ဂျပန်နိုင်ငံမှ ယုကိုအော့တဂါ အမည်ရ အမျိုးသမီးတဦးဟာ ဆယ်ကျော်သက် သမီးငယ်ကို အလှမွေးရွှေငါးကောင်ရေ ၃၀ ကျော် စားစေပြီး ပြစ်ဒဏ်ပေးခဲ့တဲ့အတွက် ကလေးသူငယ် ညှဉ်းပန်းနှိပ်စက်မှုနဲ့ ပြစ်ဒဏ်ကျခံရဖွယ်ရှိတယ်လို့ ဒေသတွင်း သတင်းမီဒီယာတွေနဲ့ ရဲတွေက စွပ်စွဲပြောဆိုပါတယ်။
သူနဲ့ အတူနေချစ်သူ တာကာရှီအက်ဂမီတို့ဟာ ဂျပန်နိုင်ငံ အနောက်တောင်ပိုင်း ဖူကူအိုကာဒေသမှာ နေထိုင်ကြတာဖြစ်ပြီး အိမ်ရှိ အလှမွေးငါးကန်ထဲကို ကြေး(ဂျီး)ချွတ်ဆေး ထည့်သတ်ခဲ့ပြီးနောက် ဆယ်ကျော်သက်သမီးငယ်ကို တကောင်ချင်း စားစေခဲ့တာလို့ နိပွန်ရုပ်မြင်သံကြားသတင်းမှာ ဖော်ပြပါတယ်။
ဂျပန်နိုင်ငံဟာ လက်ရှိအချိန်မှာ ကလေးသူငယ် ညှဉ်းပန်းနှိပ်စက်မှုဆိုင်ရာ ပြဿ နာတွေနဲ့ ရင်ဆိုင်နေရတာပါ။
ဒေသတွင်း သတင်းမီဒီယာတွေရဲ့ အဆိုအရ အဲဒီ ဆယ်ကျော်သက်ကလေးငယ်ရဲ့ ကျန်းမာရေးအခြေအနေဟာ ထိခိုက်မှုမရှိဘူးလို့ ပြောပါတယ်။
သူတို့ဟာ ပြီးခဲ့တဲ့နှစ်ကလည်း သမီးငယ်ကို အိပ်ယာပေါ်မှာ ကြိုးတုပ်ပြီး ဆေးလိပ်မီးနဲ့ လျှာကိုထိုးတာမျိုး၊ မျက်နှာကို ထိုးနှက်တာမျိုးတွေ ပြုပြီး နှိပ်စက်ခဲ့သေးတယ်လို့ အေအက်ဖ်ပီ သတင်းတပုဒ်မှာ ဖော်ပြပါတယ်။
ခုနောက်ဆုံး ဖမ်းဆီးရတာဟာ ငါးကြိမ်မြောက်ဖြစ်ပြီး နိုင်ငံတွင်း ထိတ်လန့်စရာတခု ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့လတုန်းကလည်း သုံးနှစ်အရွယ် သမီးငယ်ကို ရေနွေးနဲ့ပက်ခဲ့လို့ မျက်နှာတခုလုံး လောင်ကျွမ်းသေဆုံးခဲ့တဲ့ဖြစ်ရပ် ဖြစ်ခဲ့ပါသေးတယ်။
ဂျပန်နိုင်ငံ၊ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်တွေအရ ၂၀၁၅ ခုနှစ်၊ မတ်လကုန်ချိန်ထိ ဂျပန်ကလေးသူငယ် ကာကွယ်ရေးဌာနတွေကတဆင့် ဖော်ထုတ်နိုင်ခဲ့တဲ့ ညှဉ်းပန်းနှိပ်စက်တဲ့ မှတ်တမ်း ၈၉၀၀၀ ရှိခဲ့တယ်လို့ ဆိုပါတယ်။