ့အတိုင်းဆက်လုပ်မယ်။ ဆက်လုပ်ရဖို့ သက်ဆိုင်ရာနဲ့ ညှိနှိုင်းနေပါတယ်” လို့ ပြောပါတယ်။ ဘိန်းခင်းဖျက်မယ့် ကချင်လူထုအဖွဲ့ဟာ ဖေဖော်ဝါရီ ၁၆ ရက် နေ့ခင်းပိုင်းက ၀ါရှောင်ရွာ ကနေ ထွက်ခွာလာပြီး ကော်ဆက်ရန်ရွာနားအရောက် အဲဒီမှာရှိတဲ့ အစိုးရတပ်ဂိတ်တစ်ခုက ဆက်မသွားဖို့ ဟန့်တားထားတာလို့ ဆိုပါတယ်။ ဒီခရီးစဉ်အစတုန်းကတော့ ကချင်ပြည်နယ်ဝန်ကြီးချုပ်နဲ့ ရဲချုပ်ကြီးက လုံခြုံရေးအတွက် ရဲတပ်ဖွဲ့ နဲ့ ပြည်သူ့စစ်တွေပါ အားဖြည့်ကူညီပေးခဲ့ပေမယ့် လည်း မနေ့က ခရီးစဉ်မှာတော့ နယ်မြေခံစစ်တပ်ရဲ့  တားဆီးဟန့်တား ခံခဲ့ရတာပါ။ ဒီဘိန်းခင်းဖျက်ဆီးရေးလုပ်ငန်း ဆက်လုပ်ခွင့်မရပါက  ဆဒုံးနဲ့ ကန်ပိုင်တီဒေသမှာ ဘိန်းခင်း ဧက ၁သောင်းကျော် မဖျက်ဆီးရဘဲ ကျန်ရှိနေမှာဖြစ်တယ်လို့ ကချင် လူထု မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့ ကပြောပါတယ်။ အဆိုပါအဖွဲ့အနေနဲ့ ဇန်န၀ါရီလတစ်လအတွင်း တနိုင်းဒေသ ဟူးကောင်းလွင်ပြင်မှာ ရှိတဲ့ ဘိန်းခင်းဧက ၂ ထောင်ကျော်ကို ဖျက်ဆီးနိုင်ခဲ့ပြီး ပြီးခဲ့တဲ့ နှစ်ကတာ့ ပူတာအို၊ ဆွမ်ပရာဘွမ်၊ ချီဖွေ၊ ၀ိုင်းမော်၊ အင်းတော်ကြီး၊ ဟူးကောင်းဒေသအားလုံးမှာ ဘိန်းခင်းဧကပေါင်း ၄ ထောင်ကျော် ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။ ကချင်ပြည်နယ်မှာရှိတဲ့ မူးယစ်ဆေးဝါးပြဿ နာကို ကချင်လူထုက အများဆုံး ဒဏ်ခံနေရ တာကြောင့် ကချင်တမျိုးသားလုံး လှုပ်ရှားမှုအနေနဲ့ ဘိန်းခင်းဖျက်ဆီးရေးလုပ်ငန်းတွေ ဆောင်ရွက်နေတာဖြစ်ပြီး ဒီလုပ်ငန်းစဉ်မှာ လူထုအင်အား စုစုပေါင်း ၄ ထောင်ကျော် ပါဝင်နေပါတယ်။
ဓာတ်ပုံ Mung San Awng
 
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024