ဒေါ်စုသမ္မတဖြစ်ရန် သားသမီးနှင့်ချွေးမများ နိုင်ငံသားလျှောက်ရင် ပြေလည်မည်ဟုဆို

ဒေါ်အောင်ဆန်းစုကြည် နိုင်ငံအကြီးအကဲ (သမ္မတ) ဖြစ်ဖို့အတွက် ဖွဲ့စည်းပုံပြင်ဆင်ဖို့မလိုဘဲ သားသမီးနဲ့ ချွေးမတွေ နိုင်ငံခြားသားဘ၀ကိုစွန့်လွှတ်ပြီး မြန်မာနိုင်ငံသားအဖြစ် ခံယူလိုက်ရင် ပြေလည်လိမ့်မယ်လို့ သမ္မတဦးသိန်းစိန်ရဲ့ ပြောခွင့်ရ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က ပြောပါတယ်။ မဲဆန္ဒရှင်တွေက ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံခေါင်း ဆောင်ဖြစ်စေချင်တာနဲ့ ပတ်သက်လို့ အလားအလာ ဘယ်လောက်ရှိသလဲလို့ အစိုးရအဖွဲ့ သဘောထားကို ဗွီအိုအေ အသံလွှင့်ဌာနက မေးမြန်းခန်းမှာ ဖြေဆိုခဲ့တာဖြစ်ပါတယ်။ ဦးရဲထွဋ်က “တကယ်တော့ဗျာ၊ ဒေါ်အောင်ဆန်းစုကြည် နိုင်ငံ့အကြီးအကဲဖြစ်ဖို့ဆိုတာ ၅၉(စ) တွေဘာတွေလည်း ပြင်ဖို့မလိုပါဘူး။ တကယ်တမ်း ကျနော့်ရဲ့ သုံးသပ်ချက် ထောက်ပြရမယ်ဆိုရင်၊ သူ့ရဲ့သား (၂) ယောက်နဲ့ ချွေးမရှိမယ်ဆိုရင်၊ ချွေးမ (၂) ယောက်၊ လူ (၄) ယောက်ပဲ မြန်မာနိုင်ငံသား ခံယူလိုက်လို့ရှိရင် ဒီပြဿနာတွေအားလုံး ပြေလည်သွားမှာပါ။” လို့ သူက ဖြေဆိုခဲ့ပါတယ်။ “တကယ်တန်း သူ့သားသမီးတွေအနေနဲ့ သူတို့ရဲ့မိခင် သမ္မတဖြစ်တာ လိုချင်လို့ရှိရင် ၁၉၈၂ ခုနှစ် ဥပဒေအရ မြန်မာနိုင်ငံသား လျှောက်ထားလိုက်ရုံပါပဲ။” ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၅၉ (စ) ဟာ ဒုသမ္မတ၊ သမ္မတအရည်အချင်းကန့်သတ်ချက်ထဲမှာ နိုင်ငံသားမိဘနှစ်ပါးက မွေးဖွားပြီး မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၂၀ တဆက်တစပ်တည်းနေထိုင်တဲ့နိုင်ငံသားဖြစ်ရမှာဖြစ်ပါတယ်။ ဒါ့အပြင် ခင်ပွန်းသည်၊ သားသမီး၊ သားမက်၊ ချွေးမတွေဟာလည်း နိုင်ငံခြားသားမဖြစ်စေရလို့ ပါရှိပါတယ်။ ဒီအချက်အလက်တွေပါရှိတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြီးခဲ့တဲ့ လွှတ်တော်သက်တမ်းမှာ ပြင်ဆင်ဖို့ကြိုးစားပေမယ့် မအောင်မြင်ခဲ့ပါဘူး။ စောင့်ကြည့် အကဲခတ်သူတွေကတော့ ဒီပုဒ်မဟာ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံအကြီးအကဲ တာဝန်ထမ်းဆောင်နိုင်ခြင်းမရှိအောင် တမင်ရည်ရွယ်ချက်ရှိရှိ ကန့်သတ်တဲ့ပုဒ်မဖြစ်တယ်လို့ ဝေဖန်နေကြတာပါ။ ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်အစိုးရလက်ထက်မှာ နေအိမ်အကျယ်ချုပ်နဲ့ ဆယ်စုနှစ် ၂ ခုနီးပါး ကျခံခဲ့ရတဲ့ကာလတလျောက်မှာ ဗြိတိသျှလူမျိုး ဒေါက်တာမိုက်ကယ်အဲရစ် (ကွယ်လွန်) နဲ့ထိမ်းမြားမှုကို အကြောင်းပြုလို့ နိုင်ငံပိုင်မီဒီယာတွေကနေ နိုင်ငံရေးအရထိုးနှက်ခံခဲ့ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်လည်း ပုဒ်မ ၅၉ (စ) ဟာ မျှတမှုမရှိဘူး။ သူ့ကိုရည်ရွယ်ပြဋ္ဌာန်း ထားတယ်လို့ ဗြောင်ထုတ်ပြောခဲ့ပြီး သမ္မတ တာဝန်မထမ်းဆောင်ရရင်လည်း သမ္မတ အထက်မှာ ရှိနေမယ်လို့ ပြောဆိုခဲ့ပါတယ်။ အရွယ်ရောက်ပြီးသား သား ၂ ဦးနဲ့ ချွေးမတွေအနေနဲ့ ကိုယ်ပိုင်ဘ၀ကို စွန့်လွှတ်ပြီးတော့ ပေးဆပ်ရမယ်ဆိုရင် မျှတမှုရှိမရှိ ဗွီအိုအေက မေးမြန်းရာမှာ ဦးရဲထွဋ်က “သူတို့ရဲ့မိခင် ဒေါ်အောင်ဆန်းစုကြည်က နှစ်ပေါင်း (၂၀) ကျော် စွန့်လွှတ်ခဲ့ပြီးပြီ။ သူ့အမေ အုပ်ချုပ်တဲ့နိုင်ငံမှာ သူမနေချင်ဘူးဆိုရင်တော့၊ နိုင်ငံသားမခံယူဘူးဆိုရင် ဒါက သူတို့ရဲ့ မိသားစုပြဿနာပဲ။ ဒါက ဖွဲ့စည်းပုံအခြေခံဥပဒေ ပြဿနာ မဟုတ်ဘူး။” လို့ ဖြေကြားခဲ့ပါတယ်။ ကမ္ဘာပေါ်မှာ အပြင်ရအခက်ဆုံး အခြေခံဥပဒေလို့ ပညာရှင်တွေက ထောက်ပြကြတဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး အလားအလာနဲ့ပတ်သက်လို့ ဦးရဲထွဋ်က ဖွဲ့စည်း ပုံပြင်ချင်ရင်တော့ နိုင်ငံရေး သဘောတူညီချက်ရအောင် လုပ်ဆောင်မှရမယ်လို့ ဖြေကြားခဲ့ ပါတယ်။ သူက “အခက်ဆုံးလို့တော့ ပြောလို့မရဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ခင်ဗျား အမေရိကန်မှာရှိတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်တဲ့နည်းလမ်းကလည်း ခက်တာပဲလေ။ ပြည်နယ်တွေ၊ ပြည်နယ်လွှတ်တော်တွေမှာ မဲလိုက်ခွဲပြီးတော့မှ ပြည်နယ်အားလုံးရဲ့ ၃ ပုံ ၊ ၂ ပုံက သဘောတူမှ ပြင်လို့ရတာ။ အဲဒီတော့ အခက်ဆုံးလို့တော့ ပြောလို့မရဘူးပေါ့နော်။ သို့သော် ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ကျနော်တို့ ၄၇ ခုနှစ် ဖွဲ့အစည်းပုံအခြေခံဥပဒေရဲ့ သင်္ခန်းစာအပေါ်မှာ မူတည်ပြီးတော့မှ လွှတ်တော်ထဲမှာ အများစုရတဲ့ ပါတီတခုထဲရဲ့ သဘောနဲ့ ပြင်လို့မရအောင် လုပ်ထားတာပေါ့။ အဲဒီတော့ ပြင်ချင်တယ်ဆိုရင်တော့ နိုင်ငံရေးမှာ ပါဝင်ပတ်သက်တဲ့သူတွေ အားလုံးကြားမှာ သဘောတူညီချက် တခုရအောင် လုပ်ရမှာပေါ့လေ။ တကယ်တော့ ဒါကလည်း နိုင်ငံရေးရဲ့ အနှစ်သာရပဲလေ။" ၂၀၀၈ ဖွဲ့စည်းပုံအရ ပုဒ်မ ၅၉ (စ) လို ပုဒ်မတွေကို ပြင်ဆင်ဖို့အတွက် လွှတ်တော်မှာ ၇၅ ရာခိုင်နှုန်းကျော် ကိုယ်စားလှယ်တွေထောက်ခံမှု ရယူမှာဖြစ်သလို လူထုဆန္ဒခံယူပွဲမှာ မဲပေးပိုင်ခွင့်ရှိသူတိုင်းရဲ့ ထက်ဝက်ကျော်ထောက်ခံမဲရဖို့ လိုအပ်တာကြောင့် တပ်မတော်သား ၂၅ ရာခိုင်နှုန်း အလိုအလျောက်နေရာယူထားတဲ့ လွှတ်တော်တွင်းမှာ တပ်မတော်က မပါဘဲ ပြင်ဆင်နိုင်ရေး မဖြစ်နိုင်ဘူးလို့ ထောက်ပြနေကြတာပါ။ ဒေါ်အောင်စုကြည်ဟာ မြန်မာ့နိုင်ငံရေးပြဿ နာတွေကို အကြမ်းမဖက်နည်းနဲ့ တွေ့ဆုံဆွေးနွေးအဖြေရှာဖို့ နှစ်ပေါင်း. ၂၀ ကျော် တောက်လျောက်တောင်းဆိုခဲ့သူဖြစ်ပြီး မြန်မာနိုင်ငံမှာ ထောက်ခံမှုအများဆုံးရရှိထားတဲ့ နိုင်ငံရေးခေါင်းဆောင်တယောက်ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာရွေးကောက်ပွဲအပြီးမှာတော့ သမ္မတ၊ လွှတ်တော်နာယက၊ ကာကွယ်ရေးဦးစီးချုပ်တို့နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ဒါ့အပြင် စစ်ကောင်စီခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်မှူးကြီး (အငြိမ်းစား) ဦးသန်းရွှေနဲ့ပါ ၂ နာရီကြာ တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက်မှာတော့ အနာဂတ်မြန်မာနိုင်ငံရဲ့ ခေါင်းဆောင်ဖြစ်ရမယ်လို့ ဦးသန်းရွှေက ပူးတွဲကြေညာချက်မှာ ပြောကြားခဲ့ပါတယ်။ ရွေးကောက်ပွဲရလဒ်အရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လွှတ်တော် ၂ ရပ်စလုံးမှာ ကိုယ်စားလှယ်အများစုနဲ့ ဦးဆောင်နေပြီး အစိုးရအဖွဲ့ဖွဲ့စည်းရေးအတွက် ဒုသမ္မတ ရွေးချယ်ကြမယ့်ရက်ကို လာမယ့် မတ်လ ၁၇ ရက်နေ့ကို ချိန်းဆိုထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up